တစ်ပတ်အတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှုပမာဏ ဒေါ်လာ ၅၉၈ သန်းကျော်ရှိပြီး ပြည်ပနိုင်ငံများနှင့် ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုပိုမိုပြုလုပ်

တစ်ပတ်အတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှုပမာဏ ဒေါ်လာ ၅၉၈ သန်းကျော်ရှိပြီး ပြည်ပနိုင်ငံများနှင့် ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုပိုမိုပြုလုပ်
Published 3 September 2015
ချမ်းမြေ့သူ

တစ်ပတ်အတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏ ဒေါ်လာ ၅၉၈ သန်းကျော်ရှိပြီး ပြည်ပနိုင်ငံများနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု ပိုမိုပြုလုပ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
တစ်ပတ်အတွင်းဟု ဆိုရာတွင် လက်ရှိဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် သြဂုတ် ၂၁ ရက်မှ သြဂုတ် ၂၈ ရက်အတွင်း ကုန်သွယ်မှုပမာဏ ဖြစ်သည်။ မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများနှင့် နိုင်ငံခြားကုန်သွယ်မှု ပြုလုပ်ရာတွင် သြဂုတ် ၂၁ ရက်အထိ ကုန်သွယ်မှုပမာဏ စုစုပေါင်းမှာ ဒေါ်လာ ၁၀၅၉၅ သန်းကျော်ရှိပြီး သြဂုတ် ၂၈ ရက်အထိစာရင်းအရ ကုန်သွယ်မှုပမာဏ စုစုပေါင်းမှာ ဒေါ်လာ ၁၁၁၉၃ သန်းကျော်ရှိကြောင်း သိရသည်။
သို့ဖြစ်၍ တစ်ပတ်အတွင်းကုန်သွယ်မှု ပမာဏစုစုပေါင်း ဒေါ်လာ ၅၉၈ သန်းကျော်ရှိပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှာ ဒေါ်လာ ၄၉၂ သန်းကျော်ဖြစ်ပြီး နယ်စပ်ကုန်သွယ်မှုမှာ ဒေါ်လာ ၁၀၆ သန်းကျော်ဖြစ်ကြောင်း သိရသည်။
ယခင်အပတ် ကုန်သွယ်မှုဖြင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းကြောင်းမှ ကုန်သွယ်မှုပိုမို ပြုလုပ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံ အနေဖြင့် ပြည်ပနိုင်ငံများ သို့ပို့ကုန်တင်ပို့ရာတွင် လယ်ယာထွက်ကုန်၊ တိရစ္ဆာန်ထွက်ကုန်၊ ရေထွက်ကုန်၊ သတ္တု တွင်းထွက်၊ သစ်တောထွက်၊ စက်မှုကုန်ချော နှင့် အခြားကုန်စည်အုပ်စုများကို အဓိက တင်ပို့လျက်ရှိပြီး သွင်းကုန်တင်သွင်းမှု အနေဖြင့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန် ကြမ်းပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းများ အဓိက တင်သွင်းလျက်ရှိကြောင်း သိရသည်။               
လက်ရှိဘဏ္ဍာနှစ် သြဂုတ် ၂၈ ရက်အထိ ကုန်သွယ်မှုပမာဏ စုစုပေါင်း ဒေါ်လာ ၁၁၁၉၃ သန်းကျော်ရှိပြီး ပို့ကုန်တင်ပို့မှုပမာ ဏ ဒေါ်လာ ၈၄၉၅ သန်းကျော်ရှိပြီး သွင်း ကုန်တင်သွင်းမှုပမာဏမှာ ဒေါ်လာ ၂၆၉၈ သန်းကျော်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် ပုံမှန် (ပင်လယ်ရေကြောင်း) ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၈၀ နီးပါးအထိ ကုန်သွယ်မှု ပြုလုပ်နေခြင်းဖြစ်ပြီး နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှမူ ရာခိုင်နှုန်း ၂၀ နီးပါး ကုန်သွယ်မှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ပြည်ပကုန်သွယ်မှု ပြုရာတွင် တရုတ်၊ ထိုင်း၊ စင်ကာပူ၊ ဂျပန်၊ မလေးရှား၊ အိန္ဒိယ၊ ကိုရီးယား၊ အင်ဒိုနီးရှား၊ အမေရိကန်၊ ဟောင်ကောင်၊ ဂျာမနီနှင့် ဗြိတိန်နိုင်ငံတို့ဖြင့် အဓိကကုန်သွယ်မှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။