သီလဝါ အထူးစီးပွားရေးဇုန် Zone A ၏ အပိုင်း(က) ၂၁၁ ဟက်တာ ဖွင့်ပွဲနှင့်အတူ Zone B တွင်ရှိသော ဟက်တာ ၅၀၀ ကျော်အား ဆက်လက် အကောင်အထည်ဖော်ရန် MoU ရေးထိုး

သီလဝါ အထူးစီးပွားရေးဇုန် Zone A ၏ အပိုင်း(က) ၂၁၁ ဟက်တာ ဖွင့်ပွဲနှင့်အတူ Zone B တွင်ရှိသော ဟက်တာ ၅၀၀ ကျော်အား ဆက်လက် အကောင်အထည်ဖော်ရန် MoU ရေးထိုး
Published 23 September 2015
အငယ်ထွေး၊ နီလာ

ရန်ကုန်တိုင်းဒေသကြီးအနီး အကောင်အထည် ဖော်နေသည့် သီလဝါ အထူးစီးပွားရေးဇုန် Zone A ၏ အပိုင်း (က) ၂၁၁ ဟက်တာဖွင့်ပွဲနှင့်အတူ Zone B တွင်ရှိသော ဟက်တာ ၅၀၀ ကျော်အား ဆက်လက် အကောင်အထည်ဖော်ရန် စက်တင်ဘာ ၂၃ ရက်တွင် သီလဝါ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်နေသည့် Administration Building တွင် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကြကြောင်း သတင်းရရှိသည်။သီလဝါ အထူးစီးပွားရေးဇုန် Zone A ၏ အပိုင်း (က)တွင် ၂၁၁ ဟက်တာ၊ အပိုင်း (ခ)တွင် ဟက်တာ ၁၅၀ ပါဝင်ကာ လူနေအိမ်နှင့် ဈေးဝယ်စင်တာများအတွက် ၃၅ ဟက်တာ ထားရှိကြောင်း သိရသည်။အဆိုပါ Zone A ၏ အပိုင်း(က) တည်ဆောက်မှုကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာတွင် စတင်ခဲ့ပြီး ယခု ၂၀၁၅ ခုနှစ် သြဂုတ်တွင် ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း၊ အပိုင်း(ခ)ကိုမူ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် အောက်တိုဘာတွင် စတင်ခဲ့ပြီး တစ်ဝက်တစ်ပျက် ပြီးဆုံးနေပြီဖြစ်ကြောင်း သိရသည်။Zone A တွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံပေါင်း ၁၃ နိုင်ငံက ရင်းနှီးမြှုပ်နှံရန် ရှိနေပြီး စုစုပေါင်း ကုမ္ပဏီ ၄၈ ခုဖြစ်ကြောင်း၊ ယင်းအနက်မှ ကုမ္ပဏီ ၄၁ ခုမှာ ရင်းနှီးမြှုပ်နှံခွင့်လိုင်စင် ရရှိထားပြီဖြစ်ကြောင်း၊ အဆိုပါ ကုမ္ပဏီ ၄၈ ခုတွင် ဂျပန်နိုင်ငံမှ ၂၃ ခု ပါဝင်နေကြောင်း၊ ထို့အတူ မြန်မာနိုင်ငံမှ လေးခု၊ ထိုင်းနိုင်ငံမှ လေးခု၊ ထိုင်ဝမ်မှ လေးခု၊ စင်ကာပူနိုင်ငံမှ သုံးခု၊ မလေးရှားနိုင်ငံမှ သုံးခု ပါဝင်နေပြီး ကျန်သည့် သြစတြေးလျ၊ တရုတ်၊ ဟောင်ကောင်၊ ဆွီဒင်၊ အမေရိကန်၊ ကိုရီးယားနှင့် ဗီယက်နမ်နိုင်ငံများမှာ ကုမ္ပဏီတစ်ခုစီ မြေစမ်းခရမ်းပျိုး အနေဖြင့် ဝင်ရောက်နေကြပြီဖြစ်ကြောင်း သိရသည်။အဆိုပါ ၁၃ နိုင်ငံမှ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများမှလည်း တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်နေပြီဖြစ်ကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်း၊ အထည်ချုပ် လုပ်ငန်းများ၊ အလူမီနီယံပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများ၊ ပလတ်စတစ်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများ၊ သတ္တုပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများ၊ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းသုံးပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း၊ အင်တာနက်ဝန်ဆောင်မှု လုပ်ငန်း၊ ကားလုပ်ငန်း၊ ဆေးဝါးလုပ်ငန်း စသဖြင့် လုပ်ငန်းများ လုပ်ကိုင်ကြမည်ဖြစ်ကြောင်း သိရသည်။သီလဝါ အထူးစီးပွားရေးဇုန်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၃၀ ကျော် ခွင့်ပြုပေးထားပြီး နိုင်ငံတကာမှ တန်ဖိုး ဒေါ်လာ သန်း ၄၀၀ ကျော် မြှုပ်နှံထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။          

Most Read

Most Recent