မြန်မာနိုင်ငံ၌ ဒီမိုကရေစီ အပြည့်အ၀ ရရှိပြီဟု ၉၅ ရာခိုင်နှုန်းက မယူဆဘဲ ငါးရာခိုင်နှုန်းကသာ ယူဆကြောင်း 2015 Myanmar Asian Barometer Survey (ABS) စစ်တမ်းတွင် ဖော်ပြ

မြန်မာနိုင်ငံ၌ ဒီမိုကရေစီ အပြည့်အ၀ ရရှိပြီဟု ၉၅ ရာခိုင်နှုန်းက မယူဆဘဲ ငါးရာခိုင်နှုန်းကသာ ယူဆကြောင်း 2015 Myanmar Asian Barometer Survey (ABS) စစ်တမ်းတွင် ဖော်ပြ
Published 24 August 2015
ကြည်နိုင်

မြန်မာနိုင်ငံ၌ ဒီမိုကရေစီ အပြည့်အ၀ ရရှိပြီဟု ၉၅ ရာခိုင်နှုန်းက မယူဆဘဲ ၅ ရာခိုင်နှုန်းကသာ ယူဆကြောင်း 2015 Myanmar Asian Barometer Survey (ABS) စစ်တမ်းတွင် ဖော်ပြခဲ့သည်။
အဆိုပါစစ်တမ်းသည် မြန်မာနိုင်ငံတစ်ဝန်း လူပေါင်း ၁၆၂၀ ကို မေးမြန်းပြီးမှ ကောက်ယူထားခြင်းဖြစ်ကြောင်း ယင်းစစ်တမ်းနှင့် ပတ်သက်ပြီး သြဂုတ် ၂၄ ရက်က ရန်ကုန်မြို့ရှိ ဖန်တီးရာရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရန်ကုန်နိုင်ငံရေးသိပ္ပံ ကျောင်းအုပ် ဦးမြတ်သူက ပြောကြားသည်။
2015 Myanmar Asian Barometer Survey (ABS) နှင့် ရန်ကုန်နိုင်ငံရေးသိပ္ပံ ကျောင်းတို့ ပူးပေါင်း ကောက်ယူခြင်းဖြစ်ပြီး (ABS) သည် မြန်မာနိုင်ငံ အပါအဝင် အရှေ့အာရှ ၁၄ နိုင်ငံတို့တွင်  နိုင်ငံအလိုက် စစ်တမ်းကောက်ယူသည့် အဖွဲ့ဖြစ်ကာ ယခုပရောဂျက်သည် ထိုင်ဝမ်အမျိုးသား တက္ကသိုလ်တွင် အခြေစိုက်ပြီး ၂၀၀၁ ခုနှစ်မှ စတင်၍ ဒေသတွင်းနိုင်ငံများတွင် စစ်တမ်းပြုလုပ်လာသည်မှာ လေးကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများသို့ ဖြန့်ဝေသော စစ်တမ်းကောက်ယူမှု လေ့လာတွေ့ရှိချက် အနှစ်ချုပ် စာစောင်တွင် စီပွားရေး အခြေအနေများ၊ လူမှုအရင်းအနှီး၊ နိုင်ငံရေးဆိုင်ရာ အမှတ်အသား (သရုပ်)နှင့် ဘာသာရေး၊ နိုင်ငံရေးဆိုင်ရာ အမှတ်သရုပ်နှင့် တိုင်းရင်းသား မျိုးနွယ်စု၊ နိုင်ငံရေးယဉ်ကျေးမှု၊ ဒီမိုကရေစီအပေါ် ရှုမြင်ပုံများ၊ နိုင်ငံရေးတွင် ပါဝင်မှု၊ ရွေးကောက်ပွဲဆိုင်ရာ ဖြစ်စဉ်နှင့် ရွေးကောက်ပွဲများ၊ အဆောက်အအုံများတွင် ယုံကြည်မှု၊ အုပ်ချုပ်မှုနှင့် ဝန်ဆောင်မှုများ ခေါင်းစဉ်တို့ဖြင့် လေ့လာတွေ့ရှိမှုများကို အကျဉ်းဖော်ပြထားသည်။
ယင်းစစ်တမ်းအရ မြန်မာတို့သည် နိုင်ငံကို ဒီမိုကရေစီ ပြည့်ပြည့်၀၀ ရရှိပြီဟု မယူဆကြောင်း၊ မေးခွန်းမေးမြန်း ရာတွင်လည်း ၅ ရာခိုင်နှုန်းက ယူဆသည်ဟု ဖြေကြားပြီး ၉၅ ရာခိုင်နှုန်းက လက်မခံကြောင်း ဖြေကြားခဲ့ကြောင်း၊ သို့သော် ယခင်နှင့်ယခု ခေါင်းဆောင်ကြား ပြောင်းလဲမှုများ ရှိသည်ကို အသိအမှတ်ပြုပြီး အနာဂတ် ဒီမိုကရေစီ အပြောင်းအလဲအတွက် အကောင်းမြင်ကြောင်း ဖော်ပြထားသည်။
“လုံးဝပြည့်ဝတဲ့ ဒီမိုကရေစီလို့ ဖြေကြားတဲ့သူက ၅ ရာခိုင်နှုန်းပဲရှိပြီး ၉၅ ရာခိုင်နှုန်းကတော့ ဒီအဖြေကို လက်မခံပါဘူး။ ဒီမိုကရေစီတော့ရှိတယ်။ ပြဿနာနည်းနည်းတော့ ရှိတယ်လို့ ဖြေတဲ့သူက ၃၅ ရာခိုင်နှုန်း၊  ဒီမိုကရေစီတော့ဟုတ်တယ်၊ ပြဿနာအများကြီး ရှိတယ်လို့ ဖြေတဲ့သူက ၂၃ ရာခိုင်နှုန်း ရှိတယ်လို့ ဖြေကြားခဲ့တာ တွေ့ရပါတယ်” ဟု ဦးမြတ်သူက အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် စစ်တမ်းနှင့်ပတ်သက်ပြီး မီဒီယာများသို့ ရှင်းလင်း ပြောကြားသည်။
ထို့ပြင် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ၇၄ ရာခိုင်နှုန်းက ထောက်ခံပြီး ၂၆ ရာခိုင်နှုန်းက ကန့်ကွက်ကြောင်း၊ ထောက်ခံသည့် ယင်းရာခိုင်နှုန်းမှာ ဒေသတွင်း နိုင်ငံများဖြစ်သော ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အင်ဒိုနီရှား၊ ထိုင်းတို့နှင့် တန်းတူလိုက်ကြောင်း အဆိုပါစစ်တမ်းက ဖော်ပြသည်။
ဆက်လက်၍ မြန်မာနိုင်ငံသည် အရှေ့ အာရှ နိုင်ငံများတွင် ဒီမိုကရေစီကို အနှစ်သက်ဆုံး နိုင်ငံများထဲတွင် ပါဝင်နေပြီး အာဏာရှင်စနစ် နှစ်သက်မှုတွင် ၄ ရာခိုင်နှုန်းသာရှိသည်။
“ဒီမိုကရေစီကို ထောက်ခံတဲ့အခါမှာ ဗမာလူမျိုးတွေက ဒီမိုကရေစီကို ထောက်ခံတဲ့အခါမှာတော့ အခြားလူမျိုးတွေထက် မနိမ့်ဘူးဆိုတာ တွေ့ရပါတယ်။ ၇၄ ရာခိုင်နှုန်း ဆိုပြီးတော့ တွေ့ရတာမို့ တခြားဒေသတွင်း တိုင်းပြည်တွေနဲ့ယှဉ်ရင် တန်းတူလိုက်တယ်လို့ ပြောလို့ပါတယ်။ ဒီမိုကရေစီရယ် အာဏာရှင် စနစ်ရယ်ဆိုတဲ့ ကြားထဲမှာ ဘယ်ဟာကို ပိုနှစ်သက်သလဲဆိုရင် ဗမာဟာ ဒီမိုကရေစီကို နှစ်သက်တယ်လို့ ၇၂ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံး အတန်းအစားထဲမှာ ပါတယ်။ တစ်ဖက်က အာဏာရှင်စနစ် (သို့မဟုတ်) အာဏာရှင်ဆန်တဲ့ အပြုအမှုကို လက်ခံနိုင်တဲ့ အတိုင်းအတာမှာ သူက ၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။ အဲဒီတော့ ဒေသတွင်းမှာ ကြည့်မယ်ဆိုရင် အာဏာရှင်စနစ်ကို အဆန့်ကျင်ဆုံး တိုင်းပြည်လို့ ပြောလို့ရပါတယ်” ရန်ကုန်နိုင်ငံရေး သိပ္ပံကျောင်းအုပ် ဦးမြတ်သူက ပြောကြားသည်။
 

Most Read

Most Recent