ဒွန်းဘာ့စ်ဒိုင်ယာရီ

ဒွန်းဘာ့စ်ဒိုင်ယာရီ
Published 20 September 2015
မောင်ကြွယ်စိုး

၂၀၁၄ ခုနှစ် မတ်လမှာ ယူကရိန်း တော်လှန်ရေး ဖြစ်ပွားခဲ့ပါတယ်။ အဲဒီလို ဖြစ်ပြီးတဲ့ အချိန်မှာပဲ ‘ဒွန်းဘာ့စ်’ ကိစ္စဟာလည်း မတည်ငြိမ်မှုတွေ ဖြစ်ပွားခဲ့ပြီး ရုရှားလိုလားသူ ခွဲထွက်ရေး သမားတွေဟာ စစ်ပွဲတွေ ဆင်နွှဲခဲ့ ပါတယ်။
သမိုင်းကြောင်း ပြန်ကြည့်ရင် ယူကရိန်းနိုင်ငံ လွတ်လပ်ရေး ရပြီးတဲ့အချိန်မှာပဲ ၁၉၉၁ ခုနှစ်တွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပခဲ့ပါတယ်။ ဒိုးနက်စ်အိုဗလက် ဒေသမှာရှိတဲ့ ပြည်သူ ၈၃ ဒသမ ၆ ရာခိုင်နှုန်းက လွတ်လပ် ရေးရယူဖို့ ထောက်ခံခဲ့ကြပါတယ်။ နိုင်ငံလွတ်လပ်ရေး ရခဲ့တာ မှန်ပေမယ့် ၁၉၉၃ ခုနှစ်မှာ စီးပွားရေး ကျဆင်းလာခဲ့ပြီး ပြည်သူလူထုက ကိယက်ဗဟိုအစိုးရက အစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုတွေနဲ့ ပြည်နယ်တွေကို ဥပေက္ခာ ပြုထားမှုကြောင့် စီးပွားရေး ကျဆင်းရတယ်လို့ ယူဆခဲ့ပါတယ်။
၂၀၁၄ ခုနှစ် မတ်လကစပြီး ဒွန်းဘာ့စ်မှာ  ရုရှားလိုလားသူတွေနဲ့ အစိုးရ ဆန့်ကျင်ရေး သမားတွေက ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။ ရုရှားတို့က ခရိုင်းမီးယားကို မိမိတို့ ပိုင်နက်အတွင်း ထည့်သွင်း ပြီးတဲ့နောက်ပိုင်းမှာ ဆန္ဒပြပွဲတွေ ပိုမိုများပြားလာခဲ့ပါတယ်။ ၂၀၁၄ ဧပြီလမှာ ခွဲထွက်ရေး တပ်ဖွဲ့ဝင်တွေနဲ့ လူဂန့်ပြည်သူ့ ရီပတ်ဘလစ်နဲ့ ယူကရိန်း အစိုးရတို့ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်ထိ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲရှိပြီး ရုရှားတို့က ခွဲထွက်ရေး ဝါဒီတွေကို လက်နက်တွေ ကူညီမှုပေးနေ ခဲ့ပါတယ်။
ဒွန်းဘာ့စ်ဟာ ဆိုဗီယက်တို့ရဲ့ လက်ဝေခံ ဒေသတစ်ခုဖြစ်ပြီး လူတစ်ဦး တစ်ယောက်ရဲ့ အသက်အန္တရာယ်ကို များစွာ ထိခိုက်နိုင်တဲ့ ဒေသတစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ယူကရိန်းနိုင်ငံထဲမှာ ရှိနေပေမယ့် ရုရှားတို့ရဲ့ လက်ဝေခံ နယ်တစ်ခုလို ဖြစ်နေတာကြောင့် ထင်ရှားတဲ့မြို့နဲ့ ကျေးရွာတွေဟာ  ကွန်မြူနစ် စနစ်အငွေ့အသက်တွေ မကင်းဘဲ ရှိနေခဲ့ပါတယ်။ ယူကရိန်းနိုင်ငံနဲ့ ပူးပေါင်းရေးကို ပြင်းပြင်းထန်ထန် ပြသခဲ့တဲ့ ဒွန်းဘာ့စ်ဟာ နောက်ပိုင်းကာလတွေမှာ ခွဲထွက်ရေး ဝါဒီတွေကို ထောက်ခံမှုတွေ များပြားလာခဲ့ပါတယ်။
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ ဒွန်းဘာ့စ်မြို့နဲ့ ပတ်သက်ပြီး ‘ဒွန်းဘာ့စ်နေ့စဉ် မှတ်တမ်း’ အမည်ရှိ စာအုပ်တစ်အုပ် ထွက်ပေါ်လာခဲ့ပါတယ်။ မည်သူမည်ဝါလို့ မသိရှိရတဲ့ ပုဂ္ဂိုလ်တစ်ဦးက အဲဒီနေ့စဉ်မှတ်တမ်းကို ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။
ယခုတစ်ပတ်ဟာ အခြေအနေ မဆိုးပါဘူး။ ကျွန်မလည်း မသေဆုံးသေးပါဘူးဆိုတဲ့ စာကြောင်းတွေနဲ့ ရေးဖွဲ့ထားတဲ့ မှတ်တမ်းစာအုပ်ဟာ ဒွန်းဘာ့စ် ဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ဘဝကို ဖော်ပြထားခြင်း ဖြစ်ပါတယ်။ အဲဒီဒေသမှာ နေထိုင်ရတဲ့ စာရေးသူဟာ ညဘက်ဆိုရင် မြေအောက်ခန်းမှာ နေရပါတယ်။ မီးမရှိ ရေမရှိတဲ့ မြေအောက်ခန်းမှာ နေနေရတဲ့ ဘဝဟာ ဘယ်လောက် ဆိုးရွားတယ် ဆိုတာကို စာရေးသူက ဖော်ပြထားပါတယ်။ အဲဒီစာအုပ်ဟာ ပြီးခဲ့တဲ့လက ထုတ်ဝေခဲ့တာ ဖြစ်ပြီး ရုရှားနိုင်ငံမှာ စာဖတ်သူ အများစုက နှစ်သက် သဘောကျခဲ့တဲ့စာအုပ် ဖြစ်ပါတယ်။
ရေးသားထားတဲ့ အချက်တွေဟာ လတ်ဆတ်နေပြီး သမိုင်း၏ အငွေ့အသက်ကို ရှူရှိုက်နိုင်ပါတယ်လို့ Trud နေ့စဉ်သတင်းစာက ရေးသားခဲ့ပါတယ်။ အဲဒီစာအုပ်မှာ လုပ်ကြံဖန်တီးထားတဲ့ အချက်တွေ လုံးဝမပါပါဘူး။ အမှန်တရားကို ထင်ဟပ်ထားတယ် ဆိုတာလည်း သံသယဖြစ်စရာ မရှိပါဘူးလို့ အပတ်စဉ်ထုတ် Argumenty Nedeli မှာ ဖော်ပြထားပါတယ်။
နေ့စဉ်မှတ်တမ်း ရေးသားသူဟာ မည်သူမည်ဝါ ဖြစ်တယ်ဆိုတာ ပဟေဠိ ဆန်နေပါတယ်။ ဒါပေမဲ့ ကလောင်အမည်ကိုတော့ ယာနာကိုဗစ်ချ်လို့ ပေးထားပါတယ်။ ရုရှားလိုလားသူ သမ္မတဟောင်း ဗစ်တာယာနူကို ဗစ်ချ် ဖြစ်တာမို့ အဲဒီနာမည်နဲ့ ခပ်ဆင်ဆင် နာမည်ပေးထားတာ ဆန်းနေပါတယ်။ စာရေးသူဟာ သူ နေထိုင်တဲ့မြို့ကို Y လို့ ဖော်ပြထားပါတယ်။  Y နဲ့ စထားတဲ့အတွက် ရီနာကီရက်ဗီလို့ မှတ်ထင်စရာ ရှိပါတယ်။
စိန့်ပီတာစဘတ်မြို့မှာရှိတဲ့ ထုတ်ဝေသူ Limbus Pressကို စာဖတ်သူတစ်ဦးထံမှ ပေးပို့တဲ့ မက်ဆေ့ချ်မှာပါတဲ့ မေးခွန်းကို စာရေးသူက ကျွန်မအနေနဲ့ ဘယ်အရပ်ဘယ်ဒေသ ဖြစ်တယ်ဆိုတာကို မပြောနိုင်ပါဘူး။ ကျွန်မ ပြောနိုင်တာကတော့ စာအုပ်ထဲမှာ ကျွန်မ ရေးသားထားပြီးပါပြီလို့ စာရေးသူက ပြန်ဖြေခဲ့ပါတယ်။
ကိယက်မြို့မှာလည်း ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ စာအုပ်တွေ ထွက်ပေါ်နေပါတယ်။ ‘လေဆိပ်’ အမည်ရှိတဲ့ ဝတ္ထုကို လော့အိန်ဂျလိစ်တိုင်းမ် သတင်းစာမှ သတင်းထောက်ဖြစ်သူ ဆာရဂေးလွိုင် ကိုက ရေးသားထားပါတယ်။ ဒွန်နက်လေဆိပ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအကြောင်းကို ရေးသားထားတဲ့ စာအုပ်ဖြစ်ပြီး စာရေးသူကိုယ်တိုင် ယူကရိန်း တပ်ဖွဲ့ဝင်တွေနဲ့ လိုက်ပါပြီးမှ ဝတ္ထုစာအုပ်ကို ရေးသားခဲ့တာ ဖြစ်ပါ တယ်။
တစ်ချိန်တုန်းက နိုင်ငံတကာ ဘောလုံးသမားများနဲ့ ညကလပ်တွေကြောင့် ထင်ရှားတဲ့ ဒွန်းဘာ့စ်ဟာ ကျောက်မီးသွေးတွင်းတွေ ပေါကြွယ်တဲ့ မြို့ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီဒေသဟာ စစ်ပွဲဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု တွေများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒွန်းဘာ့စ် နေ့စဉ်မှတ်တမ်းကို ရေးသားသူ စာရေးသူကတော့ သူ့အနေနဲ့ လင်ခရူဇာ မော်တော်ကားဝယ်ဖို့ အိပ်မက် မမက်တော့တဲ့အကြောင်း၊ မိမိအနေနဲ့ နေအိမ်တစ်လုံး၊ မော်တော်ကား တစ်စီးနဲ့ ဖုန်းတစ်လုံးရဖို့ကိုလည်း အိပ်မက်မမက်တော့ကြောင်းနဲ့ နွေးထွေးတဲ့ မြေ အောက်ခန်းလေးတစ်ခုသာ လိုချင်ကြာင်း ပြောကြားခဲ့ပါတယ်။
စာအုပ်ထဲမှာ စစ်ပွဲကြောင့် ပြည်သူလူထုဟာ မိမိအသက်ကို လုံခြုံအောင် ကြိုးပမ်း နေရကြောင်း၊ ဒုံးကျည်တွေက ချိန်ရွယ်ထားကြောင်း၊ သို့သော် လက်နက်များနှင့် ဒုံးကျည်များကို ကြောက်ရွံ့ရန် မလိုကြောင်း၊ ယင်းသို့ လုပ်ဆောင်နေသည်မှာ နည်းဗျူဟာတစ်ရပ် ဖြစ်ကြောင်းနှင့် ထိုလက်နက်များသည် သင့်ကို ကာကွယ်စောင့်ရှောက်မှုများ ပေးနေခြင်းသာ ဖြစ်ကြောင်း သရော်ထားပါတယ်။
စစ်ပွဲကြောင့် ယူကရိန်းတပ်သား ၂၀၀၀ ခန့် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ ခွဲထွက်ရေးသမား သူပုန်များနှင့် အရပ်သားတွေ သေဆုံး မှုဟာလည်း ၅၀၀၀ ခန့်အထိ ရှိလာပါပြီ။ နေ့ စဉ်မှတ်တမ်းစာအုပ်မှာ ၂၀၁၄ ခုနှစ် သြဂုတ်  ၁ ရက်ကနေ ၂၀၁၅ ခုနှစ် မတ် ၃ ရက်အထိ ဖြစ်ခဲ့တဲ့အကြောင်းအရာတွေကို ဖော်ပြထားတာ ဖြစ်ပါတယ်။ မင့်စ်မြို့မှာ ကျင်းပတဲ့ အပစ် အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြီးတဲ့ အချိန်ကစပြီး မှတ်တမ်းကို ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။
စစ်ပွဲသာ ပြီးဆုံးသွားမယ်ဆိုရင် မြို့ထဲကို သွားရောက်ပြီး မြို့သူမြို့သားတွေ၊ သစ်ပင်တွေနဲ့ အဆောက်အအုံတွေကို ပွေ့ဖက် နမ်းရှုပ်မိမှာလို့ နေ့စဉ်မှတ်တမ်းထဲမှာ ဖော်ပြထားပါတယ်။ နေ့စဉ်မှတ်တမ်း စာအုပ်ဟာ အဆင့်အတန်းရှိတဲ့ စာပေလက်ရာတစ်ခုလို့ မသတ်မှတ်နိုင်ပေမယ့် စာရေးသူဟာ သူတွေ့ကြုံရတဲ့ စစ်ဘေးဒုက္ခတွေကို မှတ်တမ်း တင်ထားခဲ့တာ ဖြစ်ပါတယ်။ စာရေးသူဟာ လူမှုကွန်ရက် ဆွေးနွေးပွဲတွေမှာ ပြောကြားတဲ့  သတင်းအချက်အလက်တွေကို ရေးသားထားတာ ဖြစ်ပါတယ်လို့ Limbus Press မှ အယ်ဒီ တာချုပ် ကေဘယ်လ်ခရူစနော့က ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့လက ကျင်းပတဲ့ မော်စကို စာအုပ်ပွဲတော်မှာ ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး စာအုပ်တွေဟာ စာဖတ်ပရိသတ်တွေ စိတ်ဝင်တစား ရှိပါတယ်။ ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ထွက်သမျှစာအုပ်အချို့ဟာ ရုရှားတွေ ကျူးကျော်တာ မှန်တယ်ဆိုတဲ့ အချက်ကို ဖော်ပြနေတာ ဖြစ်တယ်လို့ ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံများဘက်မှ ရပ်တည်တဲ့ စာရေးဆရာတစ်ဦးက မှတ်ချက်ချခဲ့ပါတယ်။

Most Read

Most Recent