ကချင်ပြည်နယ် နှစ်ဖက်ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ တွေ့ဆုံရေး စက်တင်ဘာ ပထမအပတ်သို့ ရက်ရွှေ့ဆိုင်း

ကချင်ပြည်နယ် နှစ်ဖက်ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ တွေ့ဆုံရေး စက်တင်ဘာ ပထမအပတ်သို့ ရက်ရွှေ့ဆိုင်း
Published 30 August 2015

ကချင်ပြည်နယ် နှစ်ဖက်ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့တွေ့ဆုံရေး စက်တင်ဘာ ပထမအပတ်သို့ ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG)မှ ဦးခွန်းအောင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။ကေအိုင်အို ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ဝင်များက လွန်ခဲ့သော နှစ်လအကြာကတည်းက တွေ့ဆုံရန် တောင်းဆိုခဲ့သော်လည်း အစိုးရဘက်မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ အပြောင်းအလဲဖြစ်ခြင်း၊ နှစ်ဖက်ခေါင်းဆောင်များ ခရီးလွန်ခြင်းများရှိနေသောကြောင့် ဧပြီ ၆ ရက်နောက်ပိုင်း သုံးလကျော်ကြာမြင်ခဲ့သည်အထိ တွေ့ဆုံနိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။မြစ်ကြီးနားအခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦးခွန်းအောင်က “သြဂုတ် ၂၈ ရက်မှာတော့ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့တွေ မတွေ့နိုင်တော့ဘူး။ မနေ့ ည ၈ နာ ရီလောက်မှာ လိုင်ဇာမှာရှိတဲ့ ကေအိုင်အို ပဋိပက္ခညှိနှိုင်းရေးခေါင်းဆောင်က အကြောင်းပြန်ကြားစာ ပေးလာတယ်။ လောလောဆယ်မှာ ကေအိုင်အို ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ဝင်တွေက လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲနေကြလို့ စက်တင်ဘာထဲကို ရွှေ့ဆိုင်းပေးဖို့ ကမ်းလှမ်းလာတယ်။ ကျွန်တော်တို့ကတော့ သက်ဆိုင်ကို တင်ပြလိုက်ပါပြီ”ဟု ဆိုသည်။ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ် မလိယန်ကျေးရွာအနီးတွင် ဇူလိုင် ၁၁ ရက်တွင် ပြင်းထန်သောတိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ရက်ဆက် ပစ်ခတ်မှုများကြောင့် မလိယန်ကျေးရွာနှင့် ယင်းကျေးရွာအနီးရှိ ရွှေမှော်ကျေးရွာများမှ ဒေသခံများမှာ ဆွမ်ပရာဘွမ်မြို့နှင့် ကေအိုင်အေ တပ်မဟာ (၁) နယ်မြေ သို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း၊ ရေလမ်းကြောင်းကို တပ်မတော်မှ ပိတ်ထားသဖြင့် ရိက္ခာထောက်ပံ့မှု မရရှိဘဲ စားနပ်ရိက္ခာများ ပြတ်လပ်နေကြောင်း  အစိုးရနှင့် ကချင်နှစ်ခြင်းအသင်းတော်မှ တာဝန်ရှိသူများက ပြောကြားသည်။ယခုဆွေးနွေးပွဲတွင် တပ်မတော်ဘက် မှ ဆွမ်ပရာဘွမ်သို့ သွားရာလမ်း တံတားဖျက်ဆီးခံရမှုနှင့် လူသစ်စုဆောင်းမှုကို တင်ပြမည်ဟုပြောဆိုထားပြီး ၂၀၁၅ ရွေးကောက်ပွဲ မဲရုံလုံခြုံရေးအတွက်လည်း ဆွေးနွေးနိုင်ဖွယ်ရှိသည်။ ကေအိုင်အေမှ လက်ရှိ ဆွမ်ပရာဘွမ်ဘက်တွင်ဖြစ်ပေါ်နေသည့် စစ်ရေးတင်းမာမှုများကို ဆွေးနွေးနိုင်ဖွယ်ရှိပြီး မည်သည့်ကိစ္စရပ်များ ဆွေးနွေးမည်ကို မသိရှိသေးကြောင်း ကေအိုင်အို နည်းပညာအကြံပေး အဖွဲ့က ပြောကြားသည်။ ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့ရုံးမှ ဗိုလ်မှူးကြီး နော်လီက “အရင်က သဘောတူထားတာက အနည်းဆုံး သုံးရက်ကြိုညှိဖို့ပြောတယ်။အခုက နှစ်ရက်တည်း အစည်းအဝေးဖြစ်အောင် လာအကြောင်းကြားတယ်။ ကျွန်တော်တို့ ဗဟိုမှာက လူစုပြီးစည်းဝေးရမယ်။ အဲဒါကြောင့် စက်တင်ဘာ ပထမအပတ်ထဲကို ရွှေ့ဆိုင်းဖို့အကြောင်းပြန်တာပါ။ ဆွေးနွေးစရာက ဗဟိုက အဖွဲ့တွေရောက်လာမှပဲ သိမှာပါ။ ဆွမ်ပရာဘွမ်ဘက်မှာက ယနေ့အထိ အမြဲတမ်းပစ်ခတ်မှုတွေ ဖြစ်နေတော့ အဲဒီအကြောင်းတွေပဲ ဆွေးနွေးဖို့များပါတယ်”ဟု ပြောကြားသည်။

Most Read

Most Recent