ကျောင်းသားများနှင့် ဝန်းရံပြည်သူများ၏ အမှုပြင်ဆင်ချက်များ၊ အယူခံများ ဆောင်ရွက်ရန်ကြိုးစားရာတွင် ကန့်သတ်မှုများ ကြုံနေရ

ကျောင်းသားများနှင့် ဝန်းရံပြည်သူများ၏ အမှုပြင်ဆင်ချက်များ၊ အယူခံများ ဆောင်ရွက်ရန်ကြိုးစားရာတွင် ကန့်သတ်မှုများ ကြုံနေရ
Published 23 September 2015
ဉာဏ်ဝင်းရှိန်

ကျောင်းသားများနှင့် ဝန်းရံပြည်သူများ၏ အမှုပြင်ဆင်ချက်များ၊ အယူခံများ ဆောင်ရွက်ရန်ကြိုးစားရာတွင် ကန့်သတ်မှုများ ကြုံနေရကြောင်း ဦးရောဘတ်စန်းအောင်နှင့် မဖြိုးဖြိုးအောင်တို့ ပြောကြား
ဖမ်းဆီးခံကျောင်းသားများနှင့် ဝန်းရံပြည်သူများကို စက်တင်ဘာ ၂၂  ရက်က ၁၈ ကြိမ်မြောက် ရုံးချိန်းအဖြစ် သာယာဝတီမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ရာ ထိုနေ့ရုံးချိန်းတွင် သက်သေခံပစ္စည်းအဖြစ် တင်သွင်းထားသည့် မော်တော်ကားအာမခံ ရရှိရေးအတွက် တိုင်းဒေသကြီးတရားလွှတ်တော်သို့ ပြင်ဆင်ချက်တင်သွင်းရာတွင် အမှုတွဲပါသွားသဖြင့် တစ်စုံတစ်ရာ စစ်ဆေးနိုင်ခြင်းမရှိဘဲ  စက်တင်ဘာ ၂၉ ရက်သို့ တရားသူကြီးက ရုံးချိန်းပြန်လည်ခေါ်ယူခဲ့သည်။
 
ထို့ပြင် လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူး နှင့်စခန်းမှူးတို့အား တရားပြန်လည်စွဲဆိုရန် လျှောက်ထားမှု ပယ်ချခဲ့ရသည့်အတွက် အယူခံတင်သွင်းရန် ကိုယ်စားလှယ်လွှဲစာကို အကျဉ်းထောင်တာဝန်ရှိသူက တစ်လကျော်ကြာပြီးမှ လက်မှတ်ရေးထိုးပေးသဖြင့် အချိန်မီ ပြစ်မှုပြင်ဆင်ချက် တက်ရောက်နိုင်ခြင်းမရှိသည့်အတွက် ကျောင်းသားများအနေဖြင့် နစ်နာကြောင်းနှင့် ကျောင်းသားများနှင့်ဝန်းရံပြည်သူများ၏ အမှုပြင်ဆင်ချက်များ၊ အယူခံများ ဆောင်ရွက်ရန်ကြိုးစားရာတွင် ကန့်သတ်မှုများ ကြုံတွေ့နေရကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောကြားသည်။
 
၎င်းက“ဒီအမှုက ရှုပ်ထွေးသထက် ရှုပ်ထွေးလာတယ်ဆိုတာက ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေရဲ့ အယူခံပိုင်ခွင့်၊ ပြင်ဆင်ခွင့်တွေမှာ အကန့်အသတ်တွေ တဖြည်းဖြည်းချင်း ပေါ်လာပြီဗျ။ လွတ်လွတ်လပ်လပ် ဆောင်ရွက်ပေးတဲ့အနေထားမျိုး မရှိဘူး။ ရှေ့နေ    ကိုယ်စားလှယ်လွှဲစာ လက်မှတ်ရေးထိုးတာ ဘာအခက်အခဲမှ မရှိဘူး။ ဥပဒေနဲ့ ဆန့်ကျင်တာလည်း မဟုတ်ဘူး။ ဒါပေမဲ့ ထောင်က ဒါကို ပိတ်ထားတယ်။ ဒါကတော့ မကောင်းဘူးပေါ့ဗျာ” ဟု ပြောကြားသည်။
 
ထိုသို့ ကိုယ်စားလှယ်လွှဲစာကို ထောင်တာဝန်ရှိသူက အယူခံတင်သွင်းရမည့်ရက်အတွင်း အချိန်မီ လက်မှတ်ရေးထိုးပေးခြင်း မရှိသည့်အပေါ် ဗကသကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်က “တကယ်တမ်းပြောရရင် ကျွန်မတို့နဲ့ ကျွန်မတို့ရဲ့ရှေ့နေကြားမှာ ဘာမှအတားအဆီး မရှိသင့်ဘူး။ ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်တွေ၊ စာရွက်စာတမ်း ရယူခွင့်တွေက လူ့အခွင့်အရေးအရ ရှိကိုရှိရမယ့် အချက်တွေပါ။ ဒါကို အချိန်မီမထိုးပေးဘဲ နေပြည်တော်အထိ ထောင်ပိုင်ကိုယ်တိုင် သွားတင်ရတာဆိုတော့ တကယ်တမ်းပြောရရင် ကျွန်မတို့ကို လူ့အခွင့်အရေးချိုးဖောက်တယ်လို့ ခံစားရတဲ့အတွက် ရှေ့နေက တရားစွဲဖို့အတွက် စီစဉ်နေတယ်လို့ သိရတယ်။ ဒါပေမဲ့ ဒီနေ့တော့ မတင်ဖြစ်သေးဘူး”ဟု ဆိုသည်။
 
ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက် ရုံးချိန်းတွင် ကျောင်းသားများ၏ အကျိုးဆောင်ရှေ့နေ တစ်ဦးဖြစ်သူ ဒေါ်ခင်ခင်ကျော်အား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ၂၂၈ အရ တရားစွဲဆိုသည့်အမှုကို စက်တင်ဘာ ၂၁ ရက်က စတင်ကြားနာခဲ့ပြီး ငွေကျပ်သိန်း၂၀၊ ကိုယ်ပိုင်ခံဝန်ဖြင့် အာမခံရယူကာ အောက်တိုဘာ  ၅ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ကျော်က ပြောကြားသည်။                         

Most Read

Most Recent