မဲစာရင်းမှန်ကန်မှုနှင့် ရွေးကောက်ပွဲအပေါ် လူထုစိတ်ဝင်စားမှု ရှိစေရန် ရွေးကောက်ပွဲ အသိပညာပေးရေး လုပ်ငန်းများကို အစိုးရ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက် အဖွဲ့အစည်းများ အားလုံးက တိုးမြှင့်လုပ်ဆောင်သင့်သည်ဟု အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များက ပြောကြားသည်။ထိုသို့ အသိပညာပေးရေး လုပ်ဆောင်ရာတွင် အထူးသဖြင့် ပြီးခဲ့သည့် ဇွန်နှင့် ဇူလိုင်လအတွင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဘေးအန္တရာယ် ကျရောက်ခဲ့သည့် ဒေသများရှိ ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အမြန်ဆုံး လုပ်ဆောင်ပေးပြီး ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု ရှိလာစေရန် ဆောင်ရွက်သင့်သည်ဟု မဲဆန္ဒရှင် ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေသည့် Myanmar Network Organization for Free and Fair Elections (MYNFREL) မှ ဒေါ်ဇင်မာဦးက ဆိုသည်။ဒေါ်ဇင်မာဦးက “ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ အချိန်မီ မလုပ်နိုင်ဘူးဆိုရင် မဲစာရင်းကိစ္စက အဆင်မပြေနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုရင် အခုက သြဂုတ်လမှာပဲ ကပ်ပြီ။ နောက်ထပ်တစ်ခါ ကပ်မှာက တစ်ပတ် ရွေးကောက်ပွဲနီးတော့။ ပြန်ကပ်မယ်ဆိုရင် ကျွန်မတို့ ပြည်သူတွေက စိတ်ဝင်စားမှု ရှိပါ့မလား။ ဒီပြန်လည်ထူထောင်ရေး လုပ်ငန်းတွေက မသေချာဘူး၊ မကောင်းမွန်ဘူး၊ ပြည်သူတွေအတွက် အဆင်မပြေဘူးဆိုရင် မဲစာရင်းကိစ္စကို စိတ်ဝင်စားမှု ရှိပါ့မလားပေါ့။ မဲစာရင်းထဲမှာ စိတ်ဝင်စားမှုမရှိဘူး နာမည်ကလည်း မှားတာတို့ တစ်ခုခု လွဲချော်နေတာတို့ဆိုရင် တကယ့်ရွေးကောက်ပွဲနေ့ကျလို့ရှိရင် သူတို့ တကယ်မဲသွားပေးပါပြီတဲ့ သူတို့အတွက် အဆင်ပြေပါ့မလားပေါ့လေ။ အဲဒီလို ပြဿ နာလေးတွေ ရှိတယ်။ ကျွန်မတို့ အနေနဲ့ကတော့ မဲစာရင်းကပ်တဲ့ အခြေအနေလေးကိုတော့ ပိုပြီး ဂရုတစိုက်လုပ်ဖို့ လိုတယ်။ ဒီထက်ပိုပြီးတော့ အခုကပ်တဲ့ အနေအထားကနေ ရက်ပြန်တိုးပြီးမှ ကပ်ပေးသင့်တယ်လို့ ပြောချင်ပါတယ်” ဟု ပြောကြားသည်။Myanmar Network Organization for Free and Fair Elections အနေဖြင့် မဲဆန္ဒရှင် ပညာပေးရေး လုပ်ငန်းများကို ရခိုင်ပြည်နယ်အတွင်း၌ သုံးမြို့နယ်၊ ချင်းပြည်နယ်တွင် တစ်မြို့နယ်နှင့် စစ်ကိုင်းတိုင်း သုံးမြို့နယ် တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး စုစုပေါင်းတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်စုစုပေါင်း ၄၃ မြို့ကို မဲဆန္ဒရှင် ပညာပေးရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။“သက်ဆိုင်ရာ တိုင်းရင်းသားလူနည်းစု ဒေသတွေမှာ သက်ဆိုင်ရာ တိုင်းရင်းသားပါတီတွေ ရှိတယ်။ သူတို့တွေရဲ့ တိုင်းရင်းသားပါတီတွေကလည်း ရွေးကောက်ပွဲနီးလာပြီဆိုတော့ မဲစာရင်းဆိုတာ သူတို့အတွက် အများကြီး အရေးကြီးတယ်။ မဲတစ်မဲရဖို့ မဲစာရင်းအမှန်ဖြစ်ဖို့ သူတို့မှာ မြင်သာအောင်ပြောမယ်ဆိုရင် သူတို့မှာ မျက်လုံးရှိတယ်။ သူတို့မှာ မျက်လုံးရှိတဲ့အတွက် နိုင်ငံရေးပါတီတွေ သက်ဆိုင်ရာတိုင်းရင်းသားပါတီတွေ အနေနဲ့ ပိုပြီးတော့ လုပ်ဆောင်သင့်တယ်။ ကိုယ့်ဒေသ အခြေအနေနဲ့ အခြား ရန်ကုန်ကလာတဲ့သူတွေထက်စာရင် အဲဒီက နိုင်ငံရေးပါတီတွေ အဲဒီမှာ အခြေစိုက်တဲ့ နိုင်ငံရေးပါတီတွေက အသိဆုံးဖြစ်တယ်။ သူတို့အနေနဲ့ ပိုပြီးတော့ လုပ်ဆောင်သင့်တယ်” ဟု ဒေါ်ဇင်မာဦးက ပြောကြားသည်။Gender and Development Initiative (GDI) မှ ဒါရိုက်တာ ဦးဆလိုင်းအိုက်ဇက်ခင်ကလည်း GDI အနေဖြင့် လတ်တလောတွင် မဲစာရင်းနှင့် ပတ်သက်ပြီး အသိပညာပေးရေး လုပ်ငန်းများ ဆောင်ရွက်မှု မရှိသော်လည်း ရွေးကောက်ပွဲ မဲဆွယ်သည့်ကာလနှင့် ရွေးကောက်ပွဲရက်တို့တွင် ပဋိပက္ခစောင့်ကြည့်ရေး ကိစ္စများ လုပ်ဆောင်သွားမည်ဟု ဆိုသည်။“ချင်းပြည်နယ်မှာ သဘာဝဘေးအန္တရာယ် မကျရောက်ခင်ကတည်းကတောင်မှ သွားရေးလာရေး အင်မတန် ခက်ခဲတာပေါ့လေ။ ရွေးကောက်ပွဲမှာ ဘယ်သူဘယ်ဝါကို ထည့်မယ်ဆိုတာက တော်တော်များများ ကျေးလက်ဒေသမှာ နားမလည်ဘူး။ အခု သဘာဝဘေးအန္တရာယ် ရေကြီးတဲ့ကိစ္စ မြေပြိုတဲ့ကိစ္စတွေ ဖြစ်လာတဲ့အခါမှာ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပျက်သွားတယ်။ လူတွေကလည်း သူတို့ဘဝရှင်သန်ရေး ဦးစားပေးရတဲ့အခါမှာ လာမယ့်ရွေးကောက်ပွဲမှာ ဘယ်သူ့ကို မဲထည့်မယ်၊ ဘယ်လိုထည့်မယ်ဆိုတဲ့ ကိစ္စက အထူးသဖြင့် တောင်ပေါ်မှာ နေကြတဲ့ ရွာဘက်မှာနေကြတဲ့ ချင်းတိုင်းရင်းသားများအတွက်က တော်တော်လေးကို မမှန်းဆနိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ အရေးကြီးတာက အဲဒီလို အနေအထားမျိုးမှာ အစကတည်းက မဲစာရင်းကလည်း နာမည်မပါတာတွေ၊ နာမည်လွဲနေတာတွေ အများကြီးဖြစ်တဲ့ အခါကျတော့ မဲစာရင်းမှန်ဖို့ လိုပါတယ်” ဟု ပြောကြားသည်။မဲစာရင်း မှန်ကန်ရေးအတွက် ကျေးရွာများ သွားလာရေးခက်သည့် တောင်ပေါ်ဒေသများသို့ သွားရောက်၍ အသိပညာပေးရေးများ လုပ်ဆောင်ရန် လိုအပ်သကဲ့သို့ ပြည်သူများအနေဖြင့် ၎င်းတို့မဲထည့်ရမည့် ပါတီများနှင့် ကိုယ်စားလှယ်လောင်းများအကြောင်း သိစေရန် လွတ်လပ်သည့် အရပ်ဘက်အဖွဲ့အစည်းများက အသိပညာပေးသင့်သည်ဟု ၎င်းကဆိုသည်။“အရေးကြီးတာက လောလောဆယ် တစ်နိုင်ငံလုံးအနေနဲ့ သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရတဲ့ အချိန်အခါမှာ ရွေးကောက်ပွဲကလည်း ရက်ပေါင်း ၇၀ လောက်ပဲ ကျန်တော့တဲ့အခါမှာ ဘယ်လောက်ထိ အဆင်သင့်ဖြစ်သလဲပေါ့။ တစ်တိုင်းတစ်ပြည်လုံး အနေနဲ့ အထူးသဖြင့် မြို့ပေါ်က လူတွေထက် သဘာဝဘေးအန္တရာယ် ခံလိုက်ရတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးလေးခု အဲဒီကလူတွေရဲ့ အဆင့်သင့်ဖြစ်မှုနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့သော် လည်းကောင်း၊ အထူးသဖြင့် ရွေးကောက်ပွဲကော်မရှင် အနေနဲ့ ကျေးရွာအရောက် မဲနဲ့ပတ်သက်ပြီး၊ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အသိပညာပေးတဲ့ ကိစ္စတွေကို တိုးပြီးတော့ လုပ်ဖို့ လိုအပ်တယ်။ အဲဒီလို မလုပ်နိုင်ဘူးဆိုရင် သဘာဝဘေးအန္တရာယ် ကြုံတွေ့ခဲ့ရတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လေးခုက ဆက်သွယ်ရေးခက်ခဲတဲ့ နေရာဒေသတွေမှာ ရွေးကောက်ပွဲရလဒ်က ကောင်းမှာမဟုတ်ဘူး။ ရွေးကောက်ပွဲရလဒ် ဆိုတာက မဲထည့်တဲ့ ရာခိုင်နှုန်း တော်တော်နည်းနေလိမ့်မယ် ဆိုတာပါ” ဟု ဦးဆလိုင်းအိုက်ဇက်ခင်က ပြောကြားသည်။
မဲစာရင်းမှန်ကန်မှုနှင့် ရွေးကောက်ပွဲအပေါ် လူထုစိတ်ဝင်စားမှု ရှိစေရန် ရွေးကောက်ပွဲ အသိပညာပေးရေး တိုးမြှင့်လုပ်ဆောင်သင့်ဟု အရပ်ဘက်အဖွဲ့အစည်းများ ပြောကြား















