အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကယားပြည်နယ်ရှိ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဘောလခဲ၊ ဖားဆောင်းနှင့် မယ်စဲ့ စသည့်မြို့နယ်များမှ ဒေသခံများနှင့် တွေ့ဆုံပြီး ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ပြုလုပ်မည်ဖြစ်ရာ အဆိုပါ ခရီးစဉ်ကို စက်တင်ဘာ ၁၀ ရက်မှ စတင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ဒေါ်အောင်ဆန်းစုကြည်သည် မူလက ကယားပြည်နယ် ခုနစ်မြို့နယ်စလုံးသို့ သွားရောက်ရန် စီစဉ်ထားသော်လည်း မယ်စဲ့မြို့နယ်မှာ သွားလာရေး အခက်အခဲကြောင့် စက်တင်ဘာ ၁၀ ရက်တွင် ဘောလခဲမြို့၌ ပြုလုပ်မည့် လူထုတွေ့ဆုံပွဲသို့ မယ်စဲ့ဒေသခံများ လာရောက်နိုင်ရေး စီစဉ်ထားကြောင်း NLD ၏ ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေး ခရီးစဉ်များနှင့် စပ်လျဉ်း၍ ပြောရေးဆိုခွင့်ရှိသူ NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က စက်တင်ဘာ ၇ ရက်တွင် ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်၏ ကယားပြည်နယ် ခရီးစဉ်နှင့် ပတ်သက်၍ ဦးဝင်းထိန်က “၁၀ ရက်နေ့ သွားမယ်။ လေယာဉ်ပျံနဲ့ သွားမှာ။ အဲဒီနေ့မှာပဲ ဒီးမော့ဆို၊ ဖရူဆို၊ ဘော်လခဲ ညအိပ်မယ်။ နောက်တစ်နေ့မှာ ဖားဆောင်း၊ လွိုင်ကော်။ လွိုင်ကော်မှာ ညအိပ်မယ်။ ၁၂ ရက်နေ့မှာ ရှားတောသွားမယ်။ ရှားတောပြီးရင် ပြန်မယ်။ မယ်စဲ့က လူတွေက ဘော်လခဲမှာ စောင့်ရမယ်။ မယ်စဲ့က ဝေးလို့။ အားလုံး ခြောက်မြို့နယ်” ဟု ပြောကြားသည်။ကယားပြည်နယ်အတွင်း လူဦးရေ နှစ်သိန်းရှစ်သောင်းကျော်ရှိရာ မဲပေးခွင့်ရှိသူ တစ်သိန်းခြောက်သောင်းကျော်သာ ရှိကြောင်းနှင့် အချို့မြို့နယ်များမှာ လူဦးရေ ထောင်ဂဏန်းခန့်သာရှိကြောင်း သိရသည်။ဒေါ်အောင်ဆန်းစုကြည်သည် မဲဆွယ်စည်းရုံးရေးနှင့် ပတ်သက်ပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းသို့လည်း စက်တင်ဘာ သို့မဟုတ် အောက်တိုဘာလအတွင်း သွားရောက်ရန် စီစဉ်နေကြောင်း သိရသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲတွင် အနိုင်ရပြီး အစိုးရဖွဲ့နိုင်မှသာ ရှေ့ဆက်သွားမည့် နိုင်ငံ၏ အနာဂတ်အတွက် ထိထိရောက်ရောက် လုပ်ပေးပိုင်ခွင့် ရှိမည်ဖြစ်ကြောင်း၊ NLD မှ အစိုးရဖွဲ့စည်းနိုင်ပါက အဆိုပါအစိုးရသည် ပြည်သူလူထုကို ခြိမ်းခြောက်မည် မဟုတ်ကြောင်း၊ ယခုအချိန်တွင် မက်လုံးပေးမှုများကြောင့် မျက်စိမလည်သင့်ကြောင်း၊ ထိုသို့ပေးကမ်း၍ မဲထည့်ခိုင်းခြင်းသည် ပေးတာနှင့်မတူဘဲ အရောင်းအဝယ် လုပ်နေခြင်းနှင့် တူကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် ရက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း ခရီးစဉ်အတွင်း ပြည်သူများနှင့် တွေ့ဆုံစဉ်ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်က “ဥပမာ လမ်းပြင်တာပဲဖြစ်ဖြစ်၊ လျှပ်စစ်ဓာတ်မီးရအောင် လုပ်ပေးတာပဲဖြစ်ဖြစ်၊ လယ်ယာမြေနဲ့ ပတ်သက်တဲ့ ကိစ္စတွေဖြစ်ဖြစ် တချို့ကိစ္စတွေဟာ အစိုးရများဟာ မိမိတို့ တာဝန်အရ လုပ်ကိုလုပ်ရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ နောက်ပြီးတော့ အဲဒီအလုပ်တွေ လုပ်တဲ့နေရာမှာ ပြည်သူတွေဆီက ရထားတဲ့ ပိုက်ဆံနဲ့ ပြည်သူ့ဘဏ္ဍာနဲ့ လုပ်ထားတာ ဖြစ်ပါတယ်ဆိုတာ ကျွန်မ ရှင်းရှင်းပြောပါရစေ။ ဘယ်အစိုးရတက်တက် ဒီအလုပ်တွေ လုပ်ရမှာပဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်ရင်လည်း ဒီအလုပ်တွေ လုပ်ရမှာပဲ။ ဒါပေမဲ့ ကျွန်မတို့ ဒီအလုပ်တွေ လုပ်တဲ့အခါကျရင် ကျွန်မတို့ပါတီက လုပ်ပေးတာပါလို့ ဘယ်တော့မှပြောမှာ မဟုတ်ဘူး” ဟု ပြောကြားသည်။
NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကယားပြည်နယ် မြို့နယ်များသို့ မဲဆွယ်စည်းရုံးရေး ခရီးစဉ် စက်တင်ဘာ ၁၀ ရက် စတင်မည်















