သန်လျင်၊ ကျောက်တန်းဒေသသည် ရန်ကုန်တိုင်းအတွင်း လူနေထိုင်မှု၏ ၂ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိသဖြင့် သီလဝါ အထူးစီးပွားရေးဇုန်နှင့် ဖွံ့ဖြိုးလာမည့် မြို့ပြစီမံကိန်းများ ရေးဆွဲရန် စဉ်းစားနေ

သန်လျင်၊ ကျောက်တန်းဒေသသည် ရန်ကုန်တိုင်းအတွင်း လူနေထိုင်မှု၏ ၂ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိသဖြင့် သီလဝါ အထူးစီးပွားရေးဇုန်နှင့် ဖွံ့ဖြိုးလာမည့် မြို့ပြစီမံကိန်းများ ရေးဆွဲရန် စဉ်းစားနေ
Published 13 September 2015

သီလဝါ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော် လုပ်ဆောင်နေသည့် သန်လျင်၊ ကျောက်တန်းဒေသသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သည့် မြို့ပြလူဦးရေ၏ ၂ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိနေသဖြင့် သီလဝါ အထူးစီးပွားရေးဇုန်နှင့် အတူ ဖွံ့ဖြိုးလာမည်ဖြစ်ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန အနေနှင့်လည်း မြို့ပြစီမံကိန်းများ ရေးဆွဲရန် စဉ်းစားထားကြောင်း သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဒေါက်တာသန်းသန်းသွယ်က ဆိုသည်။သီလဝါ အထူးစီးပွားရေးဇုန်အား အကောင်အထည် ဖော်ဆောင်ရာတွင် အခြားသော နိုင်ငံများ၏ စီးပွားရေးဇုန်များနှင့် နှိုင်းယှဉ်ပါက နှစ် ၂၀ ခန့် နောက်ကျနေသည့်အတွက် စီမံကိန်း အကောင်အထည် ဖော်ဆောင်ရာတွင် အားနည်းချက်များ ရှိနေပြီး ဒေသခံအချို့ ထိခိုက်မှု အနည်းငယ် ရှိခဲ့သော်လည်း ဒေသခံများ၏ ရေရှည်အကျိုးစီးပွားနှင့် သီလဝါ အထူးစီးပွားရေးဇုန် တည်ရှိရာ သန်လျင်၊ ကျောက်တန်း ဒေသကို မြို့ပြတစ်ခု အနေဖြင့် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မှုများလည်း စဉ်းစားနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသူလည်းဖြစ်သူ ဒေါက်တာ သန်းသန်းသွယ်က ပြောကြားသည်။သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံခွင့်ရ လုပ်ငန်း ၄၀ အနက် ယခုနှစ်ကုန်တွင် စက်ရုံငါးရုံ စတင်လည်ပတ်မည်ဖြစ်ကြောင်း သီလဝါအထူး စီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီမှ သိရသည်။ယခုနှစ် စက်တင်ဘာအထိ သီလဝါ အထူးစီးပွားရေးဇုန်တွင် ကုမ္ပဏီပေါင်း ၄၀ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုခဲ့ကာ အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်ကြောင်းနှင့် ဒုတိယ အများဆုံး နိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်ကြောင်း ပထမဆုံး အနေဖြင့် KOYORAD ကုမ္ပဏီသည် စက်တင်ဘာအတွင်း စက်ရုံဖွင့်လှစ်ရန် ရှိကြောင်း၊ နှစ်ကုန်တွင် Foster ကုမ္ပဏီ၊ Lu Thai Myanmar ကုမ္ပဏီ၊ Indorama ကုမ္ပဏီနှင့် Cute ကုမ္ပဏီတို့ စတင်ဖွင့်လှစ် လည်ပတ်နိုင်မည် ဖြစ်သည်။သီလဝါ အထူးစီးပွားရေးဇုန် ပထမအဆင့် အတွင်းရှိ စက်ရုံများ လည်ပတ်မည့် ဖွင့်ပွဲကို လာမည့် ရွေးကောက်ပွဲ မတိုင်ခင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေါ်သန်းသန်းသွယ်က ပြောကြားသည်။သီလဝါ အထူးစီးပွားရေးဇုန်အတွင်း လာရောက်မြှုပ်နှံထားသည့် လုပ်ငန်းများမှာ အဝတ်အထည်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ ပလတ်စတစ်လုပ်ငန်း၊ အစားအသောက်နှင့် ဆေးဝါးထုတ်လုပ်ငန်း၊ ကားနှင့် ကားပစ္စည်းလုပ်ငန်း အစရှိသည့် လုပ်ငန်းများ ပါဝင်သည်။သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (က) ၃၉၆ ဟက်တာအား ပထမအဆင့် ၂၁၁ ဟက်တာ၊ ဒုတိယအဆင့် ဟက်တာ ၁၅၀ နှင့် လူနေရပ်ကွက်နှင့် စီးပွားရေးနယ်မြေအဖြစ် ၃၅ ဟက်တာကို ခွဲေ၀ အသုံးပြုသွားမည်ဖြစ်ပြီး သီလဝါ အထူးစီးပွားရေးဇုန် ပထမအဆင့်အတွင်း စက်ရုံ အလုပ်ရုံများ သာမက ရဲစခန်း၊ မီးသတ်စခန်းများအပြင် နိုင်ငံတကာ အဆင့်မီ စာသင်ကျောင်း၊ ဆေးရုံ၊ ဈေးဝယ်စင်တာ၊ ကွန်ဒိုမီနီယံနှင့် အဆင့်မြင့် လူနေအိမ်များပါ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် စုစုပေါင်း ဧရိယာ ၂၃၄၂ ဟက်တာ ၅၇၈၇ ဒသမ ၁၇၈ ဧကရှိပြီး ပထမအဆင့် အပိုင်း(က) ဧရိယာတွင် ၃၉၆ ဒသမ ၀၆၂ ဟက်တာ ၉၇၈ ဒသမ ၆၉၁ ဧက ရှိကြောင်းနှင့် ဒုတိယအဆင့် အပိုင်း (ခ) တွင် ဟက်တာ ၂၀၀၀ ပါဝင်ကြောင်း၊ သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ ထုတ်ပြန်ချက်အရ သိရသည်။သီလဝါ အထူးစီးပွားရေးဇုန်အား မြန်မာ-ဂျပန် ပုဂ္ဂလိကနှင့် အစိုးရ အဖွဲ့အစည်းတို့ ပူးပေါင်းဖွဲ့စည်းထားသည့် Myanmar Japan Thilawa Development Limited မှ နေ၍ ရင်းနှီးတည်ဆောက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဖက်စပ်ကုမ္ပဏီတွင် မြန်မာဘက်မှ ၅၁ ရာခိုင်နှုန်းနှင့် ဂျပန်ဘက်မှ ၄၉ ရာခိုင်နှုန်း ရှယ်ယာများ ပါဝင်သည်။မြန်မာဘက်တွင် သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ ၁၀ ရာခိုင်နှုန်းနှင့် သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီမှ ၄၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံဘက်တွင် ဆူမီတိုမီ ကုမ္ပဏီ၊ မစ်ဆူဘီရှီ ကုမ္ပဏီနှင့် မာရူဘီရှီ ကုမ္ပဏီကြီး သုံးခုမှ ဦးဆောင်သော MMS Thilawa Development Co.,Ltd မှ ၃၉ ရာခိုင်နှုန်းနှင့် ဂျပန်အစိုးရ ကိုယ်စားပြုကာ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ၁၀ ရာခိုင်နှုန်း အသီးသီး ပါဝင်ကြောင်း သိရသည်။သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (က) တည်ဆောက်မှု လုပ်ငန်းများမှာ လက်ရှိအချိန်၌ ရာခိုင်နှုန်း ၉၀ ကျော် ပြီးစီးနေပြီ ဖြစ်သဖြင့် ဒုတိယအဆင့် ဟက်တာ ၅၀၀ ဆက်လက်အကောင်အထည်ဖော်နိုင်ရေး အကြိုလေ့လာရေး လုပ်ငန်းများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဦးဆက်အောင်က ဆိုသည်။