အိမ်ခြံမြေဈေးကွက်နှင့်အတူ ဆောက်လုပ်ပြီး တိုက်ခန်းများ ဝယ်ယူမည့်သူပင် မရှိတော့ဘဲ ဈေးကွက်အခြေအနေသည် ၉၅ ရာခိုင်နှုန်းလောက်အထိ အေးသွားပြီဖြစ်ကြောင်း တော်ဝင်ကုမ္ပဏီဥက္ကဋ္ဌ ပြောကြား

အိမ်ခြံမြေဈေးကွက်နှင့်အတူ ဆောက်လုပ်ပြီး တိုက်ခန်းများ ဝယ်ယူမည့်သူပင် မရှိတော့ဘဲ ဈေးကွက်အခြေအနေသည် ၉၅ ရာခိုင်နှုန်းလောက်အထိ အေးသွားပြီဖြစ်ကြောင်း တော်ဝင်ကုမ္ပဏီဥက္ကဋ္ဌ ပြောကြား
Published 2 September 2015
အငယ်ထွေး

ယခုနှစ်တွင် အိမ်ခြံမြေဈေးကွက်နှင့်အတူ ဆောက်လုပ်ပြီးတိုက်ခန်းများ ဝယ်ယူမည့်သူပင် မရှိတော့ဘဲ ဈေးကွက်အခြေအနေသည် ၉၅ ရာခိုင်နှုန်း အေးသွားကြောင်း တော်ဝင်ကုမ္ပဏီဥက္ကဋ္ဌ ဦးကိုကိုထွေးက သြဂုတ် ၂၉ ရက်တွင် UMFCCI ၌ imyanmarhouse.com က ကြီးမှူးကျင်းပသော ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ သိကောင်းစရာများ ဟောပြောပွဲတွင် ပြောကြားသည်။“ဒီနေ့ ဆောက်လုပ်ရေးလောက အိမ်ခြံမြေလောက တော်တော်ကြီးကို ရပ်ဆိုင်းသွားပြီ ဖြစ်ပါတယ်။ ဒီလို ရပ်ဆိုင်းသွားတဲ့ အနေအထားအပေါ် အမျိုးမျိုးပြောကြတာတွေ ရှိပါတယ်။ ရွေးကောက်ပွဲကို စောင့်ကြည့်နေတယ်လို့ ပြောသလို၊ နိုင်ငံရေး အခြေအနေတွေ အလားအလာ မကောင်းလို့ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒါမှမဟုတ် ငွေရေးကြေးရေးတွေ ကျပ်တည်းသွားလို့လည်း ဖြစ်နိုင်တယ်။ နောက် ဆောက်လုပ်ရေးလောကရဲ့ ဖောက်ဖျက်မှုတွေ ရှေ့မှာ ကြုံခဲ့ရလို့လည်း ဖြစ်တယ်။ ဒါတွေအကုန်လုံးက လုံးဝမှားတယ်လို့ ပြောလို့မရပေမယ့် အကုန်လုံးတော့ မမှန်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ ဖြစ်ပေါ်လာတဲ့ အိမ်ခြံမြေဈေးကွက် လုံးဝအေးကျသွားတဲ့ အနေအထားက ဒါတွေ သက်သက်ကြောင့် မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ သုံးနှစ်လောက်ကစပြီးတော့ အိမ်ခြံမြေ အနေအထားက အခြားစီးပွားရေးတွေထက် လုပ်လို့ကိုင်လို့ကောင်းတဲ့ အနေအထား ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ဝင်ရောက်လုပ်ကိုင်သူတွေ များခဲ့ပါတယ်” ဟု တော်ဝင်ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးကိုကိုထွေးက ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ သိကောင်းစရာများ ဟောပြောပွဲတွင် ပြောကြားသည်။ယခင်က လူအများသည် ဒေါ်လာအရောင်းအဝယ်၊ မော်တော်ကားအရောင်းအဝယ်၊ ရွှေအရောင်းအဝယ်တို့ကို လုပ်ဆောင်ကြကြောင်း၊ သို့သော် ၂၀၁၁ ခုနှစ်နောက်ပိုင်း ကားအရောင်းအဝယ်မှာလည်း တဖြည်းဖြည်း ကျဆင်းလာကြောင်း၊ ဒေါ်လာအရောင်းအဝယ်လည်း လုပ်ရန် မဖြစ်နိုင်ခဲ့ကြောင်း၊ အလားတူ ရွှေဈေးမှာလည်း ကစားနိုင်သည့် အနေအထားမျိုး မရှိကြောင်း၊ ယခုရက်ပိုင်းလပိုင်း ရောက်မှသာ ရွှေဈေးပြန်တက်လာခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အိမ်ခြံမြေဈေးကွက်သို့သာ စီးပွားရေးလုပ်ငန်းရှင်များ ပြုံတိုးလာခဲ့ကြကြောင်း၊ ထို့ကြောင့် Developer များက မြေကို ဝယ်ပြီးဆောက်လျှင် အကျိုးအမြတ်များမည်ဟု ယူဆကာ အများအပြား ဆောက်ခဲ့ကြကြောင်း သိရသည်။“ဒီလို Developer များက မြေကိုဝယ်ပြီး ဆောက်တယ်ဆိုတဲ့ အပိုင်းမှာ အရင်တုန်းက ဘဏ်မှာ သိန်း ၁၀၀၀ လောက် ချေးယူရတာ တော်တော်ခက်ခဲတဲ့အပိုင်း ရှိပေမယ့် ဒီနေ့ဘက်မှာတော့ သိန်းတစ်သောင်း၊ နှစ်သောင်းကို လွယ်လွယ်ကူကူ ချေးလို့ရတဲ့ အနေအထား ဖြစ်လာတယ်။ ဒါကြောင့် ဘဏ်ချေးငွေနဲ့ မြေတွေဝယ်တယ်။ အဆောက်အအုံဆောက်တယ်။ ကြိုပွိုင့်နဲ့ ရောင်းလာကြတယ်။ ဒါပေမဲ့ တစ်ဖက်က ဘာဖြစ်လဲဆိုတော့ တစ်ပေပတ်လည်ကို တစ်သိန်းလောက် ရောင်းနေရာကနေပြီးတော့ ဆောက်မယ့်သူ များတဲ့အတွက် မြေဈေးကလည်း တက်လာတယ်။ အရင်တုန်းက တစ်သိန်းတန်မြေက ငါးသိန်းဖြစ်လာတယ်။ မကြားဖူးလောက်အောင် တစ်ပေပတ်လည် သိန်း ၂၀ တို့၊ ဘာတို့ ခေါ်လာတာ တွေ့ရတယ်။ ပေးပြီးတော့လည်း ဝယ်ကြတယ်။ ကျွန်တော် ၁၉၉၅ ခုနှစ်မှာ မြောက်ဒဂုံက ပေ ၁၀၀ ပတ်လည်ကို သိန်း ၄၀ နဲ့ ရောင်းပစ်ခဲ့တဲ့မြေဟာ အခု ၄၀-၆၀ ကို သိန်း ၂၀၀၀ တွေ ၃၀၀၀ တွေ တောင်းနေတယ်။ ဒီတော့လည်း အိမ်ဈေးကိုလည်း တဖြည်းဖြည်းနဲ့ မြှင့်ပြီးရောင်းလာရတယ်။ အရင်းအနှီးများတော့ အမြတ်များများ ယူပြီးတော့ ရောင်းတယ်။ ပြီးတော့ အိမ်ဆောက်ဖို့ ပါမစ်ကျဖို့၊ ရေရဖို့တို့ စတဲ့ကိစ္စတွေ အတွက်လည်း စရိတ်တွေက အဆမတန် တက်နေတယ်။ အဲဒီ ကုန်ကျစရိတ်တွေနဲ့ အကုန်ပေါင်းလိုက်တဲ့အခါ ဒီနေ့ အရင်းတွေက ပိုပိုပြီး များလာတယ်။ ဒါကြောင့် ဈေးနှုန်းတွေ အဆမတန် တက်သွားပြီး မဝယ်နိုင်တဲ့ အနေအထား ရောက်သွားတဲ့အတွက် ရပ်တန့်သွားခြင်း ဖြစ်တယ်လို့ပဲ မြင်ပါတယ်” ဟု တော်ဝင်ကုမ္ပဏီ၏ဥက္ကဋ္ဌ ဦးကိုကိုထွေးက သုံးသပ်ပြောကြားသည်။တိုက်ခန်းရောင်းချမှုတွင် တိုက်ခန်း အခန်း ၁၀၀ ရောင်းလျှင် အခန်း ၈၀ သည် ငှားစားရန်နှင့် ပြန်ရောင်းရန်ဝယ်သူများသာ ဖြစ်ကြောင်း၊ အမှန်တကယ်နေရန် ဝယ်သည့်သူ များစွာနည်းကြောင်း၊ တကယ်နေရန် တန်ဖိုးနည်းအိမ်ရာများသာ ဝယ်ယူမှုရှိကြကြောင်း၊ အလားတူ အိမ်ခြံမြေတိုက်တာ အဆောက်အအုံ ဈေးနှုန်းများ ဆက်တိုက်မြင့်လာချိန်တွင် တိုက်ဆိုင်စွာပင် ယခုနှစ် စီးပွားရေး အတော်ပင် တိုးတက်မှုနှေးကွေးသွားသည်နှင့်လည်း တိုက်ဆိုင်နေကြောင်း၊ နိုင်ငံရေး အခြေအနေပေါ်တွင် လည်းကောင်း၊ ငြိမ်းချမ်းရေး အခြေအနေပေါ်တွင် လည်းကောင်း သံသယများ ရှိနေကြသည့်အတွက် အခုကဲ့သို့ အိမ်ခြံမြေနှင့် တိုက်ခန်းဈေးကွက်များ သိသိသာသာ အေးစက်ခဲ့ကြောင်း သိရသည်။“တကယ်တော့ စီးပွားရေးက သံသယအပေါ်မှာ တည်ပြီး လုပ်လို့မရပါဘူး။ တည်ငြိမ်မှုနဲ့ ယုံကြည်မှုအပေါ်မှာသာ တည်ပြီး လုပ်လို့ရပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲပြီးရင် ဘာဖြစ်မှာလဲဆိုပြီး စောင့်ကြည့်တဲ့ အပိုင်းလည်း ရှိသလို ဈေးနှုန်းတွေ အဆမတန် မြင့်မားသွားတဲ့အတွက် ဒါကိုဝယ်ပြီး ပြန်ရောင်းတဲ့သူတွေက စိတ်မဝင်စားတော့ဘူး။ စိတ်မဝင်စားလို့ ရပ်ဆိုင်းသွားတဲ့အချိန်မှာ တစ်ပေပတ်လည်ကို ငါးသိန်းနဲ့ ရောင်းမယ်ဆိုတဲ့ တိုက်ခန်းတွေ နှစ်သိန်းနဲ့ ချရောင်းရတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာက ဈေးကျသွားရင် ထပ်ကျဦးမယ်ဆိုပြီး စောင့်ကြည့်နေကြတယ်” ဟု ဦးကိုကိုထွေးက ပြောကြားသည်။