အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ပြည်သူလူထုက ရွေးချယ်ပေးသည့် နေရာကိုသာ လိုချင်ကြောင်းနှင့် ပြည်သူက မပေးသည့် နေရာမျိုးတွင် လုံးဝမလိုချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ပြည်သူလူထုက ရွေးချယ်ပေးသည့် နေရာကိုသာ လိုချင်ကြောင်းနှင့် ပြည်သူက မပေးသည့် နေရာမျိုးတွင် လုံးဝမလိုချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 12 August 2015
စိုးမင်းထိုက်၊ မျိုးမင်းထက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ပြည်သူလူထုက ရွေးချယ်ပေးသည့် နေရာကိုသာ လိုချင်ကြောင်းနှင့် ပြည်သူက မပေးသည့် နေရာမျိုးတွင် လုံးဝမလိုချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မင်းလှမြို့တွင် သြဂုတ် ၁၁ ရက်က ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်က “လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ကျွန်မတို့ အနေနဲ့ ရှင်းရှင်းပဲ ပြောပါမယ်။ ကျွန်မတို့ရမယ့်နေရာဟာ ပြည်သူလူထုကပေးတဲ့ နေရာပဲ ဖြစ်စေချင်ပါတယ်။ ပြည်သူမပေးဘဲရတဲ့ နေရာမျိုးကို ကျွန်မတို့ လုံးဝမနေချင်ပါဘူးလို့ ပြောပါရစေ” ဟု ပြောကြားသည်။အစိုးရဖွဲ့ခြင်သည့်အတွက် မဲပေးရန် ပြည်သူများအား တိုက်တွန်းနေခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရပြီး အစိုးရဖွဲ့နိုင်မှသာ ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည့်အတွက် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ပြည်သူများ၏ အခက်အခဲများအား သိရှိသော်လည်း ဆောင်ရွက်ပေးနိုင်သည့် အခွင့်အာဏာ မရှိသည့်အတွက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိကြောင်း ဆက်လက်ပြောကြားသည်။“ဒီနိုင်ငံမှာ အပြောင်းအလဲ လိုနေပါတယ်။ အဲဒီလို ပြောင်းလဲနိုင်ဖို့ အစိုးရကို ပြောင်းလဲနိုင်မှ ဖြစ်မယ်ဆိုတာ ပြည်သူတွေ သဘောပေါက်စေချင်ပါတယ်။ ပြည်သူတွေသိမှသာ ပြောင်းလဲနိုင်မှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။“ဒီနိုင်ငံ တိုးတက်ဖွံ့ဖြိုးဖို့အတွက် တင်မြှောက်ထားတဲ့ အစိုးရဟာ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရပဲ ဖြစ်ရမယ်။ ဒါကြောင့်မို့ ကျွန်မတို့က လက်မလွှတ်နိုင်ပါဘူး။ ပြည်သူက ရွေးချယ်တင်မြှောက်တဲ့ အစိုးရကသာ ဒီမိုကရေစီကို ခိုင်ခိုင်မာမာနဲ့ ဆောင်ရွက်နိုင်တဲ့ အစိုးရ ဖြစ်မှာပါ။ ကျွန်မတို့ပါတီ အနေနဲ့ ဒီမိုကရေစီနည်းနဲ့ ဆောင်ရွက်သွားချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က မင်းလှမြို့တွင် ပြောကြားသည်။လက်ရှိတွင် နိုင်ငံတွင်း၌ လုပ်စရာကိစ္စ များပြားကြောင်း၊ မည်သည့်ဘက်တွင်ကြည့်ကြည့် ဆောင်ရွက်စရာ များပြားလှကြောင်း၊ အကောင်းဆုံးဖြစ်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒေသခံများအား ပြောကြားသည်။“ကျွန်မတို့အနေနဲ့ ပြည်သူလူထုအကျိုးကိုပဲ ရှေးရှုဆောင်ရွက်သွားမှာပါ။ အခု ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကိုလည်း ပြည်သူအကျိုးကို အဓိကထားပြီး ဆောင်ရွက်ဖို့ စည်းမျဉ်းစည်းကမ်းတွေ ချထားပြီးသားပါ။ ပြည်သူက ယုံကြည်လို့ ရွေးချယ်လိုက်ပြီဆိုရင် ပြည်သူ့အကျိုးကိုပဲ အဓိက ထားသွားမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။လက်ပံတန်းမြို့သို့ ရောက်ရှိချိန်တွင်လည်း ကြိုဆိုနေသည့် လူထုအား တွေ့ဆုံဟောပြောမှုများ ဆက်လက်ပြုလုပ်ခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်က “အခု ဒီကိုရောက်ရှိလာတာဟာ စေတုတ္တရာ ရေဘေးသင့်ဒေသကနေ ပြန်လာတာပါ။ အဲဒီလို ဖြစ်ပျက်မှုတွေကို အဓိကဆောင်ရွက်နိုင်ဖို့ လုပ်ပိုင်ခွင့်ရှိဖို့ လိုပါတယ်။ လုပ်ပိုင်ခွင့်နဲ့ တာဝန် ဆိုတာမှာလည်း အစိုးရမှာပဲ ရှိတာပါ။ တာဝန်မကျေတဲ့ အစိုးရကို ဆက်ပြီးတော့ တာဝန်ပေးရင်တော့ ပြည်သူတွေ မှားပါလိမ့်မယ်လို့ ပြောပါရစေ” ဟု ပြောကြားသည်။ဆက်လက်၍ “ကျွန်မတို့ ပါတီရဲ့ ဆောင်ပုဒ်က ပြောင်းလဲဖို့ အချိန်တန်ပါပြီ ဖြစ်ပါတယ်။ ကျွန်မတို့ နိုင်ငံက ပြောင်းလဲဖို့အချိန် အလွန်တန်နေပါပြီ။ နှစ်ပေါင်း ၅၀ လောက် နိုင်ငံတိုးတက်အောင် ဆောင်ရွက်ဖို့ အခွင့်အရေး ရရှိတာကို တိုးတက်အောင် မဆောင်ရွက်နိုင်ခဲ့တာဆိုတော့ ပြောင်းလဲချိန်တန်ပါပြီလို့ပဲ ပြောရမှာပဲ။ ပြောင်းလဲနိုင်ဖို့အတွက် ပြည်သူလူထုက တာဝန်ကျေမှ ပြောင်းလဲနိုင်မှာပါ။ စနစ်တစ်ခု တကယ်ပြောင်းလဲဖို့အတွက် နိုင်ငံတစ်ခုရဲ့ သမိုင်းကြောင်းကောင်းဖို့အတွက် ပြောင်းလဲဖို့ဆိုတာ ပြည်သူလူထုမပါလို့ မဖြစ်ပါဘူး။ ပြည်သူလူထု မပါဘဲ လုပ်ချင်တယ်ဆိုတာ အာဏာရှင်စိတ်ဓာတ်ပဲ ဖြစ်မယ်။ ကျွန်မတို့က ပြည်သူလူထုမပါဘဲ ပြောင်းလဲလို့ မရဘူးဆိုတာ နားလည်ပါတယ်။ ဒါကြောင့် ပြည်သူရဲ့ ထောက်ခံမှုကို တောင်းပြီးတော့ နိုင်ငံကိုပြောင်းလဲဖို့ စီမံကိန်းတွေကို အကောင်အထည်ဖော်ချင်တာပါ။ ချက်ချင်းတိုးတက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်ဆင့်ချင်း တစ်ဆင့်ချင်း ပြည်သူကို ဖြောင့်ဖြောင့်မတ်မတ်နဲ့ ရှင်းပြရမှာပါ။ အဲဒီလိုချပြပြီး လုပ်သွားမယ်ဆိုရင် အောင်မြင်မှုတွေကို အရှိန်မှန်မှန်နဲ့ ရသွားနိုင်ပါတယ်။ တစ်ချိန်ကဆိုရင် ကျွန်မတို့ နိုင်ငံကို တိုးတက်ဖို့ အလားအလာအကောင်းဆုံးနိုင်ငံ ဖြစ်တယ်ဆိုပြီး ကမ္ဘာက အသိအမှတ်ပြုခဲ့တာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။“စနစ် မကောင်းခဲ့တဲ့အတွက် နိုင်ငံအနေဖြင့် ဆင်းရဲနေရတာ ဖြစ်ပါတယ်။ အခုဆိုရင် တခြားနိုင်ငံတွေကို မျက်နှာငယ်လေးတွေနဲ့ သွားလုပ်နေရတယ်။ စနစ်ကောင်းရင် ဒီလို ဆင်းရဲနေစရာ မရှိပါဘူး။ ဒါကြောင့် စနစ်မကောင်းတာကို ပြင်ဖို့အတွက် ပြည်သူတွေမှာလည်း တာဝန်ရှိတယ်။ စနစ်ကောင်းဖို့ အဓိက လုပ်ရမှာက အစိုးရပဲ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။