တရားစွဲခံရသော အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူနှစ်ဦး၏ ရုံးချိန်းတွင် လိမ္မော်ရောင် ဖဲကြိုးလှုပ်ရှားမှု ပြုလုပ်

တရားစွဲခံရသော အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူနှစ်ဦး၏ ရုံးချိန်းတွင် လိမ္မော်ရောင် ဖဲကြိုးလှုပ်ရှားမှု ပြုလုပ်
Published 15 September 2015
မြင့်သူ

 
လုပ်ခလစာ တိုးမြှင့်ပေးရေးအတွက် ဆန္ဒပြမှုကြောင့် ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲခံထားရသော အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူ ကိုသူဇော်ကြည်ဝင်းနှင့် ကိုနိုင်ဇော်ကြည်ဝင်းတို့အား စက်တင်ဘာ ၁၅ ရက် ရန်ကင်းတရားရုံး၌ ဆက်လက်ရုံးထုတ်ခဲ့ပြီး ၎င်းတို့နှစ်ဦးနှင့် မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ ပူးပေါင်းကာ လိမ္မော်ရောင်ဖဲကြိုးကမ်ပိန်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
 
ယင်းနေ့ရုံးချိန်းတွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ စစ်ဆေးခဲ့ခြင်းမရှိဘဲ ဆန္ဒပြစဉ်က အလုပ်ရှင်နှင့် အလုပ်သမားတို့အကြား ညှိနှိုင်းဖျန်ဖြေပေးခဲ့သော ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်အား တရားခံပြသက်သေအဖြစ် တရားရုံးမှ ဆင့်ခေါ်စာထုတ်မှု ဆက်လက်လုပ်ဆောင်ခဲ့ပြီး စက်တင်ဘာ ၂၉ ရက်သို့ ရုံးချိန်း ပြန်လည်ချိန်းဆိုခဲ့ကာ ယင်းနေ့တွင် ဦးဇော်အေးမောင် တရားရုံးသို့ လာရောက်ပါက တရားခံပြသက်သေအနေဖြင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
 
ထို့ပြင် စက်တင်ဘာ ၁၅ ရက်ရုံးချိန်း၌ လိမ္မော်ရောင် ဖဲကြိုးကမ်ပိန်းအား အဆိုပါ ရန်ကင်းတရားရုံး၌ ပြုလုပ်ခဲ့ကြသည်။
 
“ဒီ လိမ္မော်ရောင်ဖဲကြိုးကမ်ပိန်း ပြုလုပ်ရတာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာ မတရားဖမ်းဆီး တရားစွဲထောင်ချခံထားရတဲ့ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ လယ်သမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးရေးအတွက် ဒီလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာပါ။ နောက်ပိုင်း တရားရုံးချိန်းတွေနဲ့ အခြားနေရာတွေမှာလည်း ဒီလို လိမ္မော်ရောင်ဖဲကြိုးလှုပ်ရှားမှုကို ထပ်မံပြုလုပ်သွားဖို့လည်း အစီအစဉ်ရှိပါတယ်”ဟု မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်သည့် ကိုပိုင်စိုးက စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားသည်။
 
ရွှေပြည်သာစက်မှုဇုန်ရှိ စက်ရုံသုံးရုံမှ အလုပ်သမား တစ်ထောင်ကျော် ပူးပေါင်းပြီး အခြေခံလစာ တိုးမြှင့်ပေးရေး သပိတ်စခန်းဖွင့် ဆန္ဒပြရာတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ဖေဖော်ဝါရီ ၂၀ ရက်က ပဋိပက္ခဖြစ်ပွားခဲ့ရာ အလုပ်သမားလေးဦး ဖမ်းဆီး၍ ပုဒ်မ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခဲ့ပြီး ၎င်းတို့အနက် ကိုသူဇော်ကြည်ဝင်းနှင့် နိုင်ဇော်ကြည်ဝင်းတို့အား  သြဂုတ် ၆ရက် ရုံးချိန်းတွင် ပုဒ်မ ၅၀၅(ခ)ဖြင့်ပင် စွဲချက်တင် အမိန့်ချခဲ့ကြောင်း သိရသည်။
 

Most Read

Most Recent