ပုဂ္ဂိုလ်ရေးမဲဆွယ်စည်းရုံးမှုများအစား ပါတီအတွက် စည်းရုံးရေးဆင်းရမည်ဖြစ်ပြီး ပြည်သူလူထုနှင့်ဆက်ဆံရာတွင် နှိမ်ချဆက်ဆံရန် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ဒေါ်အောင်ဆန်းစုကြည်မှာကြား

ပုဂ္ဂိုလ်ရေးမဲဆွယ်စည်းရုံးမှုများအစား ပါတီအတွက် စည်းရုံးရေးဆင်းရမည်ဖြစ်ပြီး ပြည်သူလူထုနှင့်ဆက်ဆံရာတွင် နှိမ်ချဆက်ဆံရန် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ဒေါ်အောင်ဆန်းစုကြည်မှာကြား
Published 11 August 2015
ဝေလင်း (ပြည်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင် ပုဂ္ဂိုလ်ရေးမဲဆွယ်စည်းရုံးမှုများအစား ပါတီအတွက် စည်းရုံးရေးဆင်းရမည်ဖြစ်ပြီး ပြည်သူလူထုနှင့်ဆက်ဆံရာတွင် နှိမ်ချဆက်ဆံရန် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းလွှတ်တော် ကိုယ်စားလှယ်လောင်းများအား ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်ခရိုင် ပြည်မြို့နယ်သို့ ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ် ၁၀ ရက် ည ၆ နာရီခွဲကရောက်ရှိခဲ့ပြီး သြဂုတ် ၁၁ ရက် နံနက်ပိုင်းက မင်္ဂလာဥယျာဉ်ဟိုတယ်ခန်းမတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် နံနက် ၈ နာရီမှစ၍ ၉ နာရီ မိနစ် ၂၀ အထိ တွေ့ဆုံအမှာစကားပြောကြားခဲ့ခြင်းဖြစ်သည်။"အန်တီဆိုလိုချင်တဲ့ဟာကတော့ ဒီနေ့အပြောင်းအလဲဖြစ်ဖို့အတွက် ရွေးကောက်ပွဲဟာအရေးကြီးတယ်။ ကိုယ်စားလှယ်လောင်းတွေရော၊ အောင်နိုင်ရေးတွေရော၊ အလုပ်အမှုဆောင်တွေရောက ပါတီအောင်နိုင်ရေးကို တကယ်ကိုပဲအားသွန်ခွန်စိုက်လုပ်ကြဖို့ အဓိကအားဖြင့် ကိုယ်စားလှယ်လောင်းတွေကို ပြည်သူတွေနဲ့ဆက်ဆံတဲ့အခါမှာ နှိမ်ချပြီးတော့ဆက်ဆံဖို့ နောက်တစ်ခုက ညီညွတ်ရေးအရေးကြီးကြောင်း ကိုယ်စားလှယ်လောင်းအားလုံး ပါတီစည်းရုံးရေးဆင်းတဲ့အခါမှာ ပုဂ္ဂိုလ်ရေးစည်းရုံးရေးကိုမဆင်းပါနဲ့။ ပါတီအောင်နိုင်ရေးကိုပဲ စည်းရုံးကြပါဆိုပြီး အဓိကမှာကြားသွားပါတယ်" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြည်ခရိုင်အလုပ်အမှုဆောင် အတွင်းရေးမှူး ဦးမြင့်သန်းထွန်းကဆိုသည်။အဆိုပါမှာကြားသွားမှုအခြေအနေများနှင့်ပတ်သက်၍ ပြည်ခရိုင် ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံမည့် အထက်တန်းရှေ့နေ ဒေါ်ဇင်မိုးထိုက်ကလည်း "လူပုဂ္ဂိုလ်အနေနဲ့ စည်းရုံးရေးမဆင်းဖို့ အဓိကအားဖြင့် ပါတီအောင်နိုင်ရေးကိုပဲလုပ်ဖို့၊ အားလုံးညီညီညွတ်ညွတ်လုပ်ကြဖို့ အရင်တုန်းကမတည့်တာတွေရှိခဲ့ရင်လည်း အခုချိန်မှာလက်တွဲပြီး ညီညီညွတ်ညွတ်လုပ်ကြဖို့လိုကြောင်း အဓိကဇောင်းပေးပြောသွားခဲ့ပါတယ်" ဟုပြောကြားသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းအတွင်းမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ခြောက်ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၂၈ ဦး ဝင်ရောက်ရွေးကောက်ခံမည်ဖြစ်ကြောင်း သိရသည်။