အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးရာတွင် အားလုံးပါဝင်ရေး ညှိနှိုင်းမည့် သမ္မတအပါအဝင် နှစ်ဖက်ခေါင်းဆောင်များတွေ့ဆုံပွဲ စက်တင်ဘာလသို့ရွှေ့ဆိုင်းရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအဆိုပြု

အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးရာတွင် အားလုံးပါဝင်ရေး ညှိနှိုင်းမည့် သမ္မတအပါအဝင် နှစ်ဖက်ခေါင်းဆောင်များတွေ့ဆုံပွဲ စက်တင်ဘာလသို့ရွှေ့ဆိုင်းရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအဆိုပြု
Published 25 August 2015
အောင်ဇော်ထွန်း

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး တစ်ပြိုင်နက်တည်း ပါဝင်ရေးကိစ္စညှိနှိုင်းမည့် နိုင်ငံတော်သမ္မတအပါအဝင် အစိုးရခေါင်းဆောင်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များတွေ့ဆုံပွဲကို သြဂုတ်လအတွင်း ပြုလုပ်ရန် စီစဉ်ထားသော်လည်း ယင်းတွေ့ဆုံပွဲကို စက်တင်ဘာလသို့ ရွှေ့ဆိုင်းပေးရန် တိုင်းရင်းသားလက်နက်ကိုင် အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (SD) က ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းထံသို့ သြဂုတ် ၂၅ ရက်တွင် စာပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။    SD အဖွဲ့ဝင် ပဒိုစောကွယ်ထူးဝင်းက "အခုနောက်ဆုံးအခြေအနေကတော့ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းက ခေါင်းဆောင်တွေ အဖွဲ့ငါးဖွဲ့က ခေါင်းဆောင်ကြီးငါးဦးနဲ့ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့က အဖွဲ့ခေါင်းဆောင်သုံးဦးနဲ့ နိုင်ငံတော်ကတာဝန်ရှိတဲ့ ခေါင်းဆောင်တွေ သွားညှိပြီးတော့ အပြီးသတ်ညှိနှိုင်းဖို့ အစီအစဉ်တွေ ဆောင်ရွက်နေပါတယ်။ ဒါကနောက်ဆုံးအခြေအနေပေါ့။ ဒါပေမဲ့ ရက်သတ်မှတ်တာက မူလက ကျွန်တော်တို့ သြဂုတ် ၂၅ ရက်ပတ်ဝန်းကျင်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်အချို့က အဲဒီနေ့ရက်မှာ သူတို့မှာလည်း သူတို့အဖွဲ့အစည်းရဲ့ အရေးကြီးတဲ့လုပ်ငန်းတွေ တာဝန်တွေရှိတဲ့အတွက်ကြောင့်၊ မအားမလပ်တဲ့အတွက်ကြောင့် စက်တင်ဘာလအတွင်းကို ရွှေ့မယ့်သဘောဖြစ်ပါတယ်။ ဘယ်ရက်လဲဆိုတာကိုတော့ အတိအကျမသိရသေးဘူး" ဟု သြဂုတ် ၂၅ ရက်က ပြောကြားသည်။    UPWC အလုပ်အဖွဲ့ဖြစ်သည့်  Myanmar Peace Center မှ ဦးလှမောင်ရွှေက "သူတို့ဘက်က ဦးအောင်မင်းဆီကို စာပို့နေတာတွေရှိပါတယ်။ ရက်ထပ်ပြီးတော့ ရွှေ့ပေးဖို့ပေါ့။ သူတို့ကတော့ လလယ်လောက်အထိရွှေ့ဖို့။ ဒါပေမဲ့ ဒီဘက်ကလည်း သူတို့အစီအစဉ်တွေရှိတော့ အဲဒီအထိ ရွှေ့မယ်မရွှေ့ဘူးဆိုတာ မသိသေးပါဘူး။ စက်တင်ဘာလလယ်လောက်ထိရွှေ့ပေးဖို့ ထပ်တောင်းဆိုတာပေါ့" ဟုပြောကြားသည်။    အစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံရန် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခွန်းအေဘွယ်တွိဒ်၊ မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌ နိုင်ထောမွန်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နာယက ဗိုလ်ချုပ်ဆေထင်တို့ကို ရွေးချယ်ခဲ့ကြောင်းနှင့် SD အဖွဲ့ခေါင်းဆောင်သုံးဦးအပါအဝင် ကိုယ်စားလှယ်ရှစ်ဦးကို သြဂုတ် ၂၁ ရက်မှ ၂၄ ရက်ထိ ထိုင်းနိုင်ငံ ချင်းမိုင်တွင်ပြုလုပ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များအစည်းအဝေးက ရွေးချယ်ခဲ့ပြီး လုပ်ပိုင်ခွင့်များပေးအပ်ခဲ့ကြောင်း သိရသည်။    အစိုးရက၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးလက်မှတ်ထိုးရန် ကြိုးစားလျက်ရှိရာ ယင်းနှင့် အခက်အခဲ ရှိ မရှိနှင့်ပတ်သက်ပြီး ဦးလှမောင်ရွှေက "သိပ်တော့ခက်မယ်လို့ ကျွန်တော်တော့မထင်ဘူး။ ကျွန်တော်တို့ အဓိကအရေးကြီးတဲ့ NCA စာချုပ်ကပြီးနေပြီလေ" ဟုဆိုသည်။    NCA လက်မှတ်ထိုးရေးနှင့်ပတ်သက်ပြီး တိုင်းရင်းသားအဖွဲ့အစည်းများအကြား သဘောထားအမြင်များနှင့်ပတ်သက်ပြီး SD အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်းက "အဖွဲ့အစည်းအသီးသီးရဲ့အမြင်နဲ့ အာဘော်တွေက တစ်ထပ်တည်းတော့မကျဘူးပေါ့။ တချို့အဖွဲ့တွေကတော့ နည်းနည်းအချိန်ယူပြီး ဆွေးနွေးချင်တဲ့လူတွေလည်း ရှိပါတယ်။ တချို့အဖွဲ့တွေဆိုရင် အချိန်အများကြီးရှိသေးတယ်ဆိုတဲ့ပုံစံနဲ့  ဒီအစိုးရလက်ထက်မဟုတ်ဘူးဆိုရင်လည်း နောက်ရွေးကောက်ပွဲပြီးမှ တက်လာတဲ့အစိုးရနဲ့ ဆွေးနွေးဖို့လိုလားတဲ့ အဖွဲ့တွေရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အများစုကတော့ ကျွန်တော်တို့ ချင်းအမျိုးသားတပ်ဦးအနေနဲ့ဆိုရင် လက်ရှိသမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာပဲ ဆွေးနွေးသင့်တယ်။ ဦးသိန်းစိန်ကနေ ငြိမ်းချမ်းရေးကိုဖိတ်ခေါ်ကမ်းလှမ်းမှုအပေါ်မှာ အစိုးရနဲ့ မရမက လက်မှတ်ရေးထိုးချင်တဲ့မူရှိပါတယ်။ ဒါပေမဲ့ အခုကတော့ ဒီလိုအမြင်မတူမှုတွေကို နည်းပေါင်းစုံနဲ့ညှိတဲ့အခါကျတော့ ထိပ်သီးခေါင်းဆောင်တွေနဲ့ သမ္မတကြီးတွေ့တဲ့အခါကျရင် ပြေလည်မယ်လို့မျှော်လင့်တယ်လေ။ ဘာလို့လဲဆိုရင် သမ္မတဘက်ကလည်း နှစ် ၆၀ ကျော် ပြည်တွင်းစစ်ချုပ်ငြိမ်းရေးကို အားပေးတဲ့အပေါ်မှာ နည်းလမ်းရှာဖွေရမယ်ဆိုတဲ့ မူဘောင်အောက်မှာ အဖြေရှာလို့ရမယ်လို့ မျှော်လင့်ပါတယ်"  ဟု ပြောကြားသည်။         

Most Read

Most Recent