၂၀၁၅ စက်တင်ဘာ ၁ ရက်ကစပြီး တစ်ရက်အနိမ့်ဆုံးအခကြေးငွေကျပ် ၃၆၀၀ ပေးချေဖို့ သတ်မှတ်လိုက်ပြီးတဲ့သတင်းနဲ့အတူ စက်ရုံအလုပ်ရုံအချို့က လုပ်သားလျှော့ချမှုသတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
တစ်ရက်အနိမ့်ဆုံး အခကြေးငွေအသက်ဝင်ဖို့ နီးကပ်လာတဲ့သြဂုတ်လနောက်ဆုံးပတ်ကစတင်ပြီး စက်ရုံများ အများစုအခြေစိုက်တဲ့ ရန်ကုန်မြို့မှာလုပ်သား လျှော့ချမှုတွေရှိခဲ့သလို စက်ရုံအချို့လည်း ပိတ်သိမ်းမှုရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဝန်ထမ်းအင်အားလျှော့ချခြင်းများ၊ စက်ရုံအချို့ပိတ်သိမ်းခြင်းနဲ့အတူ စက်ရုံအချို့ကလည်း လုပ်သားများကို ယခင်က ပေးထားတဲ့ခံစားခွင့်များကိုလည်း လျှော့ချခဲ့တယ်လို့ အလုပ်သမားအဖွဲ့အစည်းဝင် အချို့က မီဒီယာတွေကို ပြောကြားတာတွေ့ရပါတယ်။ ခံစားခွင့်လျှော့ချရာမှာတော့ အချို့စက်ရုံတွေက ယခင်က အကြိုအပို့ဖယ်ရီမပေးတဲ့ဖြစ်ရပ်တွေရှိသလို အချို့စက်ရုံတွေမှာတော့ အဆောင်နေတဲ့သူတွေကို ယခင်ကလို ထမင်းမကျွေးတော့တဲ့ဖြစ်ရပ်တွေရှိနေပါတယ်။ အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေကတော့ အခုလိုလုပ်သားလျှော့ချမှုတွေနဲ့ စက်ရုံအချို့ပိတ်သိမ်းမှုတွေရှိနေ တယ်ဆိုတဲ့ဖြစ်ရပ်တွေဟာ တစ်ရက်အနိမ့်ဆုံး အခကြေးငွေသတ်မှတ်လိုက်ခြင်းနဲ့ သက်ဆိုင်မှုမရှိကြောင်း ပြောဆိုခဲ့ပါတယ်။ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနကို ကိုးကားဖော်ပြတဲ့သတင်း တွေအရတော့ သြဂုတ်လကုန်ပိုင်းမှ စက်တင်ဘာ ပထမပတ်အတွင်းအထိ အထည်ချူပ် စက်ရုံတစ်ရုံပိတ်သိမ်းခဲ့ပြီး လုပ်သားထောင်နဲ့ချီပြီး အလုပ်အကိုင်တွေဆုံးရှုံးခဲ့ကြတယ်လို့ ပါရှိပါတယ်။ အဲဒီဖြစ်ရပ်တွေဟာ လုပ်ငန်းအမှာရရှိမှုနည်းပါးခြင်း၊ ကုန်ကျစရိတ်နဲ့ ဝန်ဆောင်ခမြင့်တက်လာခြင်းစတဲ့အကြောင်း များကြောင့်ဖြစ်တယ်လို့ ပါရှိခဲ့ပါတယ်။
အခုထွက်ရှိလာတဲ့ တစ်ရက်အနိမ့်ဆုံး အခကြေးငွေကျပ် ၃၆၀၀ နဲ့ပတ်သက်ပြီး လုပ်သားတွေနဲ့အလုပ်ရှင်တွေအကြား ဆွေးနွေးငြင်းခုံမှုတွေရှိခဲ့သလို အထည်ချုပ်စက်ရုံ လုပ်ငန်းရှင်အများစုကတော့ အဲဒီနှုန်းထားနဲ့ပတ်သက်ပြီး သဘောမတူကြောင်း ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။ စက်ရုံလုပ်ငန်းရှင် အချို့တော့ စက်ရုံများပိတ်သိမ်းမယ်လို့ ခြိမ်းခြောက်ပြောဆိုတဲ့အထိ အနိမ့်ဆုံးအခကြေးငွေနဲ့ပတ်သက်ပြီး ငြင်းဆန်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ တကယ်တော့ အနိမ့်ဆုံးအခကြေးငွေကို ကျပ် ၃၆၀၀ သတ်မှတ်လိုက်တာကြောင့် စရိတ်စကတွေတက်လာခဲ့တာ အမှန်ဖြစ်ပေမယ့် ယနေ့လူနေမှုစရိတ်နဲ့ နှိုင်းယှဉ်ကြည့်ရင် တစ်ရက် ၃၆၀၀ နဲ့ရပ်တည်နိုင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ရန်ကုန်လိုမြို့ကြီးမှာ တစ်နေ့ထက်တစ်နေ့မြင့်တက်နေတဲ့ လူနေမှုစရိတ်တွေကို ကျပ် ၃၆၀၀ နဲ့ ကာမိအောင် သုံးစွဲနေနိုင်ဖို့ဆိုတာ ခြစ်ခြုတ်ခြိုးခြံ ပြီးနေကာမှတော်ကာကြတာဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ စက်ရုံဖယ်ရီမပေးဘူးဆိုတာတွေက လုပ်သားတွေအတွက် ကုန်ကျစရိတ်တွေ တက်စေပါတယ်။ တစ်လလုံးနားရက်မရှိအလုပ်လုပ်မှ ကျပ်တစ်သိန်းစွန်းစွန်းရမယ့် စက်ရုံလုပ်သားတွေအတွက် ဖယ်ရီမရတော့တဲ့အတွက် တစ်ရက်စက်ရုံအသွား အပြန်ကျပ် ၄၀၀ နဲ့ တွက်ရင် တစ်လကျပ်တစ် သောင်းနှစ်ထောင်လောက်ကုန်မယ် အနေအထားကလုပ်သားတွေကို ကျပ်တည်းမှုတွေ ဖြစ်ပေါ်စေပါတယ်။
တကယ်တော့ စက်ရုံအလုပ်ရုံတွေမှာ အခုလို လုပ်သားစရိတ်အပြင် အခြားကြီးမားတဲ့စရိတ်စက ဝန်ထုပ်ဝန်ပိုးတွေရှိနေပါတယ်။ လျှပ်စစ်မီးပုံမှန်မရလို့၊ နိုင်ငံခြားငွေ လဲလှယ်နှုန်းထားမတည်ငြိမ်လို့၊ လုပ်ငန်း အမှာစာမရလို့ဆိုတဲ့အကြောင်းအချက်တွေ ရှိနိုင်ပေမယ့် စက်ရုံအလုပ်ရုံတွေရဲ့ မြေငှားရမ်းခကြီးမြင့်နေတဲ့ စရိတ်စကတွေက စက်ရုံ၊ အလုပ်ရုံတွေအတွက် ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးဖြစ်ပါတယ်။ စက်ရုံ၊ အလုပ်ရုံတွေ တည်ဆောက်ရင်းနှီးမြှုပ်နှံရတဲ့ စက်မှုဇုန်တွေမှာ ကုန်ထုတ်လုပ်ငန်းမလုပ်ဘဲမြေကွက်နဲ့ ဂိုထောင်အလွတ်များ ဝယ်ယူထားမှုများနဲ့ မြေကွက်ဈေးနှုန်းများကြီးမြင့်နေမှုကြောင့် စက်ရုံ၊ အလုပ်ရုံတွေထူထောင်လုပ်ကိုင်ရာမှာ ရင်းနှီးမြှုပ်နှံရတဲ့ပမာဏတွေများနေတာ ဖြစ်ပါတယ်။ အချို့စက်ရုံတွေကမြေငှားပြီးလုပ်ရတော့ ကုန်ကျစရိတ်ထောင်းပါတယ်။ ဒါတွေရဲ့ အဓိကတရားခံကတော့ စက်မှုဇုန်တွေမှာ လုပ်ငန်းမလုပ်ဘဲ မြေကွက်တွေဦးထားသူတွေပဲဖြစ်ပါတယ်။ မြေတွေဦးထားပြီး မတန်တဆဈေးနဲ့ မြေငှားစား၊ ဈေးမြှင့်ပြီး ရောင်းကြတာကြောင့် စက်ရုံ၊ အလုပ်ရုံတွေဟာ မြေကွက်မှာ ပမာဏများစွာရင်းနှီးမြှုပ်နှံရတာများတဲ့အတွက် လုပ်သားတွေကို လစာပေးချေမှုတွေမှ လိုအပ်ချက်တွေရှိလာပါတယ်။ ဒီလိုလုပ်ငန်းမလုပ်ဘဲ မြေဦးထား တဲ့သူတွေရှိနေကြောင်းပြီး မီဒီယာများက မကြာခဏဝေဖန်ရေးသားမှုများနဲ့ လွှတ်တော်အတွင်း မေးမြန်းမှုများရှိခဲ့တဲ့နောက် လုပ်ငန်းလုပ်ကိုင်ခြင်းမရှိဘဲ စက်မှုဇုန်မြေကွက်ရယူထားသူများလုပ်ငန်းမလုပ်ပါက ပြန်သိမ်းမယ်လို့ ပြီးခဲ့တဲ့နှစ်အတွင်းက သက်ဆိုင်ရာက တရားဝင်ကြေညာခဲ့ပါတယ်။
အဲဒီကြေညာချက်မှာတော့ စက်မှုဇုန်တွေမှာ လုပ်ငန်းမလုပ်ဘဲ မြေကွက်တွေပိုင်ဆိုင်ထားသူတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီးစက်မှုဇုန်များ စီမံခန့်ခွဲရေးကော်မတီက လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသေးတဲ့ စက်မှုမြေကွက်လွတ်နဲ့ ဂိုဒေါင်များကို ပိုင်ဆိုင်ထားသူများဟာ ဆောင်ရွက်မယ့်လုပ်ငန်း အမျိုးအစား၊ တည်ဆောက်ရေးကာလ၊ စီးပွားဖြစ်စတင်လည်ပတ်မယ့်ရက်၊ ဘဏ္ဍာငွေကြေးရင်းနှီးမြှပ်နှံမှုနဲ့ ရရှိမှုအချက်အလက်များကို ပြည့်စုံစွာဖော်ပြထားတဲ့ Detail Business Plan ကို ၂၀၁၄ ဒီဇင်ဘာ ၁ ရက် နောက်ဆုံးထားပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်များ စီမံခန့်ခွဲရေးကော်မတီ) ကို ပေးပို့တင်ပြရမယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီလို တင်ပြမှုတွေကို စီစစ်အတည်ပြုပြီး၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ထက်နောက်မကျစေဘဲ စတင်အကောင်အထည် ဖော်ဆောင်ရွက်ဖို့နဲ့ ဆောင်ရွက်နိုင်ခြင်းမရှိပါက မြေကွက်တွေကို နိုင်ငံတော်ကို ပြန်လည်အပ်နှံရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်များ စီမံခန့်ခွဲရေးကော်မတီက နှိုးဆော်ခဲ့ပါတယ်။ သို့ပေမဲ့လည်း အဲဒီနောက်ပိုင်းမှာတော့ စက်မှုဇုန်မြေကွက်နေရာဦးထားသူများနဲ့ ဆောင်ရွက်ချက်တွေကို မမြင်ရမကြား ရတော့တာ ဒီနေ့အထိဖြစ်ပါတယ်။
တကယ်တော့ စက်မှုဇုန်မြေကွက်များကို ပိုင်ဆိုင်ထားသူများဟာ ယခင်ဝယ်ယူစဉ်ကတည်းက စက်မှုလက်မှုလုပ်ငန်းအတွက ်မြေအသုံးပြုခွင့်အမိန့်မှာ မြေကွက်ရရှိပြီးတဲ့နေ့မှ သုံးလအတွင်းအဆောက်အအုံ ဆောက်လုပ်ပြီး စတင်အသုံးပြုရမယ်လို့ စည်းကမ်းနဲ့ ဝယ်ခဲ့ကြရတာဖြစ်ပါတယ်။ ဒီနေ့အချိန်မှာတော့ ဘယ်သူတွေကမြေကွက်တွေ ယူထားပြီး ဘာတွေတင်ပြကြလို့ လုပ်ငန်းမလုပ်တဲ့သူတွေကို ဘယ်လိုအရေးယူပြီး ဘယ်လိုမြေကွက်တွေပြန်သိမ်းလိုက်တယ်ဆိုတဲ့ တရားဝင်ထုတ်ပြန်ချက်တွေကို ယနေ့ အထိ မတွေ့ရသေးပါဘူး။ ဒီလိုပဲ စက်မှုဇုန်မြေကွက်တွေလည်း နေရာလွတ်တွေရှိမြဲ ဈေးတွေလည်း ဆက်တက်ဆဲဆိုတဲ့အနေအထားသာရှိနေပါတယ်။ တကယ်တော့ စက်မှုဇုန်တွေမှာ လုပ်ငန်းမလုပ်ဘဲရှိနေတဲ့ မြေကွက်တွေ၊ ဂိုဒေါင်အရေအတွက်ဟာ မနည်းလှပါဘူး။ ပြီးခဲ့တဲ့နှစ်ထုတ်ပြန်ချက်အချို့အရ စက်မှုဇုန်၂၉ခု အတွင်း လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသေးတဲ့ စက်မှုမြေကွက်လွတ် ၂၃၃၉ ကွက်နဲ့ ဂိုဒေါင် ၁၂၉၉ လုံးရှိနေပြီး အဲဒီမြေကွက်လွတ်နဲ့ ဂိုဒေါင်များရဲ့ ဧရိယာဟာ ၄၄၁၈ ဧကကျော်ရှိနေပြီး အဲဒီဧရိယာဟာ ရန်ကုန်ရှိစက်မှုဇုန်ဧရိယာအားလုံးရဲ့ နှစ်ဆယ်ရာခိုင်နှုန်းအထိရှိပါတယ်။ စက်မှုဇုန်တွေမှာ ဒီပမာဏလောက်အထိ လစ်လပ်နေတဲ့နေရာတွေရှိနေပေမယ့် ရန်ကုန်က စက်မှုဇုန်မြေဈေးကြီးလို့ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူတွေ လက်တွန့်ကြပါတယ်။စက်ရုံတည်ခြင်လို့ လာရှာသော်လည်း အမြတ်ကြီးစားဖို့ မြေနေရာဦးထားသူတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေ အခက်တွေ့နေကြရပါတယ်။
ဒီလိုစက်ရုံအလုပ်ရုံတွေ ရင်းနှီးမြှုပ်နှံဖို့ အခက်တွေ့လာတဲ့နောက်အလုပ်သမားတွေ အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ လျော့နည်းစေပါတယ်။မြေငှားခ၊ မြေဝယ်ခတွေမှာ ဈေးကြီးတွေမိခဲ့တာကြောင့် လုပ်သားတွေအတွက် လုပ်ခလစာကိုတော့ စက်ရုံပိုင်ရှင်တွေက နည်းနည်းပဲပေးနိုင်တော့ပါတယ်။ ဒီလိုအကြောင်းတရားတွေအပြင် အနိမ့်ဆုံးအခကြေးငွေထွက်လာတဲ့ နောက်ပိုင်းမှာတော့ အခုလိုလုပ်သားလျှော့ချမှုတွေ၊ လုပ်သားရပိုင်ခွင့်တွေလျှော့ချမှုတွေရှိလာခဲ့တာဖြစ်ပါတယ်။ ဒီအတွက် လုပ်သားတွေရဲ့လုပ်ခလစာတွေကိုပါ သက်ရောက်မှုရှိစေတဲ့ စက်မှုဇုန်မြေကွက်မြေငှားခကဲ့သို့ အထွေထွေကုန်ကျစရိတ်တွေကို လျှော့ချပေးနိုင်မယ့် အစီအစဉ်တွေလုပ်ပေးဖို့ လိုပါတယ်။လုပ်ငန်းမလုပ်ဘဲ စက်မှုဇုန်မြေတွေဦးထားတဲ့ သူတွေကို ဖော်ထုတ်ပြီး တကယ်ထိုက်သင့်တဲ့ နှုန်းထားတွေဖြစ်အောင်လုပ်ဖို့ လိုပါတယ်။ ဒါမှသာ အများပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေဖော်ထုတ်ပေးနိုင်မယ့် စက်ရုံအလုပ်ရုံရင်းနှီးမြှုပ်နှံသူတွေလည်း လုပ်သာကိုင်သာရှိလာပြီး လုပ်ခလစာများကိုလည်း ထိုက်တန်စွာပေးချေ ဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်းများဖြစ်ပေါ်လာမှာဖြစ်ပါကြောင်း လုပ်ခနည်းလုပ်သား များကိုယ်စား ရေးသားတင်ပြလိုက်ရပါတယ်။










