လွှတ်တော်များ ရပ်နားလိုက်သည့်အတွက် Condominium Law မှာ ယခုအစိုးရ သက်တမ်းအတွင်း ပြဋ္ဌာန်းနိုင်ဖွယ် မရှိသဖြင့် ရပ်ဆိုင်းလု အိမ်ခြံမြေဈေးကွက် ပြန်လည်ကောင်းမွန်စေရန် အခွင့်အလမ်း နည်းပါးသွား

လွှတ်တော်များ ရပ်နားလိုက်သည့်အတွက် Condominium Law မှာ ယခုအစိုးရ သက်တမ်းအတွင်း ပြဋ္ဌာန်းနိုင်ဖွယ် မရှိသဖြင့် ရပ်ဆိုင်းလု အိမ်ခြံမြေဈေးကွက် ပြန်လည်ကောင်းမွန်စေရန် အခွင့်အလမ်း နည်းပါးသွား
Published 9 September 2015
ဖြိုးဝေ

နိုင်ငံခြားသားများကို ဝယ်ယူခွင့်ပြုမည့် အချက် ပါဝင်မှုကြောင့် ရပ်ဆိုင်းလုဖြစ်နေသည့် အိမ်ခြံမြေဈေးကွက် ပြန်လည်ကောင်းမွန်လာစေနိုင်သည့် Condominium Law မှာ လွှတ်တော်များ ရပ်နားလိုက်သည့်အတွက် ယခုအစိုးရ သက်တမ်းအတွင်း ပြဋ္ဌာန်းနိုင်ဖွယ် မရှိတော့သဖြင့် အိမ်ခြံမြေဈေးကွက် ပြန်လည်ကောင်းမွန်လာရန် အခွင့်အလမ်း နည်းပါးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။အိမ်ခြံမြေဈေးကွက် ပြန်လည်ကောင်းမွန်လာရန်အတွက် အစိုးရအနေနှင့် ပါဝင်ကူညီပေးရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် အိမ်ခြံမြေဈေးကွက် ကျဆင်းနေမှုမှာ ၉၅ ရာခိုင်နှုန်းခန့် ရှိနေပြီဖြစ်ကြောင်း တော်ဝင်ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးကိုကိုထွေးက ဆိုသည်။“ကွန်ဒိုလောထွက်လာရင် ရပ်တန့်နေတဲ့ အိမ်ခြံမြေဈေးကွက် အသက်ရှူချောင်လာမလား။ ဈေးကွက်များ ပြန်တက်လာမလားလို့ မျှော်လင့်လို့ ရပါတယ်။ နောက်တစ်ခုက ဒီဥပဒေအရ ကွန်ဒိုတိုက်ခန်းတွေကို ပေါင်နှံလို့ ရလာမယ်။ ရောင်းလို့ရလာမယ်။ မြေပိုင်ဆိုင်ခွင့် ရလာမယ်။ ရေနစ်တဲ့ အချိန်မှာ ကောက်ရိုးလေးတစ်မျှင်ပဲရရ အခုလို အိမ်ခြံမြေဈေးကွက် ကျနေချိန်မှာ ကွန်ဒိုလောလေး ထွက်လာရင် ပိုများကောင်းလာမလားလို့ မျှော်လင့်တာပါ” ဟု MKT ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမျိုးမြင့်က ဆိုသည်။စုပေါင်းပိုင် အဆောက်အအုံ ဥပဒေ (Condominium Law) သာ အတည်ပြု ပြဋ္ဌာန်းလိုက်ပါက ရန်ကုန်မြို့၏ အဆောက်အအုံဈေးများ နှစ်ဆခန့် မြင့်တက်လာနိုင်သဖြင့် အမြဲတမ်းနေထိုင်ခွင့် ရရှိသူ နိုင်ငံခြားသားများကိုသာ ဝယ်ယူခွင့်ပြုသင့်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အကြံပေး မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်က ပြောကြားသည်။ကွန်ဒိုမီနီယံ တိုက်ခန်းများကို နိုင်ငံခြားသားများ ရာခိုင်နှုန်း ၄၀ အထိ ပိုင်ဆိုင်ခွင့်ပေးရန် ဆိုသည်မှာ ၁၉၄၇ ခုနှစ် Immovable Properties Act အရလည်း မဖြစ်နိုင်သကဲ့သို့ ပိုင်ဆိုင်ခွင့်ပေးမည် ဆိုပါက မြေဈေး၊ အိမ်ဈေး၊ တိုက်ခန်းဈေးများ ယခုထက် မြင့်တက်လာနိုင်သဖြင့် မဖြစ်သင့်ကြောင်း ဒေါက်တာကျော်လတ်က ပြောကြားသည်။    မြန်မာနိုင်ငံ၏ မြေဈေးနှုန်းများ နှစ်ဆခန့် မြင့်တက်လာနိုင်သဖြင့် ယင်းဥပဒေပါ နိုင်ငံခြားသားများအား ဝယ်ယူခွင့်ပြုထားမှုကို ကန့်ကွက်မှုများ ပြုလုပ်ခဲ့သဖြင့် အဆိုပါ Condominium Law ပြဋ္ဌာန်းပြီးနောက် နည်းဥပဒေများ ဆက်လက်ထွက်ပေါ်လာမှုမှာ သုံးနှစ်ခန့် နှောင့်နှေးခဲ့သော်လည်း လက်ရှိအချိန်တွင် ကန့်ကွက်မှုများ ရှုံးနိမ့်ခဲ့ပြီး Condominium Law အား ပြဋ္ဌာန်းတော့မည်ဖြစ်ကြောင်း ဒေါက်တာကျော်လတ်က ဆိုသည်။“ကွန်ဒိုမီနီယံ ဥပဒေက ကောင်းမွန်တဲ့ အလားအလာတွေ ဖြစ်ပေါ်လာနိုင်မယ်လို့ ထင်ပါတယ်။ နိုင်ငံခြားသားတွေ ကွန်ဒိုတိုက်ခန်းများကို ဝယ်ယူနိုင်ခွင့်ကတော့ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်ကိုပါ အထောက်အပံ့ ဖြစ်နိုင်မှာပါ။ ပျော့ပျောင်းတဲ့ ကန့်သတ်ချက်တွေ ရှိနေဖို့ လိုအပ်ပြီး ဖယ်ရှားဖို့လောက် အထိတော့ မလိုအပ်ပါဘူး။ ထိုင်းနိုင်ငံမှာ ဆိုရင်လည်း နိုင်ငံခြားသားတွေ ကွန်ဒိုဝယ်ယူ နေထိုင်နိုင်ပါတယ်” ဟု House.com.mm မှ မန်နေးဂျင်းဒါရိုက်တာ Jan Sommerfeld က ဆိုသည်။ အဆိုပါ ဥပဒေသည် လုပ်ငန်းရှင် အချို့အတွက်သာ အကျိုးရှိနိုင်ပြီး ကျန်ပြည်သူများအတွက် အကျိုးမရှိနိုင်သည့်အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၄၇ ခုနှစ် Immovable Properties Act စသည့် ဥပဒေများနှင့်လည်း ဆန့်ကျင်ဘက် ဖြစ်နေကြောင်း ဦးကိုကိုထွေးက ဆိုသည်။“နံပါတ် ၁ အားနည်းချက်က တိုက်ခန်းရေ သိန်းနဲ့ချီပြီး ရှိတဲ့ ရန်ကုန်မြို့မှာ ကွန်ဒိုမီနီယံလောနဲ့ အကျုံးဝင်နိုင်တဲ့ တိုက်ခန်းက ထောင်ဂဏာန်းလောက်ပဲ ရှိမယ်။ ဥပဒေတစ်ရပ်က အများပြည်သူနဲ့ ကိုက်ညီရမယ့်အချက် ဒီအချက်နဲ့ မကိုက်ညီဘူး။ ကွန်ဒိုမီနီယံလောမှာ နိုင်ငံခြားသားကို ရောင်းဖို့ လုပ်ထားတယ်။ နိုင်ငံခြားသားကလည်း တရားဝင် ဝယ်ချင်တယ်။ ဒီမှာ တရားမဝင် ဝယ်ထားသူတွေ ရှိတယ်။ သူတို့ကို ဘယ်လိုတရားဝင်အောင် လုပ်ပေးမလည်းဆိုတာ မပါဘူး။ နောက်ပြီး နိုင်ငံခြားသားတွေတိုင်းက သူဌေးတွေ မဟုတ်ဘူး။ ပိုက်ဆံချမ်းသာတဲ့ မီလျံနာတွေက တခြားတိုင်းပြည်တွေမှာ နေမှာပါ။ နောက်ပြီး မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ ရွှေ့ပြောင်းခြင်းဆိုင်ရာ ကန့်သတ်ချက် ၁၉၄၇ ခုနှစ် Immovable Properties Act ဥပဒေနဲ့ ကန့်သတ်ထားတာကို မချေဖျက်နိုင်ဘဲနဲ့ Condominium Law က မအောင်မြင်နိုင်ပါဘူး။ ဒီဥပဒေကို ချေဖျက်လိုက်ရင်လည်း မြေယာဥပဒေတွေ အများကြီး ဖြစ်လာမယ်။ မချေဖျက်ရင်လည်း ဥပဒေနှစ်ခု ဆန့်ကျင်ဘက် ဖြစ်နေမယ်။ အခု ဒီဥပဒေအရ မြေမပါဘဲ ရောင်းထားတဲ့ တိုက်ခန်းတွေကို မြေပါပေးလိုက်ရမယ်ဆိုရင် အခြေခံဥပဒေနဲ့လည်း ဆန့်ကျင်ဘက် ဖြစ်နေမယ်။ ဒီလို ဆန့်ကျင်နေရင် စတင်ပြဋ္ဌာန်းကတည်းကကိုပဲ ပျက်ပြယ်တဲ့ ဥပဒေ ဖြစ်နေမယ်” ဟု တော်ဝင်ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးကိုကိုထွေးက ဆိုသည်။