ပြည်သူကို မျက်နှာမူကြပါ-၂

ပြည်သူကို မျက်နှာမူကြပါ-၂
Published 22 September 2015
ဦးကြီးမြင့် (တရားလွှတ်တော်ရှေ့နေ)

(၁)
(၃ . ၉ . ၂၀၁၅) နေ့ထုတ် ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ဝေဖြန့်ချိတဲ့ ကြေးမုံ သတင်းစာမှာ “ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်း”အား (ပြည်သူများ သိရှိလေ့လာ အကြံပြုနိုင်ရန် ဖော်ပြခြင်းဖြစ်ပါသည်) ဆိုပြီး ဖော်ပြ ပါရှိလာပါတယ်။ အမှန်တကယ်တော့ ၂၀၀၈ ခုနှစ် “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ”ဆိုတာ ပြည်သူ့ဆန္ဒအရ ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ တပ်မတော်၏ ဆန္ဒ (ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဆန္ဒအရ) ပေါ်ပေါက်လာတဲ့ ဥပဒေသာ ဖြစ်တယ်ဆိုတာ နိုင်ငံရေး လေ့လာလိုက်စားသူ အားလုံး သိကြပါတယ်။ ကမ္ဘာကလည်း ဒီလိုပဲ သိထားပါတယ်။
(၂)
ယခု ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်တဲ့ ကြေးမုံသတင်းစာမှာ ပါတဲ့ “ဖွဲ့စည်းပံ ုအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်း” ပေါ်ပေါက်လာခြင်းရဲ့ မူလအခြေခံကတော့ သင်္ဃန်းကျွန်းမြို့နယ်က အမျိုးသား ဒီမိုကရေစီ ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြည်သူ့လွှတ်တော်ကို အဆိုတစ်ခု အဆိုပြုရာမှ စတင်လာခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီ အဆိုပြုချက်ကတော့ “၁၉၅၉ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေ” ကို ပြန်လည်ရုပ်သိမ်းသော ဥပဒေ ပြဋ္ဌာန်းသင့်ကြောင်း စတင် အကြံပေးခဲ့ရာ မှတစ်ဆင့် ဤဥပဒေကြမ်း ပေါ်ပေါက် လာရခြင်းဖြစ်ပါတယ်။
(၃)
အဆိုပါ ဦးသိန်းညွန့်ရဲ့ တင်ပြချက်ပေါ် မူတည်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ (ပြည်ထောင်စု လွှတ်တော်နာယက) သူရဦးရွှေမန်းက ထပ်ဆင့်ပြီး “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရေး ဥပဒေ”ကို အမြန်ပြဋ္ဌာန်းသင့်ကြောင်း အဆိုပြုရာမှ အဆိုပါ ဥပဒေကြမ်း ပေါ်ပေါက်ရေး ကော်မတီ တစ်ရပ်ဖွဲ့စည်းပြီး မူကြမ်း ရေးဆွဲတင်ပြ လာခြင်းဖြစ်ပါတယ်။ ဦးသိန်းညွန့်က မည်သည့် ရည်ရွယ်ချက်ဖြင့် “၁၉၅၉ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေ” ကို ယခုအချိန်တွင် ပြန်လည်ရုပ်သိမ်းရန် အစဖော်ခဲ့သည်ကို သေချာစွာ မသိရသကဲ့သို့ ဦးသိန်းညွန့်၏ အဆို ပေါ်မူတည်ပြီး သူရဦးရွှေမန်းက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရေး ဥပဒေအား ဘာကြောင့် ပြဋ္ဌာန်းသင့်ကြောင်း အဆိုတင် လုပ်ဆောင်ခဲ့ သည်ကိုလည်း သေချာရှင်းလင်းစွာ မသိ ရပါ။ အဲဒီကာလတွေကတော့ သူတို့နှစ်ဦးရဲ့ခင်မင်မှုက အတော့်ကို မြင်သာနေချိန် ဖြစ်ခဲ့ပါတယ်။လူတွေ မော်မကြည့်ရဲအောင် တန်ခိုးထွားခဲ့တဲ့ စစ်အာဏာရှင်ကြီး ဗိုလ်နေဝင်းပင် သူ၏ ၁၉၇၄ ခုနှစ် ဆိုရှယ်လစ် အခြေခံဥပဒေကို ကာကွယ်တဲ့ဥပဒေ မပြဋ္ဌာန်းခဲ့ပါဘူး။
(၄)
သေချာတာကတော့ သူရဦးရွှေမန်း ပြောတဲ့ “၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရေး ဥပဒေကြမ်း” ကို ယခုအချိန်မှာ ပြဋ္ဌာန်းခြင်း မပြုလုပ်သင့်သေးတဲ့ အချိန်ဖြစ်ပါတယ်။ “၁၉၅၉ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ နှစ်ခုဟာဖြင့် အသွင်သဏ္ဌာန်ရော အနှစ်သာရပါ လုံးဝမတူ ကွဲပြားခြားနားပါတယ်။ ၁၉၅၉ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကာကွယ် စောင့်ရှောက်ရေး အက်ဥပဒေဆိုတာက“ပြည်သူကို မျက်နှာမူ၍” တိုင်းရင်းသား အားလုံး တွေ့ဆုံဆွေးနွေးပြီး ပင်လုံစာချုပ်ကို အခြေခံ၍ ပြည်သူ့ဆန္ဒဖြင့် ရွေးကောက်ပွဲအရ တက်လာသော ဖဆပလ အစိုးရက ပြည်သူ့ လွှတ်တော်ကို တင်ပြပြီး အတည်ပြုခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြုခဲ့တဲ့ လွတ်လပ်ရေး အရယူနိုင်ခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖြစ်ပါတယ်။ ဒီလိုဥပဒေမျိုးကို ပြည်ထောင်စုသား အားလုံးက ကာကွယ်ရမှာက တကယ့်ပြည်သူ့တာဝန်ဖြစ်ပါတယ်။ “ပြည်သူကို မျက်နှာမူ”ထားတဲ့ ဥပဒေ တစ်ရပ်ဖြစ်လို့ပါပဲ။ အဲဒီ အခြေခံ ဥပဒေအောက်မှာ ပြည်သူ ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ် အစစ်အမှန်များ ပါရှိတဲ့ ပါလီမန်ရှိခဲ့ပြီး အဲဒီပါလီမန်မှ ရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရလက်ထက်မှာ ပြည်တွင်းပြည်ပ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ တပ်မတော် စသည်ဖြင့် အဘက်ဘက်မှ တိုးတက်ခဲ့သလို ကမ္ဘာ့ အလယ်မှာလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရာထူးရသည်အထိ အောင်မြင်ခဲ့ပါတယ်။ ဘန်ဒေါင်းမူ ငါးချက်ချမှတ်ရာတွင် ပါဝင်နိုင်ခဲ့ခြင်း၊ ကြားနေနိုင်ငံများ အုပ်စုတွင်း ခေါင်းဆောင်ဖြစ်ခြင်း၊ ကမ္ဘာ့နိုင်ငံကြီးများ၏ လေးစားမှုခံရသော နိုင်ငံတော်လည်း ဖြစ်ခဲ့ပါတယ်။ ကျန်းမာရေးအခမဲ့၊ ပညာရေးအခမဲ့ စနစ်တွေ ရှိခဲ့ပါတယ်။ တရားစီရင်ရေးမှာလည်း ထူးခြားထက်မြက်တဲ့ ကမ္ဘာ့အဆင့်မီ ဥပဒေပညာရှင်များ ပေါ်ထွန်းခဲ့ပြီး လွတ်လပ်သော တရားစီရင်ရေး ရှိခဲ့ပါတယ်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်များ လွတ်လပ်သလို၊ စတုတ္ထမဏ္ဍိုင် ဖြစ်တဲ့ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်၊ ပြောဆိုခွင့်များရှိတဲ့ ဥပဒေကြီး ဖြစ်ပါတယ်။
(၅)
အဲဒီ “၁၉၅၉ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေ” မှာ ပုဒ်မပေါင်း ခုနစ်ခုပါဝင်ပြီး မည်သူမဆို ပုဒ်မ-၃ အရဖြစ်သော ပြစ်မှု တစ်ခုခုကို ကျူးလွန်လျှင် နှစ်နှစ်အောက် မနည်း သုံးနှစ် အထက်မများသော ထောင်ဒဏ်နှင့် ငွေဒဏ် စီရင်ခြင်းခံရမည်ဟု အဆိုပါ ဥပဒေ၏ ပုဒ်မ-၄ တွင် ပြဋ္ဌာန်းထားပါတယ်။
၁၉၅၉ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေ ပုဒ်မ-၃ မှာ ပြဋ္ဌာန်းထားတာကတော့-
၃။       ။   မည်သူမဆို၊ တစ်ဦးချင်း အနေဖြင့်သော်လည်းကောင်း၊ အသင်းတစ်ခု အနေဖြင့် သော်လည်းကောင်း၊ လူထု ဖျော်ဖြေရေးအဖွဲ့ အနေဖြင့်သော်လည်းကောင်း-
(က)    အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသော မူလအခွင့်အရေး တစ်ခုခုကို ပျက်ပြားစေရန် ကြံရွယ်သော၊ သို့တည်းမဟုတ် ပျက်ပြားမည့် အကြောင်း ဖြစ်ပေါ်စေသော အကြံပေးမှု၊ တိုက်တွန်းမှု၊ လှုံ့ဆော်မှု၊ အားပေးမှု၊ သို့တည်းမဟုတ် မည်သည့်ဝါဒ ဖြန့်မှုမျိုးကိုမဆို၊ သို့တည်းမဟုတ်
(ခ)     နိုင်ငံရေးဆောင်ရွက်မှုကို၊ လက်နက်ကိုင်နည်းဖြင့် မည်သည့်ရှေးရှုချက်၊ သို့တည်းမဟုတ် ကျင့်သုံးချက်မျိုးကိုမဆို၊ ထောက်ခံခြင်း၊ တိုက်တွန်းခြင်း၊ လှုံ့ဆော်ခြင်း၊ အားပေးခြင်း၊ သို့တည်းမဟုတ် ဝါဒဖြန့်ချိပေးခြင်း၊ သို့တည်းမဟုတ်
(ဂ)     ပြည်ထောင်စု မြန်မာနိုင်ငံတွင်၊ အခြေခံဥပဒေ ပုဒ်မ ၃ နှင့် ၄ ၏ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်၍၊ မည်သည့် နိုင်ငံရေး အာဏာရှင် စနစ်မျိုးကိုမဆို၊ ရှေးရှုရန်၊ တည်ထောင်ရန်၊ သို့တည်းမဟုတ် ကျင့်သုံးရန် ထောက်ခံခြင်း၊ တိုက်တွန်းခြင်း၊ လှုံ့ဆော်ခြင်း၊ အားပေးခြင်း သို့တည်းမဟုတ် ဝါဒဖြန့်ချိပေးခြင်း၊ သို့တည်းမဟုတ်
(ဃ)    အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းများ ထားရှိခွင့်ပြုသော ပါလီမန် ဒီမိုကရေစီစနစ်ကို ပျက်ပြားစေရန် ကြံရွယ်သော၊ သို့တည်းမဟုတ် ပျက်ပြားမည့် အကြောင်း ဖြစ်ပေါ်စေသော အကြံပေးမှု၊ တိုက်တွန်းမှု၊ လှုံ့ဆော်မှု၊ အားပေးမှု၊ သို့တည်းမဟုတ် ဝါဒဖြန့်ချိမှုမျိုးကို၊ သို့တည်းမဟုတ်
(င)     လျှို့ဝှက်ရဲအဖွဲ့ (Secret Police) ဖွဲ့စည်း၍၊ စိုးမိုးအုပ်ချုပ်သည့် စနစ်မျိုး တည်ထောင် ခြင်းကိုသော်လည်းကောင်း၊ တည်ထောင်ရန် ကြိုးပမ်း အားထုတ်ခြင်းကိုသော်လည်းကောင်း၊ အကြံပေးခြင်း၊ လှုံ့ဆော်ခြင်း၊ တိုက်တွန်းခြင်း၊ ထောက်ခံခြင်း၊ အားပေးခြင်း၊ သို့တည်းမဟုတ် ဝါဒဖြန့်ချိပေးခြင်း၊ သို့တည်းမဟုတ်
(စ)     အခြေခံဥပဒေ၏ ဥပဒေနိဒါန်းတွင် ပါရှိသော မူများကို ဆန့်ကျင်သည့် အဖွဲ့အစည်းများနှင့် လုပ်ငန်းများကို ထောက်ခံခြင်း၊ အားပေးခြင်း၊ သို့တည်းမဟုတ် ဝါဒဖြန့်ချိပေးခြင်း
ပြုလုပ်လျှင်၊ ထိုသူသည်၊ သို့တည်းမဟုတ် အသင်းသည်၊ သို့တည်းမဟုတ် လူထု ဖျော်ဖြေရေး အဖွဲ့သည် အခြေခံဥပဒေကို ဖောက်ဖျက်သည့် ပြစ်မှုကျူးလွန်သည်ဟု မှတ်ယူရမည်။
ယခု “၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်း” တွင်လည်း ပုဒ်မပေါင်း ၁၂ ခုပါဝင် ပြီး ၁၉၅၉ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကာကွယ် စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ-၃ တွင် ပြဋ္ဌာန်းထားသလို၊ ယခု ဥပဒေကြမ်း ပုဒ်မ-၃ မှာလည်း တားမြစ်ချက်များ ထပ်တူနီးပါး ဖော်ပြထားပါတယ်။ ပြစ်ဒါဏ်ကိုလည်း တန်းတူထောင်ဒဏ် သုံးနှစ် ထက်မပိုသော ထောင်ဒဏ် ချမှတ်ရမည်ဟု ပုဒ်မ (၆) နှင့် (၇) တွင် ပြဋ္ဌာန်းထားပါတယ်။
(၆)
ဒီနေရာမှာ၊ ဥပဒေနှစ်ရပ်၏ စာသားများ၊ ပြစ်ဒဏ်များ တူညီသော်လည်း ဥပဒေ နှစ်ရပ် ပြဋ္ဌာန်းခြင်း၏ ပုံပန်းသဏ္ဌာန်၊ အနှစ်သာရ၊ စေတနာများ လုံးဝတူညီခြင်း မရှိပါဘူး။ “၁၉၅၉ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေ ခံဥပဒေ ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေ” ဆိုတာက၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ်ရမည့် အက်ဥပဒေဖြစ်ပါတယ်။ အဲဒီဥပဒေမှာ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း “ ပြည်သူကို မျက် နှာမူ၍” ပြည်သူ့ကိုယ်စားလှယ်များက ပါလီမန် လွှတ်တော်မှာ အတည်ပြု ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ ပြည်သူကို ကိုယ်စားမပြုဘဲ (တစ်နည်းအားဖြင့်) ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲဖြင့် ပြည်သူလူထုက ရွေးချယ် တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ် အများစုက ပြည်သူသို့ချပြ၍ ပြည်သူ့လွှတ်တော်တွင် ရွေးချယ်ပြဋ္ဌာန်းခဲ့သော ဥပဒေ မဟုတ်ပါ။ စစ်အာဏာရှင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ အလိုကျ ဖွဲ့စည်းထားသော အမျိုးသား ညီလာခံဆိုသည့် ညီလာခံမှ ရေးဆွဲ ပေးထားတဲ့ ဥပဒေသာ ဖြစ်ပါတယ်။ အလုပ်သမား ကိုယ်စားလှယ်၊ လယ်သမားကိုယ်စားလှယ်၊ လူမျိုးစု လွှတ်တော်ကိုယ်စားလှယ် အမည်ခံ များ အများစုပါဝင်သော ပြည်သူ့ကိုယ်စား လှယ်အစစ်မဟုတ်သူများ အများစုပါဝင်နေ တဲ့ ညီလာခံသာ ဖြစ်ပါတယ်။ တစ်နည်းအား ဖြင့် “ပြည်သူကို မျက်နှာမူ”သော ပြည်သူ့ ကိုယ်စားလှယ်များက ရေးဆွဲ အတည်ပြုထားတဲ့ အခြေခံဥပဒေ တစ်ရပ် မဟုတ်ပါဘူး။
(၇)
ပဋိညာဉ် အက်ဥပဒေပုဒ်မ (၁၄) အရ ပြဋ္ဌာန်းထားချက်မှာ “သဘောတူ ညီညွတ်ခြင်းသည် အောက်ပါ အကြောင်းများကြောင့် မဟုတ်လျှင် လွတ်လပ်သော သဘော ညီညွတ်ခြင်း မည်၏။
(၁)     ပုဒ်မ ၁၅ တွင် ဖော်ပြထားသည့် အတိုင်း အနိုင်အထက်ပြုခြင်း သို့မဟုတ်
(၂)     ပုဒ်မ ၁၆ တွင် ဖော်ပြထားသည့် အတိုင်း မတရားသြဇာသုံးခြင်း သို့မဟုတ်
(၃)     ပုဒ်မ ၁၇ တွင် ဖော်ပြထားသည့် အတိုင်း လိမ်လည်ခြင်း သို့မဟုတ်
(၄)     ပုဒ်မ ၁၈ တွင် ဖော်ပြထားသည့် အတိုင်း အလွဲပြောဆိုခြင်း သို့မဟုတ်
(၅)     ပုဒ်မ ၂၀၊ ပုဒ်မ ၂၁ နှင့်  ပုဒ်မ ၂၂ ရှိ ပြဋ္ဌာန်းချက်များကို အထောက်အထား ပြုရန် အလွဲထင်မှတ်စေခြင်း။
အထက်ပါ အကြောင်းများကြောင့် သဘောညီညွတ်ခြင်း ဖြစ်စေသည်ဆိုခြင်းမှာ အဆိုပါ အနိုင်အထက် ပြုခြင်း၊ မတရား သြဇာသုံးခြင်း၊ လိမ်လည်ခြင်း၊ အလွဲပြောဆိုခြင်း၊ အလွဲထင်မှတ်စေခြင်း စသည့် အကြောင်းရပ်များ မရှိလျှင် သဘောညီညွတ်မည် မဟုတ်ခြင်းကို ဆိုလိုသည်” ဟူ၍ ပြဋ္ဌာန်းချက်များအရ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အနိုင်အထက်ပြုခြင်း၊ မတရား သြဇာသုံးခြင်း၊ လိမ်လည်ခြင်း၊ အလွဲပြောဆိုခြင်းများ ပါရှိနေကြောင်း မြင်သာပါတယ်ဗျာ။ ဒါ့အပြင် နာဂစ်မုန်တိုင်း တိုက်ခတ်နေချိန်တွင် ဆန္ဒမဲပေးရန် စာရွက်စာတမ်းများ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခြင်း၊ ဆန္ဒမဲ ပေးနိုင်သူ လူထုမှာလည်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခြင်း၊ ဆန္ဒမဲပေးနိုင်သူ လူထုမှာလည်း မုန်တိုင်းကြောင့် သိန်းသောင်းချီ ကွယ်လွန်သွားခဲ့ခြင်း၊ လူထုအများစုသည် အဲဒီ ဆန္ဒခံယူပွဲကို သွားရောက် မဲမပေးခဲ့ခြင်း၊ မဲပေးသူများမှာလည်း ကန့်ကွက်မဲ  ပေးသူ များပြားတယ်လို့ သိရခြင်းတို့ကြောင့်  တစ်ပြည်လုံးတွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီးသည့် မြို့နယ်ပေါင်း ၂၇၈ မြို့နယ်မှ ဆန္ဒမဲပေးခွင့် ရှိသူဦးရေ ၂၂,၇၀၈,၄၃၄ ဦးအနက် ၂၂,၄၉၆,၆၆၀ ဦးလာရောက် ဆန္ဒမဲ ပေးခဲ့ကြသဖြင့် ဆန္ဒမဲပေးသည့် ရာခိုင်နှုန်းမှာ  ၉၉ ဒသမ ၀၇ ရာခိုင်နှုန်း ဖြစ်ကြောင်း တွေ့ရှိရပါသည် ဆိုခြင်းနှင့် ဆန္ဒမဲပေးသည့် မဲဆန္ဒရှင် ၂၂,၄၉၆,၆၆၀ အနက် ၂၀,၇၈၆,၅၉၆ တို့က ထောက်ခံမဲ ပေးသည့်အတွက် ထောက်ခံသည့် ရာခိုင်နှုန်းမှာ ၉၂ ဒသမ ၄ ရာခိုင်နှုန်း ဖြစ်ကြောင်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်တိုး၏  ၁၅.၅.၂၀၀၈ ရက်စွဲပါ ကြေညာချက်မှာ မည်သည့်နည်းနှင့်မျှ အမှန်နှင့် နီးစပ်နိုင်စရာ မရှိပါဘူး။ ဒါ့အပြင် ဒီ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူက ရွေးချယ်သော ပြည်သူ့ကိုယ်စားလှယ်များ ပါရှိသည့် ပြည်သူ့လွှတ်တော်က အတည်ပြုခြင်း မဟုတ်ဘဲ ၂၉.၅.၂၀၀၈ နေ့စွဲနဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အတည်ပြု ကြေညာခဲ့ခြင်း ဖြစ်တဲ့အတွက် ပြည်သူ့ဆန္ဒနှင့် အညီ “ပြည်သူကို မျက်နှာမူ” သော အခြေခံ ဥပဒေတစ်ရပ် မဟုတ်ခဲ့ပါဘူး။
(၈)
ဒါကြောင့် အဲဒီ ၂၀၀၈ အခြေခံဥပဒေမှာ အားနည်းချက်များ ပါရှိလို့ အမှန်တကယ် ပြင်ဆင်ပြဋ္ဌာန်းရန် လိုအပ်ခြင်းများ ရှိပါတယ်။ အချို့သော ဥပဒေပညာရှင်များ၊ အုပ်ချုပ်ရေး သမားများ၊ နိုင်ငံရေးသမားများကမူ ထိုအခြေခံဥပဒေကို အသစ်ပြန်လည် ရေးဆွဲသင့်သည်ဟုပင် ပြောဆိုလာကြပါတယ်။ အထူးသဖြင့် နိုင်ငံတော်၏ အခြေခံမူများ ဆိုသည်၌ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဟူသော ပုဒ်မ (၇)၊ နိုင်ငံတော်၏ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်ဟူသော ပုဒ်မ (၆)၊ တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့် ရှိသည်။ (ပုဒ်မ ၂၀-က)၊ ပုဒ်မ ၃၄၃ တွင် တပ်မတော်သားများအတွက် အဖွဲ့ဖြင့်ဖြစ်စေ၊ တစ်ဦးတည်း ဖြစ်စေ ဥပဒေနှင့်အညီ စီရင်နိုင်သည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးအပြတ် ဖြစ်သည်ဟူသော ကိစ္စရပ်များ အခန်း (၁၂) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ (၄၃၆) ပါ ပြဋ္ဌာန်းချက်များကို ပြည်ထောင်စု မြန်မာနိုင်ငံရှိ လူထုအများစုနှင့် တိုင်းရင်းသား လူမျိုးစုများ၊ လူမျိုးစု လက်နက်ကိုင်များက ပြန်လည် ပြင်ဆင်လိုကြောင်း အတိအလင်း ထုတ်ဖော် ပြောကြားထားပြီး ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်သည့် ဥပဒေ ပြဋ္ဌာန်းမည်ဆိုပါက “ပြည်သူကို မျက်နှာမူရာ မရောက်ဘဲ” ပြည်သူ့ဆန္ဒကို လျစ်လျူရှုရာ ရောက်၍ မလွဲမသွေ ဆန္ဒပြပွဲများ ဖြစ်ပေါ်လာနိုင်ရုံမက ပြည်သူလူထု တစ်ရပ်လုံး လိုလား တောင့်တနေသော ပြည်တွင်း ငြိမ်းချမ်းရေးလည်း ရေရှည် မည်သို့မှ ရနိုင်မည် မဟုတ်ပါ။ ဒါ့ပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဋ္ဌာန်း ပေးအပ်ထားတဲ့ အခန်း (၈) နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များကိုလည်း ဖောက်ဖျက်ရာ ကျပါလိမ့်မယ်။ ဒါကြောင့် ပြည်သူလူထုဆန္ဒနှင့် မကိုက်ညီတဲ့ အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရေး ဥပဒေဆိုတာကို ‘ပြည်သူကို မျက်နှာမူ’၍ ပြည်သူကို ငဲ့ညှာသောအားဖြင့် ယခုအချိန်မှာ မပြဋ္ဌာန်းသင့်သေးပါကြောင်း အကြံပြု ရေးသားရကြောင်းပါဗျာ။

Most Read

Most Recent