စတော့အိတ်ချိန်းတွင် ရောင်းချမည့် အစုရှယ်ယာများကို အီလက်ထရွန်းနစ် ရှယ်ယာများအဖြစ် ပြောင်းလဲရမည်ဖြစ်ပြီး အီလက်ထရွန်းနစ် ရှယ်ယာများကို ပေါင်နှံခွင့် ရရှိမည်ဟု ဆို

စတော့အိတ်ချိန်းတွင် ရောင်းချမည့် အစုရှယ်ယာများကို အီလက်ထရွန်းနစ် ရှယ်ယာများအဖြစ် ပြောင်းလဲရမည်ဖြစ်ပြီး အီလက်ထရွန်းနစ် ရှယ်ယာများကို ပေါင်နှံခွင့် ရရှိမည်ဟု ဆို
Published 2 September 2015
သန်းထိုက်အောင်

ရန်ကုန် စတော့အိတ်ချိန်းတွင် ရောင်းချမည့် အစုရှယ်ယာများကို အီလက်ထရွန်နစ် ရှယ်ယာများအဖြစ် ပြောင်းလဲရမည်ဖြစ်ပြီး အဆိုပါ အီလက်ထရွန်နစ် ရှယ်ယာများကို ပေါင်နှံခွင့်ပေးမည်ဖြစ်ကြောင်း မြန်မာငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်၏ အမိန့်ကြေညာစာ အမှတ် ၁/၂၀၁၅ အရ သိရသည်။စတော့အိတ်ချိန်းတွင် စာရင်းဝင်ထားသည့် ရှယ်ယာများအတွက် စာရွက်စာတမ်း ပုံစံရှယ်ယာများ ထုတ်ဝေခြင်း မပြုဘဲ ထားရမည်ဖြစ်ကြောင်း၊ စတော့အိတ်ချိန်းတွင် ကနဦး စာရင်းဝင်သည့် ရှယ်ယာများကို စတော့အိတ်ချိန်း၏ အီလက်ထရွန်နစ် လွှဲပြောင်းမှု မှတ်တမ်းတင်စာရင်းရှိ သက်ဆိုင်ရာစာရင်းတွင် အီလက်ထရွန်နစ် ရှယ်ယာအဖြစ် မှတ်တမ်းတင်သည့်အခါ အဆိုပါ ကနဦး စာရင်းဝင်သည့် ရှယ်ယာများကို ကိုယ်စားပြုသည့် ရှယ်ယာလက်မှတ်များနှင့် ယင်းတို့နှင့် ဆက်နွှယ်နေသည့် အခွင့်အရေးများ ကုန်ဆုံးစေရမည်ဟု အဆိုပါ အမိန့်ကြေညာစာတွင် ဖော်ပြပါရှိသည်။ ထို့ပြင် အီလက်ထရွန်နစ် ရှယ်ယာများကို အပေါင်ပစ္စည်းအဖြစ် ထားရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။အပေါင်ပစ္စည်းအဖြစ် ထားရှိရာတွင် စတော့အိတ်ချိန်း၏ လုပ်ငန်းဆိုင်ရာ စည်းမျဉ်းများအရ အပေါင်ပစ္စည်းအဖြစ် ပေးအပ်သူ၏ လျှောက်ထားချက်ဖြင့် ပေးအပ်ခြင်းခံရသူ၏ စာရင်းတွင် အပေါင်ပစ္စည်းအဖြစ် ပေးအပ်သော အစုရှယ်ယာ အရေအတွက်ကို ရေးမှတ်သည့် အချိန်မှစ၍ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း သိရသည်။အီလက်ထရွန်နစ် ရှယ်ယာများနှင့် ဆက်သွယ်သည့် ပိုင်ဆိုင်မှု အခွင့်အရေးများကို စာရင်းထိန်းသိမ်းသည့် အဖွ့ဲအစည်း (ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီ) နှင့် အီလက်ထရွန်နစ်နည်းဖြင့် မှတ်တမ်းတင် ထိန်းသိမ်းသည့် အဖွဲ့အစည်း (စတော့အိတ်ချိန်း) တို့ရှိ အီလက်ထရွန်နစ် လွှဲပြောင်းမှုမှတ်တမ်းများဖြင့် ဆုံးဖြတ်ရမည်ဖြစ်ကြောင်း သိရသည်။စတော့အိတ်ချိန်းဝင် အဖြစ်မှ ရပ်စဲသော အများပိုင် ကုမ္ပဏီသည် အီလက်ထရွန်နစ် ရှယ်ယာများအတွက် စာရွက်စာတမ်း ပုံစံဖြင့် ရှယ်ယာလက်မှတ် ထုတ်ဝေခြင်းကို မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။လက်ရှိ ရန်ကုန်စတော့အိတ်ချိန်း စတင်ဖွင့်လှစ်ပါက နံနက် ၉ နာရီခွဲတွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး နံနက် ၁၁ နာရီတွင် တစ်ကြိမ်၊ မွန်းလွဲ တစ်နာရီတွင် တစ်ကြိမ် ရှယ်ယာအရောင်းအဝယ် အမှာများကို Matching ပြုလုပ်မည်ဖြစ်သည်။ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းလေးခုအတွက် လျှောက်လွှာများ ခေါ်ယူခဲ့ရာ လျှောက်လွှာ ၅၇ ခု လက်ခံရရှိခဲ့ပြီး လိုင်စင်ချထားပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်မှ သိရသည်။