အမေရိကန်ပြည်ထောင်စုသို့ မြန်မာ့သစ်ထုတ်ကုန်ပစ္စည်းများ တင်သွင်းခွင့်ပြုထားပြီး မြန်မာ့သစ်ထုတ်ကုန်ပစ္စည်း တင်သွင်းမှုလိုင်စင်ကို နှစ်နှစ် ထပ်မံသက်တမ်းတိုးမြှင့်ပေးခဲ့ကြောင်း မြန်မာ့သစ်လုပ်ငန်း၏ ထုတ်ပြန်ချက်အရ သိရသည်။အဆိုပါ ထုတ်ပြန်ချက်တွင် အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုအား ဖယ်ရှားပေးခဲ့ပြီး ဖြစ်သော်လည်း မြန်မာ့သစ်လုပ်ငန်းမှာ Specially Designated Nationals List (SDN List) တွင် ဆက်လက်ပါဝင်နေဆဲ ဖြစ်သဖြင့် မြန်မာ့သစ်ထုတ်ကုန် ပစ္စည်းများကို အမေရိကန်ဈေးကွက်သို့ တင်ပို့ခွင့်ရရှိနိုင်ရန် မြန်မာ့သစ်လုပ်ငန်းအား Specially Designated Nationals List (SDN List) မှ ပယ်ဖျက်ခွင့်ရရှိရေးအတွက် မြန်မာနိုင်ငံနိုင်ငံခြားရေး ဝန်ကြီးဌာနမှတစ်ဆင့် အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန Office of Foreign Assets Control(OFAC) နှင့် International Wood Products Association-IWPA တို့ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ယခုအခါ အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ Department of The Treasury မှ ထုတ်ပြန်ချက်အရ အပြည်ပြည်ဆိုင်ရာ သစ်ထုတ်ကုန်များအသင်း (IWPA) အဖွဲ့ဝင် ကုမ္ပဏီများ ဖြစ်ပါက မြန်မာနိုင်ငံမှ မြန်မာ့သစ်ထုတ်ကုန် ပစ္စည်းများကို အမေရိကန်နိုင်ငံသို့ တင်သွင်းခွင့်ပြုကြောင်းနှင့် မြန်မာ့သစ်ထုတ်ကုန်ပစ္စည်း တင်သွင်းမှုလိုင်စင်ကို ၂၀၁၇ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ နှစ်နှစ် ထပ်မံသက်တမ်းတိုးမြှင့်ပေးခဲ့ကြောင်း မြန်မာ့သစ်လုပ်ငန်း ပြည်ပရောင်းဝယ်ရေးနှင့် သစ်စက်ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။သစ်အလုံးလိုက် ပြည်ပတင်ပို့နေခြင်းကို ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှစကာ ရပ်ဆိုင်းကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။သစ်အလုံးလိုက် ပြည်ပတင်ပို့မှု ရပ်ဆိုင်းပြီးနောက် လက်ရှိ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း သစ်တောထွက်ပစ္စည်း ပြည်ပတင်ပို့မှုမှ ဒေါ်လာ ၆၈ ဒသမ ၂၉၂ သန်း ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။
အမေရိကန်သို့ မြန်မာ့သစ်ထုတ်ကုန်ပစ္စည်းများ တင်သွင်းခွင့်ပြုထားပြီး သစ်ထုတ်ကုန်ပစ္စည်း တင်သွင်းမှုလိုင်စင်ကို ထပ်မံ သက်တမ်းတိုးပေးခဲ့










