ဂူပြောက်ကြီးဘုရားသို့ ကျွန်တော်တို့ ရောက်ချိန်သည် ညနေစောင်းအချိန်ဖြစ်သည်။ ဂူဘုရားအတွင်းသို့ လှမ်းဝင်လိုက်ချိန်မှာ “ဓာတ်ပုံမရိုက်ရ” ဟူသော ဆိုင်းဘုတ်တစ်ခုက ဆီးကြိုနေသည်။ ထိုဆိုင်းဘုတ်မျိုးကို တခြားဘုရားများတွင် မတွေ့ရဘဲ ဂူပြောက်ကြီးမှာမှ တွေ့မြင်ရခြင်းက ထူးခြားချက်တစ်ရပ်ပင်။ “တကယ်ဆို ဘုရားတိုင်းက အဲဒီလိုဖြစ်ရမှာ” ကျွန်တော်တို့ထဲမှတစ်ယောက်က လှမ်းပြောသံကို ကြားလိုက်ရသည်။
ဘုရားရောက်ပြီဆိုသည်နှင့် ကျွန်တော်တို့အုပ်စုသည် ဖုန်းလေးတွေထုတ်ကာ ဓာတ် ပုံတစ်ဖျပ်ဖျပ်ရိုက်ကြသည်။ ဂူပြောက်ကြီးအထဲမှာတော့ ဓာတ်ပုံရိုက်ချင်သည့် စိတ်ကို မျိုသိပ်ကာ ဘုရားဦးချရပါတော့သည်။ ထို့နောက် ဂူနံရံပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရန် အတူပါလာသည့် Guide က မီးလုံးတပ်ထားသည့် ပလပ်ခုံလေးကို ကောက်ကိုင်ကာ မီးဖွင့်လိုက်သည်။ ထိုမီးသီးမှလာသည့် အလင်းဖြင့် မှောင်မဲနေသော ဂူအတွင်းထဲမှ နံရံပန်းချီများကို ကြည့်ရပါသည်။ တော်တော်များများ ရှေးလက်ရာမပျက် ကျန်ရစ်နေကြသေးသည်မှာ ဝမ်းသာစရာကောင်းသည်။
ဂူပြောက်ကြီးဘုရားကို ထိန်းသိမ်းစောင့်ရှောက်သူများကို ကျွန်တော်ချီးကျူးမိသည်။ ကျေးဇူးလည်းတင်မိသည်။ ရှေးမူမပျက် ရှေးလက်ရာများကို ထိုကဲ့သို့ ရိုရိုသေသေ မြတ်မြတ်နိုးနိုးထိန်းသိမ်းထားသည်ကို တွေ့ရ သည့်အတွက်လည်း အားတက်မိပါသည်။ ဂူ အတွင်းမှောင်မှောင်ထဲမှာ မီးရောင်အလင်း ဖြင့် ဝိုးတဝါးမြင်ရသော ပုဂံပန်းချီသည် တစ်မျိုးလွမ်းစရာကောင်းသည်။ ပုဂံခေတ်ကို ရောက်သွားသလို ခံစားရသည်။ ရှေးပုဂံသားတို့၏ အနုပညာကို အံ့သြစိတ်၊ ချီးကျူးစိတ်၊ လေ့လာချင်စိတ်၊ ဂုဏ်ယူချင်စိတ်တို့ဖြင့် ကြည့်မိသည်။
ပုဂံခေတ် ပန်းချီပညာရှင်တို့၏ သွယ်ပျောင်းနွဲ့နှောင်းသော စုတ်ချက်များ။ တစ်ကြောင်းဆွဲ သရုပ်ဖော်ပုံလက်ရာများ။ ဆေးရောင်သွင်းထားပုံ၊ ဆေးရောင်ခြယ်သထားပုံများသည် အခုခေတ်ပန်းချီများနှင့် နှိုင်းယှဉ်လျှင် တစ်မျိုးထူးခြား ဆန်းသစ်နေသည်ဟု ထင်ရသည်။ ပုဂံခေတ်ပန်းချီသည် အနောက် တိုင်းဟန်မနှောသော အရှေ့တိုင်းဟန်သက်သက်ဟု စာထဲမှာဖတ်ဖူးသည်။ ထို့အပြင် ပုဂံခေတ်ပန်းချီဆရာများသည် အနောက်တိုင်းသားပန်းချီဆရာများလို မျက်မြင်ကိုယ်တွေ့ကို မရေး။ အာရုံမြင်ကို ရေးခြယ်သည်ဟု ဆိုပါသည်။ ပကတိမျက်စိထက် ဉာဏ်မျက်စိကို အားကိုးပြီးဆွဲသည်ဟုလည်း မှတ်သားရဖူးပါသည်။ ဂူပြောက်ကြီး၏ နံရံပန်းချီများသည် ထိုအချက်ကို ကောင်းကောင်းသက် သေပြနေသည်ဟု ထင်မိသည်။
ထိုကဲ့သို့ လှည့်ပတ်ကြည့်နေစဉ် ကျွန်တော်တို့အနောက်ဘက်မှ အသံအချို့ကြား လိုက်ရသည်။ “ No No” ဟု ဟန့်တားသံနှင့် အတူ “ Light Light ” ဟု ပြန်ပြောသံကိုလည်း ကြားရသည်။ နိုင်ငံခြားသားတစ်ယောက်နှင့် ဂူပြောက်ကြီးမှ အဘဖြစ်သူတို့ အပြန်အလှန် ပြောနေကြခြင်း ဖြစ်သည်။ နိုင်ငံခြားသားက ဖုန်းထုတ်လိုက်ခြင်းကို ထိုအဘက ဓာတ်ပုံရိုက်နေသည့်အထင်ဖြင့် ဟန့်တားလိုက်ပုံရ သည်။
“အဘ သူက ဖုန်းထဲကမီးနဲ့ နံရံပန်းချီကို ကြည့်မလို့ပါ” ဟု တစ်ယောက်က လှမ်းပြောလိုက်သောအခါ “မသိဘူးလေဗျာ၊ သူတို့က ဓာတ်ပုံရိုက်သလိုလို ဓာတ်မီးထုတ်သလိုလိုနဲ့၊ တချို့က မသိမသာ ခိုးရိုက်သွားတာ ရှိတယ်ဗျ” ဟု အဘက ကျွန်တော်တို့ဘက် လှည့်ပြောသည်။
ဂူပြောက်ကြီးကို စိတ်ကြိုက်လှည့်ပတ် ကြည့်ပြီးနောက် ဂူအရှေ့ဘက်မုခ်ဝနားမှာ တစ်အောင့်တစ်နား ထိုင်မိသည်။ စောစောက အဘက ကျွန်တော်တို့ဘက်လှည့်ကြည့်ကာ “ ဘယ်အရပ်ကလာကြသလဲ” ဟု လှမ်းမေးသည်။ “ ရန်ကုန်ကပါ အဘ” ဟု ဖြေသောအခါ “ သြော်” ဟု ရေရွတ်သည်။ ကျွန်တော် ထိုအဘကို ကြည့်မိသည်။ ထို့နောက် အဘဘေးမှာ ဇနီးဖြစ်ဟန်တူသော အဘွားအိုကိုလည်း ငေးမိသည်။ ထိုအဘပုံစံက ဂူပြောက်ကြီးဘုရားကို ထိန်းသိမ်းရမည့်တာဝန်မှာ သူ့တာဝန်ဟု ယူဆထားပုံရသည်။ ထို့ကြောင့်လည်း ဖုန်းထုတ်သူတွေ့တိုင်း သေချာဂရုတစိုက်လိုက်ကြည့်ကာ ဟန့်တားနေခြင်းဖြစ် သည်။ သူ့စိတ်ထဲမှာ ဂူပြောက်ကြီးအတွက် စိုးရိမ်မကင်းဖြစ်နေပုံရသည်။ ဂူပြောက်ကြီး တစ်ခုခုဖြစ်သွားမှာကို လိုလားပုံမရသော အဘကို ကျွန်တော်တို့ အုပ်စုငေးကြည့်နေမိသည်။
“ ဒီမှာကွယ့် တို့ရှေးမြန်မာလူမျိုးတွေက မညံ့ဘူးကွယ့်။ မင်းတို့တွေ့လား ခုဘုရားဆင်းတုတော်မှာ နေရောင်ခြည်အလင်းနဲ့ဝင်းနေတာ တခြားအကြောင်းမဟုတ်ဘူးကွယ့်။ အဲ ဒါပုဂံဗိသုကာရဲ့ ထူးခြားချက်ပဲ” “ဘယ်လို ထူးခြားချက်လဲ အဘ” “ခုလို ဘုရားဆင်းတုတစ်ဝိုက်ကို လင်းထိန်နေအောင် ဟောဒီအ ဝင်မုခ်ဝအခုံးနဲ့ ဟောဒီကြမ်းပြင်ကို ချိန်ညှိထားတာကွယ့်” “ဟုတ်လား အဘ ရှင်းပြပါဦး” “ဒီဘုရားရဲ့ အရှေ့ဘက်မှာ အပေါ်က အပေါက်ဖောက်ထားတယ်။ အဲဒါ မနက်ခင်း Morning Light ကို လိုချင်လို့။ အဲဒီအလင်းက ဘုရားဆင်းတုဆီကို ရောက်တယ်။ နောက် နေမွန်းတည့်သွားတဲ့အခါ အဲဒီအလင်းမရှိတော့ဘူး။ ဒါပေမဲ့ ပတ်ဝန်းကျင်မှာ Natural Light လို့ခေါ်တဲ့ သဘာဝအလင်းရှိသေးတယ်။ ဒီသဘာဝအလင်းက ဒီအရှေ့ဘက်မုခ်ဝအခုံးကနေ ဝင်လာပြီး ဟောဒီ ကြမ်းပြင်ပေါ်ကိုရောက်တယ်။ အဲဒီကြမ်းပြင်ကနေ ရောင် ပြန်ထွက်လာတဲ့အလင်းက ဘုရားပလ္လင်ခုံ နဲ့ ဆင်းတုတော်တစ်ဝိုက်ကို ရောက်တော့တာပေါ့ကွယ်”။
ဟုတ်သားပဲ။ အဘရှင်းပြမှ ဒီအလင်း ဘယ်ကလာသလဲဆိုတာ သေချာစဉ်းစားမိသည်။ ကျွန်တော်တို့ထိုင်နေသည့် မုခ်ဝအနားမှနေ၍ ဘုရားဆင်းတုတော်ကို ရှင်းရှင်းလင်းလင်းဝင်းဝင်းပပ မြင်နေရသည်မှာ ဒါကြောင့်ကိုး။
“အောင်မာ အဲဒီအလင်းရဖို့ သေချာချိန် ထားတာကွ။ ဟောဒီ မုခ်ဝအခုံးကဝင်လာတဲ့ အလင်း လိုချင်တဲ့ဆီကိုရောက်ဖို့ ကြမ်းပြင်ကို နိမ့်လိုက် မြင့်လိုက်ကစားပြီး ချိန်ညှိရတာကွယ့်။ ဘာမှတ်လို့လဲ။ ပုဂံခေတ်က ပညာရှင်တွေက အဲဒီလောက်အထိ စဉ်းစားပြီး အလုပ်လုပ်ခဲ့ကြတာကွယ့်”
ကျွန်တော်တို့ အုပ်စု အဘစကားကို ခေါင်းတညိတ်ညိတ်နှင့် စဉ်းစားနားထောင်နေမိသည်။ ကျောင်းနေစဉ်က Physic သင်တော့ ရိုက်လင်းတန်း ပြန်လင်းတန်းအကြောင်း လေ့လာခဲ့ရဖူးသည်။ ပုဂံခေတ်ဗိသုကာ ပညာရှင်တွေကတော့ ထိုခေတ်ကတည်းက အဆိုပါသဘောတရားတွေကို လက်တွေ့အသုံးချခဲ့ပြီး ဖြစ်နေပါလားဟု စဉ်းစားပြီး အံ့သြမိပါသည်။ ကျွန်တော်တို့အုပ်စု ဂူပြောက်ကြီးမှ ထွက်လာသည်အထိ ထိုအလင်းတန်းက ကျွန်တော့်အတွေးထဲ ကပ်ပါလာနေတုန်းပါပဲ။
ဂူပြောက်ကြီးကို တည်ခဲ့သူက ရာဇကုမာရမင်းသား။ သူ့ဖခင်က ကျန်စစ်သားမင်းကြီးဖြစ်သည်။မင်းကြီး နန်းစံသက် နှစ်ဆယ့် ရှစ်နှစ်လွန်မြောက်၍ သေအံ့မူးမူးအချိန်သို့ ရောက်သောအခါ ရာဇကုမာရသည် သူ့ ဘုရားမှာ ဌာပနာရန် ရွှေဆင်းတုတစ်ဆူကို သွန်းလုပ်၍ ဖခင်မင်းကြီးကို ပြသလေသည်။ ထို့နောက် ‘ခမည်းတော် လှူတော်မူပါ’ ဟု ပြောသောအခါ မင်းကြီးက သာဓုသုံးကြိမ် ခေါ်တော်မူပါသည်။ ရာဇကုမာရလို ကျေးဇူးသိတတ်သည့် သားကြောင့် ဖခင်ကျန်စစ်သား မင်းကြီးပီတိဖြစ်ကာ ဘဝကူးကောင်းခဲ့မည်မှာ သေချာလှပါသည်။ ထို့ကြောင့် ဂူပြောက်ကြီးဘုရားနှင့် ပတ်သက်၍ ဆရာဇော်ဂျီက ‘သား၏မေတ္တာ ဖမှာပီတိ’ ဟူသော ခေါင်းစဉ် နှင့် ကဗျာတစ်ပုဒ်ဖွဲ့ခဲ့ခြင်း ဖြစ်မည်။ ထိုကဗျာ ၏ နိဂုံးပိုင်း၌-
ယခုခေတ်တွင်
နှစ်ကိုးရာနီး၊ ဂူပြောက်ကြီးသည်
သက်ကြီးရွယ်အို၊ ပြန်မပျိုသို့
ထိုထိုအလှ
အထွတ်ကသည်၊ ဖိနပ်ဆီထိ
နွမ်းပိနွမ်းပါး၊ ဟောင်းလာငြားလည်း
သား၏မေတ္တာ၊ ပြတင်းဇာ၌
ဖမှာပီတိ
ဂူ၏ သီခရ၊ ကွမ်းတောင်ကြွ၌
လှပစိုပြည်၊ ရှိကြသည်တည့်
ငါ့ညီနောက်တစ်ခေါက်၊ ပုဂံရောက်က
ဂူပြောက်တရား၊ ဖနှင့်သားကို
ရှုပွားသတိ ပြုပါဘိ-
ဟု ရေးဖွဲ့ခဲ့ပါသည်။
ဖခင်အပေါ်ထားသော ရာဇကုမာရ၏ မေတ္တာတရားသည် ဂူပြောက်ကြီး၏ ပထမအလင်းတန်းဟု ဆိုပါမူ ထိုဘုရားမှာ တွေ့ခဲ့ရသော အဘပြောပြသည့် အလင်းတန်းသည် ဂူပြောက်ကြီး၏ ဒုတိယအလင်းတန်း ဖြစ်မည် ထင်ပါသည်။ ထိုအလင်းတန်းနှစ်ခုသည် ဂူပြောက်ကြီးသို့ ရောက်လာသူတိုင်းအား အစဉ်ထာဝရ လမ်းပြနေလိမ့်မည်ဟု ကျွန်တော်ယုံကြည်နေမိပါသည်။










