မြန်မာနိုင်ငံ လူဦးရေ၏ ရာခိုင်နှုန်း ၄၀ ခန့် နေထိုင်လျက်ရှိသည့် ဒေသများသည် ပဋိပက္ခ ဖြစ်ပွားရာ နေရာများနှင့် ဆက်စပ်နေပြီး ပြည်တွင်း နေရပ်စွန့်ခွာနေရသူ ခြောက်သိန်းခွဲ ဝန်းကျင်ရှိ

မြန်မာနိုင်ငံ လူဦးရေ၏ ရာခိုင်နှုန်း ၄၀ ခန့် နေထိုင်လျက်ရှိသည့် ဒေသများသည် ပဋိပက္ခ ဖြစ်ပွားရာ နေရာများနှင့် ဆက်စပ်နေပြီး ပြည်တွင်း နေရပ်စွန့်ခွာနေရသူ ခြောက်သိန်းခွဲ ဝန်းကျင်ရှိ
Published 20 September 2015
အောင်ဇော်ထွန်း၊ ဇာလီမြင့်ဦး၊ နေမျိုးဝင်း

မြန်မာနိုင်ငံရှိ လူဦးရေ၏ ရာခိုင်နှုန်း ၄၀ ခန့် နေထိုင်လျက်ရှိသော ဒေသများသည် လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားရာ ဒေသများ (သို့မဟုတ်) ပဋိပက္ခသင့် ဒေသများနှင့် ဆက်စပ်လျက်ရှိသော နေရာများဖြစ်ပြီး လက်နက်ကိုင် ပဋိပက္ခများကြောင့် ပြည်တွင်းနေရပ် စွန့်ခွာနေထိုင်နေရသူ ၆၅၀၀၀၀ (ခြောက်သိန်းငါးသောင်း) ဝန်းကျင်ရှိကြောင်း စက်တင်ဘာ ၂၀ ရက် ရန်ကုန်မြို့ရှိ Myanmar Peace Center ၌  ပြုလုပ်သော ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သော အဖွဲ့နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ တွေ့ဆုံပွဲတွင် အစိုးရဘက်မှ ဖြန့်ဝေခဲ့သော တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ်ပါ အချက်အလက်များနှင့် လုပ်ငန်းစဉ် အဆင့်ဆင့်အတွက် ရှင်းလင်းချက်များ စာအုပ်တွင် ဖော်ပြထားသည်။UPWC နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့အကြား တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) တစ်ခု ရရှိရေး တရားဝင် အစည်းအဝေး ကိုးကြိမ် ပြုလုပ်ခဲ့ကြောင်း၊ NCCT အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၆ ဖွဲ့ ရှိကြောင်း၊ အစိုးရမှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ စတင်ဖိတ်ခေါ်သည့် နေ့မှစ၍ NCA စာချုပ် ရရှိသည်အထိ ရက်ပေါင်း ၁၄၅၀ ကြာမြင့်ခဲ့ပြီး အဆိုပါ ရက်များအတွင်း အစည်းအဝေး၊ တွေ့ဆုံညှိနှိုင်းမှု စုစုပေါင်း ၅၀၀၀ ပြုလုပ်ခဲ့ကြောင်း၊  မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင် အင်အား စုစုပေါင်း တစ်သိန်းဝန်းကျင် ရှိကြောင်း အဆိုပါ “ငြိမ်းချမ်းရေးနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်” အမည်ရှိ စာအုပ်တွင် ရေးသားထားသည်။မြန်မာ့နိုင်ငံရေး သမိုင်းတွင် ပထမဆုံး အကြိမ်အဖြစ် အစိုးရ၏ သဘောတူညီချက်ဖြင့် ကျင်းပနိုင်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ညီလာခံ လေးခုရှိခဲ့ပြီး ကချင်ပြည်နယ် လိုင်ဇာဒေသတွင် နှစ်ကြိမ်၊ ကရင်ပြည်နယ် လော်ခီးလာဒေသတွင် နှစ်ကြိမ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ စာအုပ်တွင် ဖော်ပြထားချက်အရ သိရသည်။“ငြိမ်းချမ်းရေးနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်” စာအုပ်တွင် အပစ်ရပ်စာချုပ်ပါ အချက်များနှင့် ပတ်သက်ပြီး ဝေါဟာရ ရှင်းလင်းမှုများလည်း ပြုလုပ်ထားရာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို NCA လက်မှတ်ရေးထိုးပြီး ၁၄ ရက်အတွင်း ခေါ်ယူသွားမည်ဖြစ်ပြီး ယင်းအစည်းအဝေးမှာ NCA စာချုပ်ပါ ကော်မတီများဖြစ်သည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကို ဖွဲ့စည်းရန်အတွက် ကျင်းပသည့် အစည်းအဝေးဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။JMC သည် NCA လက်မှတ်ရေးထိုးပြီး နောက်ပိုင်း နိုင်ငံရေး ဆွေးနွေးနေစဉ် ကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာစေရန်အတွက် နှစ်ဖက်ကိုယ်စားလှယ်များ ပါဝင်သော ကော်မတီဖြစ်ပြီး ယင်းကော်မတီကို လက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၃၀ အတွင်း ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။UPDJC သည် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် အဓိကကျသော နှစ်ဖက်ပူးတွဲ ဖွဲ့စည်းထားသည့် ကော်မတီဖြစ်ပြီး ယင်းကော်မတီကိုလည်း ရက်ပေါင်း ၃၀ အတွင်း ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ NCA ရေးထိုးပြီးနောက် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ရန်အတွက် အခြေခံရမည့် မူဘောင်ကို ရက်ပေါင်း ၆၀ အတွင်း ရေးဆွဲအတည်ပြုသွားမည် ဖြစ်ကြောင်း “ငြိမ်းချမ်းရေးနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်” စာအုပ်တွင် ရေးသားထားသည်။NCA လက်မှတ်ရေးထိုးမှုကို လာမည့် ၂၀၁၅ အောက်တိုဘာလအတွင်း ပြုလုပ်သွားနိုင်မည်ဟု ယုံကြည်ကြောင်းနှင့် လက်မှတ်ရေးထိုးပြီးနောက် အရင်းခံ ပြဿနာများကို နိုင်ငံရေးအရ ဖြေရှင်းရန်အတွက် ကျင်းပသည့် နိုင်ငံရေး ဆွေးနွေးပွဲများကို ၂၀၁၆ ခုနှစ် ဇန်နဝါရီတွင် ကျင်းပနိုင်မည်ဟု ယုံကြည်ကြောင်း အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့မှ ရှင်းပြသည်။

Most Read

Most Recent