ဇင်ဘာဘွေနိုင်ငံတွင် ဖြတ်ငါးဖြတ်နှင့် ကြုံတွေ့နေရသည်။ အလုပ်အကိုင်၊ ဝင်ငွေ၊ ရေရရှိမှု၊ ဘဏ္ဍာရေးနှင့် လျှပ်စစ်မီး စသည်တို့များ ဖြတ်တောက်ခြင်း ခံနေရသည်။ ထိုမျှမက ဇင်ဘာဘွေ ပြည်သူများသည် လူဦးရေ ဖြတ်တောက်မှုကိုပါ ခံနေရသည်။ သဘောကတော့ တိုင်းပြည်တွင် စီးပွားရေး အကျပ်အတည်း ကြုံတွေ့နေရသဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်ပြီး အလုပ်အကိုင် လုပ်နေကြရသည်။ မကြုံဖူးသည့် စီးပွားရေး ပြိုကျမှု ဒဏ်ကို နိုင်ငံအနေဖြင့် ရင်ဆိုင်ရတော့မည့် အနေအထားဖြစ်သည်။
နိုင်ငံ၏ အဓိက ထွက်ကုန်ဖြစ်သည့် ဆေးရွက်ကြီး လုပ်ငန်းမှနေ၍ ဝင်ငွေများမှာ လျော့ကျသွားခဲ့သည်။ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့မှ ခန့်မှန်းချက်အရ ဇင်ဘာဘွေ နိုင်ငံသည် ယခုနှစ်တွင် ၁ ဒသမ ၅ ရာခိုင်နှုန်း တိုးမြှင့်လိမ့်မည်ဟု ခန့်မှန်းချက်သည် အကောင်းမြင်မှု တစ်ရပ်သာဖြစ်ပြီး လက်တွေ့နှင့် များစွာ ကွာခြားနေပြီ ဖြစ်သည်။ ဇင်ဘာဘွေ နိုင်ငံတွင် ပြောင်းဆန် အထွက်နှုန်းမှာလည်း မိုးခေါင်ရေရှားမှုကြောင့် လျော့နည်းနေသည်။ ဇင်ဘာဘွေနိုင်ငံရှိ ပြည်သူ ၁ ဒသမ ၅ သန်း သည် အစာရေစာ ငတ်မွတ်ခေါင်းပါးနေကြ သည်။ ဟာရာရီမြို့ရှိ နေရာ အတော်များများတွင် တစ်နေ့လျှင် ၁၈ နာရီမျှ မီးပြတ်တောက်ခံရသဖြင့် အလုပ်သမား အများအပြားမှာ လုပ်ငန်းခွင်မှ ထွက်ခွာနေကြရသည်။
စီးပွားရေး အကျပ်အတည်း ဆိုသည်မှာ ဇင်ဘာဘွေနိုင်ငံအတွက် မထူးဆန်းလှပေ။ ၂၀၀၈ ခုနှစ်တွင် ငွေကြေး ဖောင်းပွမှုနှုန်း အလွန် မြင့်တက်ခဲ့သေးသည်။ အစိုးရက ဇင်ဘာဘွေနိုင်ငံသုံး ဒိုင်ယာငွေအစား ဒေါ်လာကို အသုံးပြုရန် ကြိုးပမ်းခဲ့ဖူးသည်။ နိုင်ငံကို ၃၅ နှစ်ကြာမျှ အုပ်ချုပ်ခဲ့သော မူဂါဘီ၏ လက်ထက်တွင် နိုင်ငံ့စီးပွားရေးမှာ ချွတ်ခြုံကျခဲ့သည်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်မှသာလျှင် စီးပွားရေး အကျပ်အတည်းသည် ကွယ်ပျောက်သွားမည် ဖြစ်သော်လည်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုမှာ ဖြစ်ပေါ်လာခြင်း မရှိသေးပေ။
မူဂါဘီသည် နိုင်ငံ၏ စီးပွားရေးကို တိုးတက် ကောင်းမွန်စေရန် မဆောင်နိုင်သော်လည်း သူ၏ ယှဉ်ပြိုင်ဘက် နိုင်ငံရေးသမားကိုမူ ချေမှုန်းရာ၌ သူမတူအောင် ထူးချွန်လှသည်။ ဒီမိုကရက်တစ် ပြောင်းလဲရေး လှုပ်ရှားမှု ပါတီသည် အဓိက အတိုက်အခံ နိုင်ငံရေးပါတီဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်တွင် အတိုက်အခံ ပါတီသည် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း မူဂါဘီက အနိုင်ရရှိသည့် ပါတီကို အစိုးရအဖွဲ့ မဖွဲ့နိုင်အောင် နည်းပေါင်းစုံဖြင့် ညစ်ပတ်ခဲ့သည်။
အနောက်နိုင်ငံများက ရွေးကောက်ပွဲတွင် အနိုင်ရသည့် အတိုက်အခံ ပါတီကို အာဏာလွှဲပြောင်းခြင်း မပြုသည့်အတွက် မူဂါဘီနှင့် ရင်းနှီးသော အဝန်းအဝိုင်းတို့ကို စီးပွားရေး ပိတ်ဆု့ိမှုတွေ ပြုလုပ်ခဲ့သည်။ မူဂါဘီသည် ဇာနူးပီအက်ဖ်ပါတီက ရွေးကောက်ပွဲတွင် မသမာမှုများ ပြုလုပ်မှုနှင့် အကြမ်းဖက်မှုများ ပြုလုပ်မှုကြောင့် နိုင်ငံတကာက စီးပွားရေး ထောက်ပံ့ပေးမှုများကိုလည်း ရပ်တန့်ခဲ့သည်။
အာဏာကို ချုပ်ကိုင်ထားသည့် မူဂါဘီသည် လက်ရှိအချိန်မှာတော့ ဇာနူးပါတီမှ ပါတီဝင်များ၏ ဆန့်ကျင်မှုများကို ခံနေရသည်။ မူဂါဘီ၏ စီးပွားရေး မူဝါဒအရဆိုလျှင် နိုင်ငံ၏ အဓိက စီးပွားရေး လုပ်ငန်းများကို လူမည်းဇင်ဘာဘွေများကသာ လုပ်ကိုင်ခွင့် ရရှိနေခြင်းကို ဆန့်ကျင်လာကြခြင်းဖြစ်သည်။ မူဂါဘီသည် ယှဉ်ပြိုင်ဘက် မှန်သမျှကို ရက်ရက်စက်စက် ချေမှုန်းနိုင်ခဲ့သော်လည်း ၎င်း၏ အရိုက်အရာကို ဆက်ခံနိုင်မည့်သူ ရှာဖွေနိုင်ခြင်း မရှိသေးပေ။ ဒုသမ္မတ အီမာဆင်အမ် နန်ဂါဝါက ၎င်းနေရာကို ဆက်ခံဖွယ်ရှိသော်လည်း လက်တွေ့တွင်မူ ဆက်ခံနိုင်ဖို့ မလွယ်သေးပေ။ အကြောင်းကတော့ ဇာနူးပါတီ အတွင်းတွင် အာဏာတိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ဖြစ်သည်။ ဇာနူးပါတီသည် မြွေပွေးများရှိနေသော အသိုက်အမြုံ တစ်ခုနှင့် တူနေသည်။
အာဏာရှင် မူဂါဘီသည် အင်အားချည့်နဲ့ မှု ကြုံတွေ့ရမည်မှာ မလွဲပေ။ သူ့စိတ်ထဲတွင် အာဏာချုပ် ကိုင်နိုင်မှုနှင့် လျော့နည်းလာခြင်းကို ပါလီမန်တွင် ပြောကြားသည့် မိန့်ခွန်းတွင် ပါရှိခဲ့ဖူးသည်။ နိုင်ငံတွင်း စီးပွားရေး ကျပ်တည်းနေမှုကြောင့် ပြည်ပသို့ ထွက်ခွာပြီး အလုပ်လုပ်နေရသူများမှာ သုံးသန်းခန့် ရှိနေသည်။ ၎င်းတို့သည် တောင်အာဖရိကတိုက်တွင် သွားရောက် အလုပ်လုပ်နေကြ သည်။ ၎င်းတို့သည် လုပ်ခငွေကို အာဖရိက ငွေကြေးဖြစ်သော ရန်းဖြစ်သည်။ ဒေါ်လာနှင့် လဲလှယ်ရာတွင် ရန်းငွေမှာ ၁၅ ရာခိုင်နှုန်း လျော့ကျနေသဖြင့် နိုင်ငံခြားတွင် သွားရောက် လုပ်ကိုင်နေသူများမှာ တွက်ခြေမကိုက်ဘဲ ဖြစ်နေသည်။ ပြည်သူများ၏ အထွေထွေ ဒုက္ခကို မစဉ်းစားဘဲ မူဂါဘီသည် မိမိအာဏာ ချုပ်ကိုင်နေခြင်းကိုသာလျှင် ကြိုးပမ်းနေသည်။
စီးပွားရေး အကျပ်အတည်းကို ဖြေရှင်းရန်အတွက် ဇင်ဘာဘွေ အစိုးရအနေဖြင့် ပြည်ပမှ ချေးငွေများလည်း မရရှိ။ ပြည်တွင်း၌လည်း ငွေစက္ကူများကို ရိုက်ထုတ်၍လည်း မဖြစ်တော့ပေ။ နိုင်ငံတစ်နိုင်ငံ အနေဖြင့် အခြားနိုင်ငံမှ ငွေကြေးကို တရားဝင်သုံးစွဲဖို့ ဆိုသည်ကလည်း အခက်အခဲတွေ များစွာဖြစ်နေသည်။ ပြည်ပသို့ ရောင်းချရသည့် ပြောင်းဆန်များကို ဒေါ်လာဖြင့် ရောင်းချရသဖြင့် ဒေါ်လာငွေ ရရှိသည်မှန်သော်လည်း အစိုးရအနေဖြင့် စစ်သားများနှင့် ရဲသားဝင်များ လစာငွေပေးချေရာတွင် ဒေါ်လာဖြင့် ပေးချေဖို့ ဆိုသည်မှာ မဖြစ်နိုင်ပေ။ ဇင်ဘာဘွေနိုင်ငံတွင် စစ်သားနှင့် ရဲသားများမှာ ဇာနူးပါတီ၏ လက်ကိုင်တုတ်များ ဖြစ်နေကြသည်။
ဇင်ဘာဘွေနိုင်ငံရှိ ပုဂ္ဂိုလ်နိုင်ငံများမှာလည်း ငွေတန်ဖိုးကျဆင်းမှုနှင့် ငွေကြေး လည်ပတ်မှုများ ပုံမှန်မရှိမှုကြောင့် စီးပွားရေးလုပ်ရာတွင် အခက်အခဲများ ကြုံတွေ့နေရသည်။ စားသောက်ကုန် ဈေးနှုန်းများ မြင့်တက်နေမှုကို ပြည်သူများ အားလုံး ခံနေကြရသည်။ ပုဂ္ဂိုလ်များမှ ဝန်ထမ်းများမှာလည်း ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ခံနေရသည်။ စီးပွားရေး လုပ်ငန်းရှင်များမှာလည်း စီးပွားရေး ကျဆင်းနေသဖြင့် အလုပ်သမားများကို လျော့ကျမှုများ ပြုလုပ်ခြင်းဖြင့် အရှုံးဒဏ်မှ သက်သာအောင် လုပ်ဆောင်နေကြသည်။ တချို့ ကုမ္ပဏီများကတော့ အလုပ်သမားများ၏ လစာများကို လျှော့ချပစ်ခဲ့ကြသည်။ အီကိုနက်အမည်ရှိ ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဆိုလျှင် ဝန်ထမ်းများ၏ လစာငွေကို ၃၅ ရာခိုင်နှုန်း လျှော့ချခဲ့ပြီး ပြိုင်ဘက် တဲလ်ဝမ်း ကုမ္ပဏီကဆိုလျှင် လစာငွေကို ၁၅ ရာခိုင်နှုန်း လျှော့ချခဲ့သည်။
ဇင်ဘာဘွေနိုင်ငံရှိ မူဂါဘီ၏ သူလျှို အေဂျင်စီဆိုလျှင်လည်း လစာငွေများကို မပေးနိုင်သည်အထိ ကြုံတွေ့နေရသည်။ ဤဖြစ်စဉ်များသည် မူဂါဘီ၏ ပါဝါလျော့နည်းမှုကို သက်သေပြလျက်ရှိနေသည်။ သို့ဖြစ်၍ မူဂါဘီအနေဖြင့် သစ္စာစောင့်သိသူ တစ်ဦးကို မိမိနေရာ ဆက်ခံဖို့ရန် ရွေးချယ်ရန် ခက်နေသည်ဖြစ်သည်။ မူဂါဘီကို သစ္စာစောင့်သိပြီး သူ့သြဇာနာခံဖို့ ဆိုသည်မှာ ခက်ခဲနေပြီဖြစ်ကြောင်း သူလျှိုအဖွဲ့အစည်းမှ ပုဂ္ဂိလ်တစ်ဦးက ထုတ်ဖော် ပြောကြားခဲ့သည်။
ဇင်ဘာဘွေနိုင်ငံတွင် သန်းပေါင်းများစွာသော ပြည်သူများသည် အစားအစာ ငတ်မွတ်မှုနှင့်အတူ ဘ၀ မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် နေထိုင်လျက်ရှိကြသည်။










