ရွေးကောက်ပွဲတွင် တပ်မတော်အနေဖြင့် မည်သူ့ကို ထောက်ခံမည်ဆိုပြီး ညွှန်ကြား၍ မရကြောင်းနှင့် တပ်မတော်သားတစ်ဦး အနေဖြင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် မဲပေးခွင့်ရှိသည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂျပန်နိုင်ငံ အဆာဟိရှင်ဘွန်း သတင်းဌာနနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း သြဂုတ် ၂၂ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ Senior General Min Aung Hlaing Facebook စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။အဆာဟိရှင်ဘွန်း သတင်းဌာနက “ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ မေးချင်ပါတယ်။ ဒီနိုဝင်ဘာမှာ အထွေထွေရွေးကောက်ပွဲ ဒီနိုင်ငံမှာ ရှိပါတယ်။ အဲဒါ အင်မတန် အရေးကြီးတယ်လို့ ကျွန်တော်တို့လည်း ယူဆပါတယ်။ အဲဒီ ရွေးကောက်ပွဲမှာ တပ်မတော်အနေနဲ့ကကျတော့ ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံအားပေးတယ်ဆိုတဲ့ သဘောလို့ ကျွန်တော်တို့ ယူဆလို့ ရပါသလား” ဟု မေးမြန်းသည့်အပေါ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ဒီလိုပေါ့ တိုင်းပြည်ကို တကယ်ကောင်းအောင် လုပ်ပေးမယ်၊ အကျိုးရှိအောင် လုပ်ပေးမယ်၊ တိုင်းပြည်အကျိုးရှိအောင်လုပ်မယ့် လူပုဂ္ဂိုလ်၊ တိုင်းပြည်အကျိုးရှိအောင်လုပ်မယ့် ပါတီကို ကျွန်တော်တို့ကတော့ တပ်မတော်အနေနဲ့ မဟုတ်ပါဘူး။ တပ်မတော်သားတစ်ယောက် အနေနဲ့ကတော့ သူ့ရဲ့ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ သူဆန္ဒပြုလို့ ရပါတယ်။ တပ်မတော်က ထောက်ခံတယ်၊ ပြုတယ်၊ တပ်မတော် အနေနဲ့ကတော့ ဘယ်သူ့ကို ထောက်ခံတယ်၊ ဘယ်ဝါကို ထောက်ခံမယ် ဆိုပြီးတော့ ညွှန်ကြားလို့တော့ မရပါဘူး။ ဒါ လူတစ်ဦးချင်းရဲ့ မဲပေးပိုင်ခွင့် Right ရှိတယ်။ ဒါ့ကြောင့် သူ့ရဲ့ဆန္ဒပေါ်မှာ မူတည်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်” ဟု ပြောကြားခဲ့ကြောင်း သိရသည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ရှိခဲ့ရာတွင် တပ်မတော်အနေဖြင့် ပါဝင်ခဲ့ခြင်း ရှိသလားဟု မေးမြန်းသည့်အပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “ဒီမေးခွန်း ဖြေရရင်တော့ တပ်မတော်အနေနဲ့ ပါဝင်တာ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာ ပါတီရဲ့ အတွင်းရေး ကိစ္စတွေ၊ သူတို့ရဲ့ ဖြေရှင်းတဲ့ သဘောပါပဲ။ တပ်မတော်က ကားတွေ ပါတယ်၊ ပြုတယ်ဆိုတာ မဟုတ်ပါဘူး၊ မရှိပါဘူး။ သွားစရာ အကြောင်းလည်း မရှိပါဘူး။ အဲဒီမှာ သံသယ ဖြစ်နေကြတာတော့ အငြိမ်းစားတပ်မတော်အရာရှိကြီးတချို့ အဲဒီမှာ ပါတယ်လို့၊ သူတို့ကတော့ တပ်မတော်က အငြိမ်းစားယူသွားပြီး ဖြစ်တဲ့အတွက်ကြောင့် သူတို့သွားမယ့် လမ်းကြောင်းပေါ်မှာ သူတို့ အလုပ်လုပ်ခြင်း ဖြစ်တယ်လို့ပဲ ပြောလို့ရတယ်။ တပ်မတော်နဲ့တော့ ဘယ်လိုမှ မပတ်သက်ဘူးဆိုတာလေး ပြောချင်ပါတယ်။ ဒါကတော့ သူတို့ရဲ့ ပါတီရဲ့ အတွင်းရေး ကိစ္စတွေပါပဲ” ဟု ပြောကြားခဲ့ကြောင်း သိရသည်။အဆာဟိရှင်ဘွန်းက “၂၀၁၅ ရွေးကောက်ပွဲအပြီး ၂၀၁၆ မှာ အစိုးရအသစ် ဖွဲ့မယ်ဆိုတဲ့ အစီအစဉ် ရှိပါတယ်။ အဲဒီအချိန်မှာ တပ်မတော်ဟာ အခုလက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲမှာ တပ်မတော်သား ကိုယ်စားလှယ်အနေနဲ့ ပါဝင်ပါတယ်။ ဒီတော့ သူတို့ကနေပြီးတော့ ဒုသမ္မတကို ရွေးချယ်ခွင့်လည်း ရှိပါတယ်။ တပ်မတော်အနေနဲ့ နောက်ဒုသမ္မတကို ဘယ်သူ့ကို ရွေးချယ်ချင်ပါသလဲ။ ဘယ်သူကို ထောက်ခံပါသလဲဆိုတာ ရှိပါသလား” ဟု မေးမြန်းခဲ့သည့်အပေါ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “အခုထိတော့ မလုပ်သေးဘူး။ ဘာလို့လဲဆိုတော့ ဒီရွေးကောက်ပွဲ ရလဒ်တွေပေါ် မူတည်ပြီးတော့မှပဲ စဉ်းစားရမှာ ဖြစ်ပါတယ်။ တပ်မတော်သား အစုအဖွဲ့ စဉ်းစားရမှာပေါ့။ ဒုတိယ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ဖို့ စာရင်းပေးမယ့် လူပုဂ္ဂိုလ်ဟာ တစ်အချက်က တိုင်းပြည်ကို တကယ်ကောင်းအောင် လုပ်မယ့်သူ၊ ကျွန်တော်တို့ ယုံကြည်ရတဲ့လူဖြစ်ဖို့ လိုတာပေါ့။ နောက်တစ်ခုက ဒို့တာဝန် အရေးသုံးပါးကို ခင်ဗျားလည်း သိပါတယ်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး။ ဒီသုံးချက်ကို တကယ်အလေးထားပြီးတော့မှ ဆောင်ရွက်မယ့် ပုဂ္ဂိုလ်ပေါ့။ နောက်တစ်ခါ တပ်မတော်အပေါ်မှာလည်း နားလည်မှုရှိတဲ့ ပုဂ္ဂိုလ်ဖြစ်ဖို့ လိုတာပေါ့။ နောက်တစ်ခုကတော့ ဒီပုဂ္ဂိုလ်သည် တစ်ဦးချင်းရဲ့ အရည်အချင်း အနေနဲ့ ပြောမယ်ဆိုရင်တော့ အမြင်လေးမြင် ရှိရပါမယ်။ တစ်အချက်ကတော့ နိုင်ငံရေးအမြင်လည်းရှိဖို့ လိုပါတယ်။ နံပါတ်နှစ်အချက်ကတော့ အုပ်ချုပ်ရေးအမြင်လည်းရှိဖို့ လိုပါတယ်။ နံပါတ်သုံးအချက်ကတော့ စီးပွားရေးအမြင်လည်းရှိဖို့ လိုပါတယ်။ နံပါတ်လေး အချက်ကတော့ ကာကွယ်ရေးအမြင်လည်းရှိဖို့ လိုပါတယ်။ ဒီလို ပုဂ္ဂိုလ်မျိုးကို ရနိုင်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ ဒီလိုပုဂ္ဂိုလ်မျိုး ဖြစ်ရမယ်လို့ ပြောတာမဟုတ်ပါဘူး။ ဒီလိုပုဂ္ဂိုလ်မျိုး ရနိုင်မယ်ဆိုရင် တိုင်းပြည်အတွက် အများကြီး အကျိုးရှိနိုင်မယ်။ ဒီလိုလူမျိုးကို ရှာပြီးတော့မှ ရွေးချယ်မယ်လို့ ကျွန်တော်တို့ စဉ်းစားထားပါတယ်” ဟု ဖြေကြားခဲ့သည်။NLD ပါတီက လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရပါက တပ်မတော်အနေဖြင့် ယင်းရလဒ်ကို လေးစားလက်ခံမယ်ဆိုတဲ့ဟာ ရှိပါသလားဟု မေးမြန်းသည့်အပေါ်တွင်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ဒါကတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ အတည်ပြုချက်ပေါ့။ ရွေးကောက်ပွဲ (Election) ပြီးတာနဲ့ သူက လိုအပ်တဲ့ဟာတွေ၊ ကန့်ကွက်မှုတွေ ဘာတွေ ရှိလား၊ မရှိဘူးလား မေးမှာပေါ့။ ဒါသူ့လုပ်ထုံးလုပ်နည်း ရှိပါတယ်။ Election ကော်မရှင်ကနေပြီးတော့မှ ဒီလူ၊ ဒီပါတီဟာ ဘယ်နှယောက်နိုင်တယ်၊ အနိုင်ရတယ်လို့ ပြောတယ်ဆိုရင် ဒီရလဒ်ဟာ ကျွန်တော်တို့ လက်မခံလို့ မရဘူး။ လက်ကို လက်ခံရမှာ။ ရွေးကောက်ပွဲကော်မရှင်က တကယ် သူက မှန်မှန်ကန်ကန်လုပ်ဖို့ အားလုံးလည်း လုပ်ထားပြီးသားပဲ။ ဒါကြောင့် ကျွန်တော့်အနေနဲ့တော့ ဒါနဲ့ပတ်သက်ပြီးတော့ ဘာမှပြောစရာအကြောင်းလည်း မရှိဘူး။ ရွေးကောက်ပွဲ ရလဒ်တော့ လက်ခံတယ်။ ရွေးကောက်ပွဲ ကော်မရှင်ကနေပြီးတော့ မှန်မှန်ကန်ကန်နဲ့ သူတို့ဆုံးဖြတ်ပြီး တင်ပြထားတဲ့ဟာဆိုရင် ကျွန်တော်တို့ဘာမှ လက်မခံနိုင်စရာအကြောင်း မရှိဘူးလို့ ပြောလိုတယ်” ဟု ဖြေကြားခဲ့ကြောင်း သိရသည်။ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သြဂုတ် ၂၁ ရက်တွင် ဂျပန်နိုင်ငံ အဆာဟိရှင်ဘွန်း သတင်းဌာန၊ ရန်ကုန်ဌာနခွဲမှ အကြီးအကဲဖြစ်သူ Mr. Makoto Igarashi အား နေပြည်တော်၌ လက်ခံတွေ့ဆုံ၍ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပြီး မြန်မာ့နိုင်ငံရေးနှင့် တပ်မတော်၏ အခန်းကဏ္ဍ၊ မကြာမီ ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲကာလအလွန် အခြေအနေများ၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် မြန်မာစီးပွားရေး ကော်ပိုရေးရှင်းတို့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့သော သဘာဝဘေးဒဏ်များတွင် တပ်မတော်မှ ပါဝင်ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာ့တပ်မတော်နှင့် နိုင်ငံတကာ တပ်မတော်များ၏ ဆက်ဆံရေး အခြေအနေများနှင့် စပ်လျဉ်း၍ မေးမြန်းမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သဘောထားအမြင်များအား ပြောကြားခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရွေးကောက်ပွဲတွင် တပ်မတော်အနေဖြင့် မည်သူ့ကို ထောက်ခံမည်ဆိုပြီး ညွှန်ကြား၍ မရကြောင်းနှင့် တပ်မတော်သားတစ်ဦး အနေဖြင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် မဲပေးခွင့်ရှိသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား