နိုင်ငံအနှံ့ ရေကြီးမှုများကြောင့် သီးနှံစိုက်ဧက ကိုးသိန်းကျော်နှင့် သားငါးကဏ္ဍ ထိခိုက်ခဲ့ပြီး စားနပ်ရိက္ခာ လုံလောက်မှုကို ထိခိုက်လာနိုင်ကြောင်း FAO ထုတ်ပြန်

နိုင်ငံအနှံ့ ရေကြီးမှုများကြောင့် သီးနှံစိုက်ဧက ကိုးသိန်းကျော်နှင့် သားငါးကဏ္ဍ ထိခိုက်ခဲ့ပြီး စားနပ်ရိက္ခာ လုံလောက်မှုကို ထိခိုက်လာနိုင်ကြောင်း FAO ထုတ်ပြန်
Published 5 September 2015
ဇော်ဝေ

နိုင်ငံအနှံ့ ရေကြီးနစ်မြုပ်မှုများကြောင့် သီးနှံစိုက်ဧက ကိုးသိန်းကျော်နှင့် သားငါးကဏ္ဍတွင် ထိခိုက်ပျက်စီးခဲ့ပြီး စားနပ်ရိက္ခာ လုံလောက်မှုကို ထိခိုက်လာနိုင်ကြောင်း FAO က ထုတ်ပြန်ခဲ့သည်။ရေဘေးသင့်ခဲ့သည့် တောင်သူလယ်သမားများ အနေဖြင့် အရေးပေါ် ထောက်ပံ့ရေး အကူအညီများ အမြန်ဆုံး လိုအပ်နေကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်း သီးနှံစိုက်ဧက ၉၂၀၀၀၀၊ ငါးပုစွန်ကန်ဧက ၃၆၀၀၀ နှင့်  ကျွဲ၊ နွားကောင်ရေ ၂၀၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း၊ တောင်သူလယ်သမားများ အနေဖြင့် အလျင်အမြန် အကူအညီ မရရှိပါက မြန်မာနိုင်ငံစားနပ်ရိက္ခာ လုံလောက်နိုင်ခြေ နည်းပါးလာနိုင်ကြောင်း FAO ထုတ်ပြန်ချက်အရ သိရသည်။ရေဘေးကြောင့် မြန်မာနိုင်ငံတစ်ဝန်း စိုက်ပျိုးမွေးမြူရေး မြေယာစုစုပေါင်း ၁ ဒသမ ၄ သန်း ဧကကျော် ရေလွှမ်းခဲ့ပြီး လူပေါင်း ၁ ဒသမ ၆ သန်းကျော် ရေဘေးသင့်ခဲ့ကြောင်းလည်း FAO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။“အခုလို ရေတွေပြန်ပြီးကျသွားချိန် ကျေးလက်ဒေသနေ ပြည်သူတွေအနေနဲ့ သူတို့ဘဝတွေ ပြန်ပြီးထူထောင်ရေး အကူအညီတွေကို အမြန်ဆုံး လုပ်ဆောင်ပေးဖို့ လိုအပ်နေပါတယ်”ဟု FAO ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Bui Thi Lan က ပြောကြားသည်။မြန်မာနိုင်ငံတစ်ဝန်း မုတ်သုံမိုး ပြင်းထန်ပြီး ရေကြီးမှုများနှင့် မြေပြိုမှုများအပြင် ဇူလိုင်လကုန်ပိုင်းက တိုက်ခတ်ခဲ့သည့် ကိုမန်ဆိုင်ကလုန်း မုန်တိုင်းကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုအနက် ၁၂ ခုတွင် ထိခိုက် မှုများ ဖြစ်ပေါ်ခဲ့ကြောင်း FAO ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အနေဖြင့် ဆန်ဈေးမြင့်တက်မှုကို ကာကွယ်ရန်နှင့် ဆန်ပြတ်လပ်မှု မဖြစ်ပေါ်စေရန် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ဆန်ဆိုင် ၂၀ ဖွင့်လှစ် ရောင်းချနေကြောင်း၊ ပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့ဖြန့် ဖြူးခြင်းများကိုလည်း တတ်နိုင်သမျှ လုပ်ဆောင်နေကြောင်း၊  ဆန်စပါးကဏ္ဍ အနေဖြင့် စိုးရိမ်ဖွယ်ရာ မရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်း က ပြောကြားသည်။“ကျွန်တော်တို့က တစ်ဝက်ကျော်က ပြန်စိုက်ပျိုးတယ်ပေါ့။ အစိုးရကနေ နေ့စဉ်ထုတ်ပြန်တဲ့ သတင်းစာတွေ အရပေါ့နော်။ အဲဒီမှာတော့ တစ်ဝက်လောက် ပြန်စိုက်နိုင်တယ်ဆိုတော့ ပျက်စီးတာက သုံးသိန်းခွဲလောက် ရှိတာပေါ့နော်။ အဲဒါ လုံး၀ ပြန်မစိုက်နိုင်ဘူးပေါ့။ အဲဒီတော့ ကျွန်တော်တို့က နှစ်ပိုင်းစဉ်းစားရမယ်။ တစ်ပိုင်းက Regional ပေါ့။ ရခိုင်လိုဟာမျိုးဆိုရင် ပြန်စိုက်ဖို့ မမီနိုင်ဘူး။ စားနပ်ရိက္ခာ အနေနဲ့ ကျန်တဲ့ပြည်နယ်နဲ့ တိုင်းတွေကနေ ပို့ပေးဖို့ လိုနေမှာပါ။ ဒီနှစ်စာ အတွက်ကတော့  ဖူလုံမှု မရှိနိုင်ဘူး။ နောက်တစ်ခုက ချင်းပြည်နယ်။ ချင်းပြည်နယ်ကတော့ နဂိုကတည်းက စားနပ်ရိက္ခာ လုံလောက်မှုက ဆန်စပါးမထွက်ဘူး။ ဒီပြည်နယ်နှစ်ခုကတော့ စားနပ်ရိက္ခာ ပံ့ပိုးမှု လိုနေမှာဖြစ်တယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဘယ်လောက် ထိခိုက်လဲဆိုရင် မိုးစပါးက ၁၆ သန်းနီးပါး၊ နွေစပါးက သုံးသန်းဆိုတော့ အကြမ်းဖျင်းက ၁၉ သန်းလောက် ရှိတယ်။ အဲဒီမှာ  လုံးဝထိခိုက်ပြီး ပြန်မစိုက်နိုင်ခြေ သုံးသိန်းခွဲဆိုတော့ ရာခိုင်နှုန်းကို ကြည့်မယ်ဆိုရင် ၂ ဒသမ ၅ ရာ ခိုင်နှုန်းလောက် ရှိတာပေါ့။ စပါးအထွက်နှုန်း၊ ဆန်အထွက်နှုန်းကို ပြန်ကြည့်ရင် တစ်နှစ်ကို တန် ၁၄ သန်း ထွက်တယ်။ အခု ဧကသုံးသိန်းကျော်ဆိုတော့ အကြမ်းဖျင်းအားဖြင့် တန်သုံးသိန်းနဲ့ သုံးသိန်းခွဲလောက် ထိခိုက်သွားတယ်ပေါ့။ ကျွန်တော်တို့ Export က ၄၅ ရက် ပိတ်ခဲ့တာဆိုတော့ အဲဒီကနေပြီး Export တန်ချိန် လေးသိန်းခွဲနဲ့ ငါးသိန်းကြားမှာ လျော့သွားတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စားနပ်ရိက္ခာ လက်ကျန်ကို သုံးသပ်မယ်ဆိုရင် Export လျော့တဲ့ဟာနဲ့ ဒီဘက်ကအထွက် လျော့တဲ့ဟာနဲ့ ချေလိုက်ရင်တော့ အများကြီးတော့ ထိခိုက်သွားတဲ့ အနေအထားတော့ မဟုတ်ပါဘူး” ဟု ဒေါက်တာ စိုးထွန်းက ပြောကြားသည်။