ပြည်သူ့လွှတ်တော်အစည်းအဝေးများ ရပ်နားထားချိန် လွှတ်တော်ကော်မတီလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ကြရန် လွှတ်တော်ဥက္ကဋ္ဌညွှန်ကြား

ပြည်သူ့လွှတ်တော်အစည်းအဝေးများ ရပ်နားထားချိန် လွှတ်တော်ကော်မတီလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ကြရန် လွှတ်တော်ဥက္ကဋ္ဌညွှန်ကြား
Published 25 August 2015

ပြည်သူ့လွှတ်တော်အစည်းအဝေးများ ရပ်နားချိန် လွှတ်တော်ကော်မတီလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ကြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ညွှန်ကြားကြောင်း သတင်းရရှိသည်။    သြဂုတ် ၂၅ ရက်ကကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် လွှတ်တော်မှဖွဲ့စည်းထားသည့် ကော်မတီ ၂၃ ခု၊ ကော်မရှင်တစ်ခုတို့မှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများအား တွေ့ဆုံညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။    "မကြာခင်မှာ ကျွန်တော်တို့ (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ရပ်နားမှာဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့လက်ထဲမှာ ဥပဒေပြုဆိုင်ရာအကြွေးများ ကျန်နေခဲ့မှာဖြစ်ပါတယ်။ သာမန်အားဖြင့်တော့ ကျွန်တော်ပြီးခဲ့တဲ့ပြည်ထောင်စုလွှတ်တော်မှာ တင်ပြတုန်းက ဥပဒေပေါင်း ၆၀ ကျော်ပြဋ္ဌာန်းဖို့ကျန်တယ်လို့ ကျွန်တော်တင်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ကာလအတွင်းမှာ အချို့ဥပဒေတွေပြဋ္ဌာန်းနိုင်ခဲ့တဲ့အတွက် ဒီနေ့ဥပဒေပေါင်း ၅၀ ကျော်ကျန်ပါတယ်။ အဲဒီ ၅၀ လောက်က ပြည်သူ့လွှတ်တော်မှာ ၁၇ ခု၊ အမျိုးသားလွှတ်တော်မှာ ၂၄ ခု၊ ကျန်တာကတော့ ပြည်ထောင်စုလွှတ်တော်မှာဖြစ်ပါတယ်။ ဒီဥပဒေတွေဟာ အစိုးရဘက်ကတင်သွင်းတဲ့ ဥပဒေတွေများပါတယ်" ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။    အဆိုပါကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများအား တွေ့ဆုံညှိနှိုင်းအစည်းအဝေးသည် ယခင်ကပြုလုပ်လေ့ရှိသော်လည်း ယခုအချိန်ထိ မကျင်းပဖြစ်သည်မှာ ကိုးလခန့်ရှိပြီဖြစ်ကြောင်း သိရသည်။    "ကော်မတီတွေ ဆက်အလုပ်လုပ်ဖို့ ဥပဒေတွေကျန်နေသေးတယ်။ ဥပဒေတွေကျန်နေသေးတော့ အခုရွေးကောက်ပွဲစည်းရုံးရေးကာလမှာလည်း ရတဲ့ရက်ကလေး အကုန်တက်ပြီး ကျန်တဲ့ဥပဒေတွေဖြတ်ဖို့။ ကြိုတင်ပြင်ဆင်ထားဖို့။ ကြွေးကျန်တွေဖြတ်ဖို့ပြောတာပါ" ဟု ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော်ကပြောကြားသည်။    ထို့အတူ ပြည်ထောင်စုအစိုးရအဖွဲ့မှ လွှတ်တော်သို့တင်သွင်းလာမည့် ဖြည့်စွက်ဘတ်ဂျက်အတည်ပြုရန်အတွက် ရွေးကောက်ပွဲပြီးနောက် လွှတ်တော်ပြန်လည်ခေါ်ယူဖွယ်ရှိကြောင်း ၎င်းကပြောကြားသည်။    "လွှတ်တော်ရပ်နားသော်လည်း ကော်မတီ၊ ကော်မရှင်ဆိုတာ တချို့ကိစ္စတွေရှိတယ်။ ကော်မတီ၊ ကော်မရှင်တွေက ကိုယ်လုပ်စရာရှိရင်တော့ ဆက်လုပ်ကြ။ လုပ်တဲ့နေရာမှာ နှစ်ခုရှိပါတယ်။ ဒီနေရာမှာလည်း လုပ်လို့ရတယ်။ ရန်ကုန်မှာလည်း  လွှတ်တော်ရုံးခွဲရှိတာဆိုတော့ တကယ်လို့လုပ်စရာရှိတယ်ဆိုရင်တော့ အဲဒီနေရာတွေလုပ်ကြပါ။ ဒါပါပဲ။ ကော်မတီအလိုက်တော့မတူဘူးပေါ့" ဟု ပြည်သူ့လွှတ်တော်နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားသည်။    ထို့ပြင် ဦးဌေးဦးက ၎င်းတို့ကော်မတီအနေဖြင့် လွှတ်တော်အစည်းအဝေးများ ရပ်နားချိန်တွင် ကော်မတီလုပ်ငန်းများ မပိတ်ထားသော်လည်း လက်ရှိတွင် ဥပဒေပြုရေးနှင့်ပတ်သက်၍ ကြွေးကျန်လုပ်ငန်းမရှိတော့ကြောင်း၊ သို့ရာတွင် ပြည်သူများနေ့စဉ်တိုင်ကြားစာများရှိသဖြင့် အဆိုပါကိစ္စရပ်များ ဖြေရှင်းဆောင်ရွက်ရသည့် လုပ်ငန်းများရှိကြောင်း ပြောကြားသည်။

Most Read

Most Recent