ယခုဘဏ္ဍာနှစ်အတွင်း ကုမ္ပဏီမှတ်ပုံတင်ခြင်းနှင့် အခြားဝင်ငွေများမှ နိုင်ငံတော်သို့ ကျပ် ၁၀ ဘီလျံ ပေးသွင်းရမည် ဖြစ်သဖြင့် SMEs များ၏ လက်ရှိမှတ်ပုံတင်ကြေး ကျပ် ၁၀ သိန်းကို လျှော့ချနိုင်ခြင်း မရှိသေး

ယခုဘဏ္ဍာနှစ်အတွင်း ကုမ္ပဏီမှတ်ပုံတင်ခြင်းနှင့် အခြားဝင်ငွေများမှ နိုင်ငံတော်သို့ ကျပ် ၁၀ ဘီလျံ ပေးသွင်းရမည် ဖြစ်သဖြင့် SMEs များ၏ လက်ရှိမှတ်ပုံတင်ကြေး ကျပ် ၁၀ သိန်းကို လျှော့ချနိုင်ခြင်း မရှိသေး
Published 6 September 2015
နီလာ

ယခုဘဏ္ဍာနှစ်အတွင်း ကုမ္ပဏီများ မှတ်ပုံတင်ခြင်းနှင့် အခြားဝင်ငွေများမှ နိုင်ငံတော်သို့ ကျပ် ၁၀ ဘီလျံ ပေးသွင်းရမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။ကုမ္ပဏီများ မှတ်ပုံတင်ကြေးကို ကျပ် ၁၀ သိန်းကောက်ခံပြီး သက်တမ်းတိုးပါက ငါးသိန်းပေးသွင်းရကြောင်း၊ အဆိုပါ နှုန်းထားမှာ များသည်ဟု ဝေဖန်မှုများ ရှိနေသော်လည်း ယခုနှစ်အတွင်း လျှော့ချနိုင်ဖွယ် မရှိကြောင်း သိရသည်။“မှတ်ပုံတင်ကြေးက ၁၀ သိန်း ယူပါတယ်။ သက်တမ်းတိုးတဲ့အခါ ငါးသိန်းယူပါတယ်။ ကုမ္ပဏီဥပဒေအသစ် အသက်ဝင်လာတဲ့ အခါကျရင် သက်တမ်းတိုးတဲ့လုပ်ငန်း မရှိတော့ပါဘူး။ ကုမ္ပဏီတစ်ခုက မှတ်ပုံတင်ပြီးရင် သူ့မှာ အပြောင်းအလဲ မရှိရင် ငါးနှစ်တစ်ခါလာပြီး Review လုပ်စရာ မလိုပါဘူး။ အဲဒါကြောင့် ကုမ္ပဏီဥပဒေသစ် အသက်ဝင်လာရင် ကုမ္ပဏီမှတ်ပုံတင် ငါးနှစ်သက်တမ်းတိုးခြင်းက အလိုအလျောက် ပျက်ပြယ်သွားမှာ ဖြစ်ပါတယ်။ လက်ရှိ ကောက်ခံနေတဲ့ ၁၀ သိန်းက များမှန်းသိပါတယ်။ SMEs တွေအတွက် မှတ်ပုံတင်ကြေးကို အခုထက် လျှော့ပေါ့ပေးသင့်တယ်ဆိုတာ ကျွန်တော်တို့ ခေါင်းထဲမှာ ရှိပါတယ်။ တစ်ဖက်ကလည်း နိုင်ငံတော်အစိုးရကို နှစ်စဉ်ရှာပေးနေတဲ့ ဝင်ငွေ ရှိပါတယ်။ အစိုးရကလည်း ကျွန်တော်တို့ကို ဘတ်ဂျက်ကို လျာထားပေးတယ်။ ဒီနှစ်ဆိုရင် ကုမ္ပဏီ မှတ်ပုံတင်ခြင်းနဲ့ အခြားဝင်ငွေကနေ နိုင်ငံတော်ဘတ်ဂျက်ကို ကျပ်ငွေ ၁၀ ဘီလျံ ရှာပေးရမယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။“လတ်တလောမှာ ဒီဘတ်ဂျက် ကုန်သည်အထိတော့ ၁၀ သိန်းနဲ့ပဲ သွားနေဦးမှာပါ။ နောက်ဘတ်ဂျက်ကျရင်တော့ အသင့်တော်ဆုံးကို စဉ်းစားပြီးတော့ ဆောင်ရွက်မှာပါ။ SMEs တွေအတွက် လုပ်ငန်းငယ်လေးတွေ ကျွန်တော်တို့ ရည်ရွယ်ချက်ကိုက လုပ်ငန်းသေးသေးလေးတွေ လွယ်လွယ်ကူကူနဲ့ မှတ်ပုံတင်စေချင်တာ။ မှတ်ပုံတင်ကြေးဟာ သူတို့အတွက် အတားအဆီး မဖြစ်အောင် ဆောင်ရွက်ပေးသွားမှာပါ။ ဘယ်လိုဆောင်ရွက်မယ် ဆိုတာတော့ လောလောဆယ် ပြောလို့မရသေးပါဘူး။ ဆောင်ရွက်မယ့် အစီအစဉ်တော့ ရှိပါတယ်။မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် SMEs လုပ်ငန်းများသည် အဓိက ပါဝင်နေပြီး အိမ်တွင်းမှု လုပ်ငန်းများ၏ ၇၈ ရာခိုင်နှုန်းခန့်အထိရှိကြောင်း ADB မှ ထုတ်ပြန်သည့် အာရှ SMEs များ၏ ဘဏ္ဍာငွေကြေး အရင်းအနှီး အခြေအနေကို စောင့်ကြည့်လေ့လာမှု အစီရင်ခံစာ ၂၀၁၄ အရ သိရသည်။၂၀၁၅ ခုနှစ် မတ်လအထိ စာရင်းအရ မြန်မာနိုင်ငံတွင် SMEs လုပ်ငန်းပေါင်း ၃၉၀၀၀ ကျော်ရှိပြီး မှတ်ပုံတင်ထားသော ကုမ္ပဏီ စုစုပေါင်း၏ ၈၇ ဒသမ ၄ ရာခိုင်နှုန်းရှိကာ ယင်းအရေအတွက်မှာ လွန်ခဲ့သော တစ်နှစ်ကထက် ၁ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်လာကြောင်း ဖော်ပြနေသည်။ ထုတ်လုပ်မှု ကဏ္ဍတွင် SMEs များ အဓိက ပါဝင်နေပြီး အိမ်တွင်းလက်မှု လုပ်ငန်းများမှာ ၇၈ ရာခိုင်နှုန်းအထိရှိပြီး ဝန်ဆောင်မှု လုပ်ငန်းကဏ္ဍတွင် ၂၀ ဒသမ ၈ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။