တောင်ငူမြို့ နဂါးမောက် ကျေးရွာအုပ်စုမှ ဒေသခံများ စိုက်ပျိုး လုပ်ကိုင်လျက်ရှိသည့် စိုက်ပျိုးမြေများအတွင်း ကောင်းမြန်မာအောင် ကုမ္ပဏီက အုပ်စုလိုက် ဝင်ရောက် စိုက်ပျိုးလုပ်ကိုင်ခြင်းများ မကြာခဏ ပြုလုပ်လျက် ရှိနေပြီး ဒေသခံများ နေထိုင် လုပ်ကိုင် စားသောက်ရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။
“ကျွန်တော်တို့ ခြံစည်းရိုး ကာတဲ့ကိစ္စ ဖြစ်ပြီးကတည်းက ကုမ္ပဏီဘက်ကရော၊ ကျွန်တော်တို့ ဘက်ကရော ဒီမြေထဲမှာ စိုက်ဖို့လုပ်တာ ရပ်ထားဖို့၊ ဥပဒေအတိုင်း ဖြေရှင်း ကြဖို့ပြောထားတာ။ သူတို့ဘက်က နားမှ မနားတာ။ ကျွန်းတွေ ပြန်စိုက်တယ်။ ပေါင်း ပြန်ခုတ်တယ်။ သေတဲ့ အပင်တွေ ပြန်ဖာတယ်။ လုပ်နေတာပဲ။ ကျွန်တော်တို့ စိုက်ထားတဲ့ စိုက်ခင်းတွေ ကြားထဲလည်း ကျွန်းပင်တွေ အတင်း ဝင် စိုက်ကြတာပဲ။ ကျွန်တော်တို့မှာ အင်အားလည်း မရှိဘူး။ သူတို့လာရင် ဒီအတိုင်းပဲ ကြည့်နေရတာ။ သူတို့က တစ်ခါလာရင် အလုပ်သမား ၁၀ ယောက်ကနေ ၂၀ လောက်အထိ လာကြတယ်” ဟု ထုံးဘိုကျေးရွာမှ မြေသိမ်းခံ တောင်သူ ဦးကျော်ငွေက ပြောကြားသည်။
စီဘီဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေး ပိုင်ဆိုင်သည့် ကောင်းမြန်မာအောင် ကုမ္ပဏီမှ တောင်ငူမြို့နယ် နဂါးမောက် ကျေးရွာအုပ်စုရှိ မြေဧက ၂၄၀၀ အား လုပ်ပိုင်ခွင့် ရယူပြီး လုပ်ကိုင်ခဲ့သော်လည်း ဒေသခံများက သဘော မတူသောကြောင့် ဒေသခံ အင်အား ၆၀ ခန့်က ပြီးခဲ့သည့် ဇူလိုင် ၉ ရက်က ၎င်းတို့ပိုင်ဆိုင်သည့် မြေများ ဖြစ်ကြောင်း ခြံစည်းရိုးခတ် ပိုင်ဆိုင်မှု ပြုလုပ်ခဲ့ကြသည်။ ထိုသို့ ခြံစည်းရိုးခတ် ပိုင်ဆိုင်မှုများ ပြုလုပ်ခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် တောင်ငူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ တောင်ငူမြို့နယ် အုပ်ချုပ်ရေး အာဏာ ပိုင်များအပါအဝင် မြေစာရင်း ဦးစီးဌာန၊ ကောင်းမြန်မာအောင် ကုမ္ပဏီအဖွဲ့တို့နှင့် တွေ့ဆုံ ညှိနှိုင်းခဲ့ရာ ကောင်းမြန်မာအောင် ကုမ္ပဏီနှင့် နဂါးမောက် ကျေးရွာအုပ်စု ဒေသခံများ အကြား နှစ်ဖက် သဘောတူ ပြေလည်မှု မရရှိသောကြောင့် ဒေသခံနှင့် ကုမ္ပဏီ အကြား ဆက်လက်၍ ပြဿနာများ မဖြစ်ပွားစေရန် မြေယာ လုပ်ကိုင်မှုများအား ရပ်ဆိုင်းထားရန် သဘောတူခဲ့ကြောင်းနှင့် သက်ဆိုင်ရာ မြေစာရင်း ဦးစီးဌာနများမှ မြေယာ တိုင်းထွာမှုများ ပြုလုပ်ကာ ပြန်လည် စိစစ်ရန် သဘော တူညီမှုများ ပြုလုပ်ခဲ့ကြကြောင်း ခြံစည်းရိုးခတ် ပိုင် ဆိုင်မှု ပြုလုပ်ရာတွင် ဦးဆောင် ကူညီပေးသည့် အလုပ်သမား သမဂ္ဂများ လွတ်လပ်ရေး အထွေထွေ တာဝန်ခံ လေဘာ မြင့်စိုးက ပြောကြားသည်။
“ကုမ္ပဏီက ကျွန်တော်တို့ မြေတွေကို မကြာခဏ ဝင်လုပ်တယ်။ စနေ၊ တနင်္ဂနွေရက် တွေလောက်ပဲ နားတယ်။ ကျွန်တော်တို့မှာ ဆောင်းရာသီအတွက် စိုက်ပျိုး လုပ်ကိုင် စားသောက်ဖို့ အခက်အခဲ ဖြစ်နေတယ်။ ကျွန်တော်တို့ ခြံစည်းရိုးခတ်လို့ မြို့နယ် အုပ်ချုပ်ရေးရုံးမှာ ခေါ်တွေ့တုန်းက မြို့နယ် အုပ်ချုပ်ရေးဘက်က ဖြေရှင်းပေးမယ် ပြောခဲ့တယ်။ အခုအချိန်အထိ ဘာမှ ဖြေရှင်းပေးတာ မရှိသေးဘူး။ ကျွန်တော်တို့မှာ အခုလို ပြဿနာတွေ ဖြစ်နေတာ ဘယ်သူ့ကို အကူအညီ တောင်းရမှန်း မသိတော့ဘူး။ အမြဲတမ်း စိတ်ဆင်းရဲ နေရတယ်။ ဘိုးစဉ် ဘောင်ဆက် လုပ်စားလာတဲ့ မြေကို သူတို့ ကုမ္ပဏီတွေ ဝင်လာမှ တရားစွဲခံနေရတယ်။ ကိုယ့်ဒေသ၊ ကိုယ့်နေရာမှာ အေးအေး ချမ်းချမ်း လုပ်ကိုင် စားသောက်လို့ မရတဲ့ ဘဝရောက်နေရတယ်။ ဒါတွေကို အမြန်ဆုံး ဖြေရှင်းပေး စေချင်ပါတယ်” ဟု မိသားစုလိုက် မြေဧက ၁၀၀ နီးပါး အသိမ်းခံရပြီး ထုံးဘိုနယ် မြေရဲစခန်းမှ မြေလွတ် မြေလပ်နှင့် မြေရိုင်းဥပဒေများဖြင့် အမှုဖွင့် အရေးယူ ခံထားရသူ ကိုစောခါဖောက ပြောကြားသည်။
ကောင်းမြန်မာအောင် ကုမ္ပဏီက တောင်ငူမြို့ နဂါးမောက် ကျေးရွာအုပ်စုရှိ စိုက်ပျိုးမြေများအတွင်း မကြာခဏ ဝင်ရောက် လုပ်ကိုင်ခြင်းများ ရှိနေပြီး ဒေသခံများ နေထိုင် လုပ်ကိုင် စားသောက်ရန် အခက်အခဲဖြစ်နေဟု ဆို















