မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်းကို ကာကွယ်ရန် ဗဟိုဘဏ်က Contractionary Monetary Policy ကျင့်သုံးနေကြောင်း သိရ

မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်းကို ကာကွယ်ရန် ဗဟိုဘဏ်က Contractionary Monetary Policy ကျင့်သုံးနေကြောင်း သိရ
Published 31 August 2015
ဖြိုးဝေ

မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်းကို ကာကွယ်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က Contractionary Monetary Policy (ဈေးကွက်အတွင်းရှိ မြန်မာကျပ်ငွေကို ရည်ရွယ်ချက်ရှိရှိဖြင့် လျှော့ချနိုင်ရန် လုပ်ဆောင်ခြင်း) ကို ကျင့်သုံးနေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်၏ ‘မြန်မာနိုင်ငံ ငွေရေးကြေးရေး ကဏ္ဍ၌ လက်ရှိဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများ’ စာတမ်းတွင် ဖော်ပြထားသည်။မြန်မာနိုင်ငံတွင် Secondary bond market မရှိသေးသည့်အတွက် နိုင်ငံတကာတွင် ကျင့်သုံးနေသည့် Open Market Operations (OMO) နည်းလမ်းကို မကျင့်သုံးနိုင်သေးသော်လည်း မြန်မာငွေတန်ဖိုး ကျဆင်းခြင်းကို ကာကွယ်နိုင်ရန် Deposit auction, Reserve Requirement စသည့် ရနိုင်သည့် နည်းလမ်းပေါင်းစုံနှင့် ဗဟိုဘဏ်မှ Contractionary Monetary Policy ကို ကျင့်သုံးနေကြောင်း၊ Secondary Bond Market ဖြစ်လာနိုင်စေရန် အရင်ဆုံး Market Diven Interest rates များရှိရန် လိုအပ်သဖြင့် Treasury bills များကို Scriptless ဟု ခေါ်ဆိုသည့် အီလက်ထရွန်နစ် ပုံစံပြောင်း၍ Treasury Securities Auction ကို စတင်လုပ်ဆောင်နေကြောင်း ဦးဆက်အောင်၏ စာတမ်းတွင် ဖော်ပြထားသည်။ထို့ပြင် Bonds များကိုလည်း အီလက်ထရွန်နစ်ပုံစံ ပြောင်းလဲရန် လုပ်ဆောင်နေပြီး Treasury Security Auction မှတစ်ဆင့် သက်တမ်းအမျိုးမျိုးရှိသည့် Market Driven Yields များ ရရှိပြီး Yield curve ကို ဆွဲနိုင်မည်ဖြစ်ကာ Yield curve ရလာမှသာ Currency Forward ဈေးကွက် တည်ဆောက်နိုင်မည်ဖြစ်သည်။ အဆိုပါ Currency Forward ဈေးကွက်သည် နိုင်ငံခြားငွေကြေး တည်ငြိမ်ရေးအတွက် အဓိကကျကြောင်း သိရသည်။ ထိုသို့ ဖြစ်ပေါ်လာချိန်မှ Repo (Repurchase Agreement) ဈေးကွက်ပေါ်လာပြီး အဆိုပါ Repo များမှတစ်ဆင့် Interbank Money Market များ ကျယ်ပြန့်လာကာ OMO ကိုလည်း တွင်ကျယ်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စာတမ်းတွင် ဖော်ပြထားသည်။ထို့အပြင် အခြားဆောင်ရွက်စရာများ အများအပြား ရှိနေပြီး နိုင်ငံတဝန်းတွင် ဘဏ်စနစ်ကို လွယ်ကူစွာ သုံးစွဲနိုင်ရန်၊ ဘဏ်စာရင်း ရှိသူများနှင့် မရှိသူများပါ ငွေသားအများကြီး သယ်ယူစရာ မလိုဘဲ အီလက်ထရွန်နစ် မြန်မာကျပ်ငွေ ပိုက်ဆံကို ပြည်တွင်း၌သာမက ပြည်ပတွင်ပါ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရန်၊ တရားမဝင်ဈေးကွက်များ၏ နေရာတွင် လွယ်ကူချောမွေ့သည့် တရားဝင်ဈေးကွက်များ ဖြစ်လာစေရေး စသည့်ဆောင်ရွက်စရာများ အများအပြား ရှိနေပြီး အဆိုပါကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် Mobile Banking စနစ်၊ Mobile Payment စနစ်၊ Debit and Credit Card Payment စနစ်၊ E-Commerce စနစ်များ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း စာတမ်းတွင် ဖော်ပြထားသည်။မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေမှုကို လျှော့ချရန် ဘဏ္ဍာရေးမူဝါဒ (ဘဏ္ဍာရေးဝန်ကြီးဌာန)၊ ကုန်သွယ်ရေးမူဝါဒ (စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန)၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မူဝါဒ (မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်)နှင့် ငွေကြေးမူဝါဒ (မြန်မာနိုင်ငံတော် ဗဟိုဘဏ်) တို့ အထူးအမြန်ဆုံး ပူးပေါင်းဖြေရှင်းရန် လိုအပ်မည်ဖြစ်ပြီး ပူးပေါင်းလုပ်ဆောင်နိုင်မှု မရှိပါက မည်သို့မျှ တတ်နိုင်မည် မဟုတ်ဘဲ ကျပ်ငွေတန်ဖိုး ဆက်လက်ကျဆင်းနေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန် ဖွဲ့စည်းထားသည့် မေခဆောင်ဖောင်ဒေးရှင်းမှ နာယက ဒေါက်တာလှမောင် (ဒါရိုက်တာအဖွဲ့ဝင် - မြန်မာနိုင်ငံတော်ဗဟိုဘဏ်)က ပြောကြားသည်။မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နှုန်းရှင်ငွေလဲနှုန်းအဖြစ် စတင်သတ်မှတ်ခဲ့သည့် ၂၀၁၂ ခုနှစ် ဧပြီလ ၂ ရက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၈၁၅ ကျပ်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် သြဂုတ် ၂၁ ရက်တွင် အမေရိကန်တစ်ဒေါ်လာ ၁၂၈၅ ကျပ်အဖြစ် သုံးနှစ်အတွင်း အမြင့်ဆုံးအဖြစ် သတ်မှတ်ခဲ့ပြီးနောက် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုမှာ ပိုမိုဆိုးရွားလာကာ စတင်သတ်မှတ်ချိန်နှင့် လက်ရှိအချိန်တွင် ကျပ် ၄၇၀ အထိ ကွာဟလာခဲ့ပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှု ၆၀ ရာခိုင်နှုန်းခန့် ဖြစ်ပေါ်လာခဲ့ပြီး လက်ရှိအချိန်တွင် ဗဟိုဘဏ်၏ ဈေးနှုန်းသတ်မှတ်ချက်မှာ တစ်ဒေါ်လာလျှင် ၁၂၇၃ ကျပ်ဖြစ်ပြီး ပြင်ပဈေးကွက်တွင် ၁၂၈၀ ကျပ် ဝန်းကျင်ဖြစ်ကာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှု ဆိုးရွားနေဆဲ ဖြစ်သည်။   

Most Read

Most Recent