တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး တစ်ပြိုင်နက်တည်း ပါဝင်ရေးမူအားဖြင့် ကိုင်စွဲ၍ အစိုးရနှင့် ဆွေးနွေးမည်

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး တစ်ပြိုင်နက်တည်း ပါဝင်ရေးမူအားဖြင့် ကိုင်စွဲ၍ အစိုးရနှင့် ဆွေးနွေးမည်
Published 25 August 2015
အောင်ဇော်ထွန်း

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး တစ်ပြိုင်နက်တည်း ပါဝင်ရေးကို မူအားဖြင့် ကိုင်စွဲ၍  အစိုးရနှင့် ဆွေးနွေးသွားမည် ဖြစ်သော်လည်း အစိုးရဘက်က လက်ခံခြင်း မရှိပါက NCA တွင် လက်မှတ်ထိုး၍ မရသေးသည့် အဖွဲ့များ နစ်နာမှု မရှိစေရေးနှင့် ယင်းအဖွဲ့များ ပါဝင်လာနိုင်ရေးအတွက် မည်ကဲ့သို့ နည်းလမ်းရှာမည် ဆိုသည်ကို ဆွေးနွေးသွားရန် သြဂုတ် ၂၁ ရက်မှ ၂၄ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်၌ ပြုလုပ်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါ ထိပ်သီးအစည်းအဝေးသို့ တိုင်းရင်းသားလက်နက်ကိုင် အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) အဖွဲ့ဝင် အဖွဲ့အစည်း ၁၇ ဖွဲ့အနက် ၁၅ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး NCA တွင် လက်မှတ်ရေးထိုးရေးနှင့် ပတ်သက်ပြီး အဖွဲ့အစည်းများအကြား ကွဲလွဲမှုများ ရှိသော်လည်း အများစုက NCA လက်မှတ်ထိုးရာတွင် အားလုံးတစ်ပြိုင်နက်တည်း ပါဝင်ရေးကို အသေမဆုပ်ကိုင်ဘဲ နည်းလမ်းရှာသွားရန်  သဘောထားချမှတ်ခဲ့ကြောင်း သိရသည်။SD အဖွဲ့ဝင် ဒေါက်တာဆလိုင်လျန်မှုန်းက “ကျွန်တော်တို့ ဆုံးဖြတ်မှုကတော့ ကျွန်တော်တို့ထဲက ထိပ်သီးငါးယောက်နဲ့ SD ထဲက ခေါင်းဆောင်သုံးယောက်ကို နေပြည်တော်စေလွှတ်ပြီးတော့ သမ္မတကြီးနဲ့တကွ ကာကွယ်ရေးဦးစီးချုပ်တို့ကိုတွေ့ဖို့ စေလွှတ်မှာဖြစ်ပါတယ်။ အဲဒီ ဆုံးဖြတ်ချက် ကျပါတယ်။ တကယ်လို့ အဲဒီနေပြည်တော်သွားရင်တော့ ကျွန်တော်တို့လိုလားတဲ့ အားလုံးပါဝင်ရေးမူကိုတော့ ကျွန်တော်တို့အနေနဲ့ မူအားဖြင့်ကိုင်ပြီးတော့ ဆွေးနွေးမှာဖြစ်တယ်။ ပြီးတော့ တစ်ဆက်တည်းမှာပဲ အဲဒီမူမကျဘူးဆိုရင် ကျွန်တော်တို့ NCA မှာ လက်မှတ်ထိုးလို့ မရသေးတဲ့ အစိုးရက အသိအမှတ်မပြုတဲ့ ခြောက်ဖွဲ့ရှိတာပေါ့။ အဲဒီခြောက်ဖွဲ့ကိစ္စကို ကျွန်တော်တို့ ဘယ်လိုနည်းလမ်းရှာပြီးတော့မှ သူတို့ကို ပါဝင်ခိုင်းမလဲ ဆိုတဲ့ဟာကို သွားဆွေးနွေးမှာ ဖြစ်ပါတယ်” ဟု သြဂုတ် ၂၄ ရက် ညပိုင်းက ပြောကြားသည်။SD အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာကလည်း “အားလုံးပါဝင်ရေးကို ဆက်ထိန်းသွားမယ်။ နောက်ဆုံးအဆင့်အထိ ဆက်ထိန်းသွားမယ်။ သို့သော် အသေတော့ မကိုင်ဘူး။ အားလုံးပါဝင်ရေးကို ကျွန်တော်တို့ဘက်က လက်ခံတယ်။ တစ်ဖက်က လက်မခံဘူးဆိုရင် သူတို့ဘက်က လက်မခံတဲ့ဟာကို လက်ခံအောင် ကျွန်တော်တို့ ပြောရမယ်။ ပြောတဲ့ ကြားထဲကပဲ တချို့ကျန်ဦးမယ်ဆိုရင် အဲဒီကျန်တဲ့သူတွေ ထိခိုက်နစ်နာမှု မရှိဖို့အတွက် ကျွန်တော်တို့ ကာရမယ်။ အဲဒီ အစီအစဉ်အတိုင်း သွားမယ်” ဟု ပြောကြားသည်။အစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံရန် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခွန်းအေဘွယ်တွိဒ်၊ မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌ နိုင်ထောမွန်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နာယက ဗိုလ်ချုပ်ဆေထင်တို့ကို ရွေးချယ်ခဲ့ကြောင်းနှင့် SD အဖွဲ့ခေါင်းဆောင်သုံးဦး အပါအဝင် ကိုယ်စားလှယ်ရှစ်ဦး နေပြည်တော်သို့ သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့၏ အလုပ်အဖွဲ့ဖြစ်သော Myanmar Peace Center မှ ဦးလှမောင်ရွှေက “ဒီနေ့ညနေမှာ ချင်းမိုင်အစည်းအဝေးပြီးတယ်လို့ သိရတယ်။ သူတို့အနေနဲ့ နေပြည်တော်မှာ နိုင်ငံတော်သမ္မတ အပါအဝင် တာဝန်ရှိတဲ့သူတွေကို လာတွေ့မယ်လို့ ဆုံးဖြတ်တယ်လို့ ကြားသိရတယ်။ SD အနေနဲ့ ဝန်ကြီးဦးအောင်မင်းကို သူတို့အနေနဲ့ စာပို့ထားတာ ရှိတယ်။ ကျွန်တော်တို့ နဂိုအစီအစဉ် သြဂုတ် ၇ ရက်နေ့ ဆွေးနွေးပွဲအပြီးမှာ ဦးအောင်မင်းကို သူတို့က နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံပေးဖို့ စီစဉ်ပေးဖို့ ပြောတဲ့အချိန်မှာ ဝန်ကြီးဦးအောင်မင်း အနေနဲ့ သူ့အနေနဲ့ တင်ပြပေးမယ်။ တစ်ပတ်လောက်အတွင်းမှာ တွေ့ဆုံနိုင်ဖို့ဆိုပေမယ့် SD ဘက်က မေတ္တာရပ်ခံတဲ့အတွက် နှစ်ပတ်စောင့်ပေးဖို့ ဆိုတာကို လုပ်ခဲ့တယ်။ ဒါပေမဲ့ SD က စာနဲ့ တစ်ခါထပ်ပြီးတော့ နှစ်ပတ်ဆိုတာကိုလည်း သူတို့အချိန်မလုံလောက်တဲ့အတွက် သြဂုတ် ၂၄ ရက်နဲ့ ၂၈ ရက်ကြားထဲမှာ တွေ့ဆုံနိုင်ပေးဖို့အတွက် ဆက်လက်စီစဉ်ပေးဖို့ စာနဲ့ပေးပို့တာ ရှိပါတယ်။ ၉ ရက်နေ့ ရက်စွဲနဲ့ပါ။ ဒါကြောင့်မို့ အစိုးရဘက်က ၂၄ နဲ့ ၂၈ ကြားမှာ စီစဉ်ပေးဖို့ ရှိခဲ့တယ်။ တိုင်းရင်းသားတွေဘက်က အမည်စာရင်း ပေးပို့လာရင်တော့ ဦးအောင်မင်းတို့ဘက်က ၂၇ ရက် သို့မဟုတ် ၂၈ ရက်နေ့ကို အတည်ပြုပြန်ကြားပေးနိုင်မယ့်သဘော ရှိပါတယ်ဗျ” ဟု ပြောကြားသည်။အစိုးရခေါင်းဆောင်များနှင့် တိုင်းရင်းသားခေါင်းဆောင်များ၏ နေပြည်တော်တွေ့ဆုံပွဲ ရက်သတ်မှတ်ရေးနှင့် ပတ်သက်ပြီး တိုင်းရင်းသားအဖွဲ့များအကြား အမြင်မတူမှုများ ရှိနေပြီး အဖွဲ့အချို့က ဖြည်းဖြည်းပြုလုပ်လိုသည့် သဘောထား ရှိနေကြောင်း သိရသည်။“ကျွန်တော်တစ်ဦးတည်းအမြင် ကျွန်တော်တို့ ချင်းအမျိုးသားတပ်ဦးရဲ့ အမြင်ကတော့ အချိန်က သိပ်မရှိတော့ဘူး။ ရွေးကောက်ပွဲနဲ့ ဘာနဲ့ဆိုတော့ သြဂုတ်လမကုန်ခင် ဆွေးနွေးသင့်တယ်ဆိုတဲ့ အမြင်မျိုးရှိပါတယ်” ဟု ချင်းအမျိုးသားတပ်ဦး၏ အဓိပတိကောင်စီဝင်လည်းဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောကြားသည်။

Most Read

Most Recent