ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး တင်အောင်ထွန်းကို ခန့်အပ်ရန် ရန်ကုန်တိုင်းလွှတ်တော် သဘောတူ

ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး တင်အောင်ထွန်းကို ခန့်အပ်ရန် ရန်ကုန်တိုင်းလွှတ်တော် သဘောတူ
Published 22 August 2015

ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအား ဗိုလ်မှူးကြီး တင်ဝင်းအစား ရန်ကုန်တိုင်းဒေသကြီးစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးတင်အောင်ထွန်းကို ခန့်အပ်တာဝန်ပေးရန် သြဂုတ် ၂၁ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးတွင် သဘောတူခဲ့သည်။
 
ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအား ဗိုလ်မှူးကြီးတင်ဝင်းအစား ရန်ကုန်တိုင်းဒေသကြီး စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး တင်အောင်ထွန်းကို ခန့်အပ် တာဝန်ပေးရန်အတွက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက သြဂုတ် ၁၉ ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးသို့ အမည်စာရင်း တင်သွင်းခဲ့ခြင်းဖြစ်သည်။
 
ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ (ကြည်း ၂၀၆၈၂) ဗိုလ်မှူးကြီး တင်အောင်ထွန်းအား  ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးရန် အမည်စာရင် တင်သွင်းမှုအပေါ် ကန့် ကွက်သူမရှိသဖြင့် သဘောတူ အတည်ပြုကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့သည်။
 
ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းသည် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကိုကိုကျွန်းမဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ်  ဝင်ရောက်အရွေးခံမည်ဖြစ်သောကြောင့်  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ နုတ်ထွက်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
“ဗိုလ်မှူးကြီးတင်အောင်ထွန်းကို ခန့်အပ်ဖို့ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က သဘောတူတာပဲ ရှိသေးတာ။ ဒီကနေတစ်ဆင့် သမ္မတရုံးကို ဆက်တင်ရမှာ။ အဲဒီက သဘောတူရင် ကျမ်းသစ္စာကျိန်ရမှာ ”ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်  (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း က ပြောကြားသည်။