ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူး၊ ကွမ်းခြံကုန်းနှင့် ဒေးဒရဲမြို့နယ်များသို့ မဲဆွယ်စည်းရုံးရေး ခရီးစဉ် ယနေ့ စတင်မည်

ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူး၊ ကွမ်းခြံကုန်းနှင့် ဒေးဒရဲမြို့နယ်များသို့ မဲဆွယ်စည်းရုံးရေး ခရီးစဉ် ယနေ့ စတင်မည်
Published 20 September 2015

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ ကော့မှူးမြို့နယ်ရှိ ကျေးရွာများသို့ မဲဆွယ်စည်းရုံး ဟောပြောမှု ပြုလုပ်ရန် ယနေ့ (စက်တင်ဘာ ၂၁ ရက်) တွင် စတင်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၂၁ ရက် နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့မှ ကော့မှူးမြို့နယ်သို့ သွားရောက်မည်ဖြစ်ပြီး လမ်းခရီး တစ်လျှောက်ရှိ ကျေးရွာအချို့တွင် ဒေသခံများနှင့် တွေ့ဆုံစဉ် မိနစ်အနည်းငယ်ကြာ စကားပြောမည်ဖြစ်ကြောင်း ကော့မှူးမြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးအေးသိန်းက ပြောကြားသည်။  ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် မွန်းလွဲပိုင်းတွင် ကော့မှူးမြို့နယ် အနောက်ခြမ်းရှိ မဲ့ဆယ်ဆိပ် ကျေးရွာတွင် ဒေသခံ လူထုနှင့် တွေ့ဆုံကာ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောမည်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၂၁ ရက် ညတွင် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ ကော့မှူးမြို့နယ်တွင် တည်ထောင်ထားသည့် ဟိုတယ်လုပ်ငန်းခွင်ဆိုင်ရာ အခမဲ့ သင်ကြားပေးသည့် သင်တန်းကျောင်းတွင် ညအိပ်မည်ဖြစ်ကြောင်း၊ စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် ကော့မှူးမြို့နယ် အရှေ့ခြမ်းရှိ သမင်ခြံကျေးရွာသို့ သွားရောက်ကာ ဒေသခံများနှင့် တွေ့ဆုံ၍ ဟောပြောမှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းတွင် ကွမ်းခြံကုန်းမြို့နယ်သို့ သွားရောက်မည်ဖြစ်ကာ ကွမ်းခြံကုန်းမြို့နယ် NLD အောင်နိုင်ရေးဆိုင်းဘုတ် ဖွင့်လှစ်ခြင်း၊ ဒေသခံများနှင့် တွေ့ဆုံဟောပြောခြင်း ပြုလုပ်မည်ဖြစ်ကြောင်း၊ ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်သည် ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် ဒေသခံများနှင့် စက်တင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် တွေ့ဆုံ၍ ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောမည်ဖြစ်ကြောင်း သိရသည်။ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကော့မှူးမြို့နယ်တွင် ဝင်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မြို့နယ် NLD အောင်နိုင်ရေး ဆောင်ရွက်ထားမှုနှင့် ပတ်သက်ပြီး ဦးအေးသိန်းက “စည်းရုံးရေး ဆောင်ရွက်တာက ၆၂ အုပ်စုကို အဖွဲ့သုံးဖွဲ့ ခွဲပြီးတော့ တစ်နေ့ကို နှစ်ရွာနှုန်းနဲ့ ကျွန်တော်တို့ ၈ ရက်ကစပြီး လုပ်တာ ဒီနေ့ ပြီးပါပြီ။ အစ်မ လမ်းကြောင်းပြီးရင် ကျွန်တော်တို့ ဒုတိယအကြိမ် ရွာပေါင်း ၁၂၆ ရွာကို ပြန်စပါမယ်” ဟု စက်တင်ဘာ ၂၀ ရက်က ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD ပါတီ အောင်နိုင်ရေး မဲဆွယ်စည်းရုံးမှု ပထမဆုံး ခရီးစဉ်ကို ကယားပြည်နယ်သို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၁၀ ရက်မှ ၁၂ ရက်ထိ ကယားပြည်နယ်ရှိ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်း၊ လွိုင်ကော်နှင့် ရှားတောမြို့နယ်များသို့ သွားရောက်ခဲ့ပြီး စက်တင်ဘာ ၁၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့၌ လည်းကောင်း၊ စက်တင်ဘာ ၂၀ ရက်တွင် နေပြည်တော်ရှိ ဇေယျာသီရိမြို့နယ်၌ လည်းကောင်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု ပြုလုပ်ခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်သည် ယခု စက်တင်ဘာလ နောက်ဆုံးပတ်တွင် စစ်ကိုင်းတိုင်းရှိ မြို့နယ်များသို့ လည်းကောင်း၊ အောက်တိုဘာ လဆန်းပိုင်းတွင် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ ရွှေဂူနှင့် မန်စီမြို့နယ်များ အပါအဝင် ကချင်ပြည်နယ်ရှိ မြို့နယ်များသို့ လည်းကောင်း၊ အောက်တိုဘာလ အတွင်း၌ပင် ရခိုင်ပြည်နယ်၊ သံတွဲ၊ ဂွနှင့် တောင်ကုတ်မြို့များသို့ လည်းကောင်း သွားရောက်ရန် စီစဉ်ထားကြောင်း NLD ၏ ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေး ခရီးစဉ်များနှင့် စပ်လျဉ်း၍ ပြောရေးဆိုခွင့်ရှိသူ NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က စက်တင်ဘာ ၁၄ ရက်တွင် ပြောကြားသည်။

Most Read

Most Recent