သြဂုတ် ၂၆ ရက်တွင် ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာလျှင် ကျပ် ၃၄၆၀ ဖြင့် ဒေါ်လာ ၃၅ သန်းကျော် ထုတ်ရောင်းခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအား ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးရန် စီစဉ်ထားကြောင်း သြဂုတ် ၁၄ ရက်က ထုတ်ပြန်ခဲ့သည်။ ယင်းနောက် သြဂုတ် ၁၅ ရက်က တစ်ဒေါ်လာလျှင် ကျပ် ၃၄၀၀ နှုန်းဖြင့် ဒေါ်လာ ၉သန်းကျော် (၉၄၉၈၆၀၇ ဒသမ ၂၄) ထုတ်ရောင်းခဲ့သည်။
သြဂုတ် ၁၉ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၃၄၁၀ နှုန်းဖြင့် သန်း ၉၀ နီးပါး (၈၉၉၇၅၃၅၀ ဒသမ ၇၆)ဖြင့် နှစ်ရက်အတွင်း ဒေါ်လာ ၉၉ သန်းကျော် (၉၉၄၇၃၉၅၈)ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ သြဂုတ် ၂၂ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၃၄၄၀ ဖြင့် ဒေါ်လာ ၃၁ သန်း ထုတ်ရောင်းခဲ့သည်။
ဗဟိုဘဏ်အနေဖြင့် တစ်ပတ်အတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် အခြားအရေးကြီးကုန်စည်များအတွက် FX Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၆ သန်း၊ တရုတ်ယွမ် ၅ သန်းနှင့် ထိုင်းဘတ် ၁၀ သန်း တို့အား ရောင်းချပေးခဲ့ကြောင်း သြဂုတ် ၉ ရက်က ထုတ်ပြန်ထားသည်။
သြဂုတ် ၂ ရက်ထုတ်ပြန်ချက်အရ စက်သုံးဆီကဏ္ဍ၊ စားသုံးဆီကဏ္ဍနှင့် ဆေးဝါးကဏ္ဍများအတွက် FX Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၅ သန်းနှင့် တရုတ်ယွမ် ၅ သန်း ရောင်းချခဲ့သည်။
နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များအနေဖြင့် ၂၀၂၄ ခုနှစ် သြဂုတ် ၁ ရက်တွင် နိုင်ငံခြားငွေကြေးစျေးကွက်တွင် စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများ၊ ဆေးဝါးနှင့် ဆေးဝါးနှင့်ဆက်စပ်သောပစ္စည်းများ တင်သွင်းသည့်ကုမ္ပဏီများနှင့် ဓာတ်မြေသြဇာတင်သွင်းသည့်ကုမ္ပဏီများသို့ FX Trading Platform မှတစ်ဆင့် ထိုင်းဘတ် ၆၉ သန်းနှင့် တရုတ်ယွမ် ၉ သန်းတို့အား ရောင်းချခဲ့သည်။