အိတ်ချ်အိုင်ဗွီ ကူးစက်ခံရနိုင်တဲ့ အန္တရာယ်ရှိတဲ့ အပြုအမူတွေကို ပြောင်းလဲဖို့ အသိပညာပေးရာမှာ အကောင်းဆုံးအချိန်တစ်ခုက အိတ်ချ်အိုင်ဗွီပိုး ရှိ၊ မရှိ သွေးစစ်ခါ နီး ကောင်ဆယ်လင်း (Counselling) လို့ ခေါ်တဲ့ ကြိုတင်အသိပေးမှုတွေ၊ ဆွေးနွေးမှုတွေ ပြုလုပ်တဲ့ကာလလို့ မှတ်သားခဲ့ဖူးပါတယ်။ ဆေးလိပ်၊ ဆေးရွက်ကြီးနဲ့ ပတ်သက်တဲ့ အန္တရာယ်အပြုအမူကိုတော့ မိမိ ခင်မင်ရင်းနှီးသူ တစ်စုံတစ်ဦး အမှန်တကယ် ဝေဒနာခံစားရတဲ့အချိန်၊ သေဆုံးသွားတဲ့ အချိန်တွေမှာ ပြောင်းလဲကြတာ တွေ့ခဲ့မြင်ခဲ့ဖူးပါတယ်။ အဲဒါကို ယေဘုယျပြုလို့ ရ၊ မရတော့ မသိပါဘူး။
သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ ဘယ်လိုအချိန်မျိုးမှာ အပြုအမူပြောင်းဖို့ အသိပညာပေးဖို့ အကောင်းဆုံးဖြစ်မလဲ။ လက်ရှိအချိန်လို ရေကြီးမှုဒဏ် လက်တွေ့ခံစားနေရတာတွေကို မျက်ဝါးထင်ထင် မြင်နေရချိန်မှာ အကောင်းဆုံးဖြစ်မယ်လို့ ယူဆမိပါတယ်။ ဒီလိုဖြစ်ရပ်တွေက ပြန်လည်တည်ငြိမ်သွားရင် လက်တွေ့ခံစားခဲ့ရသူတွေကလွဲလို့၊ ကျန်သူတွေက နေ့စဉ်ဘဝတွေထဲမှာ လည်ပတ်ရင်း အလွယ်တကူ မေ့လျော့သွားကြမှာပါ။
သဘာဝပတ်ဝန်းကျင် ကိစ္စရပ်တွေက အလွန်ကို ခက်ခဲပါတယ်။ အဲဒီမှာ တာဝန်ရှိမှုတွေက အလွန်ကို ပြန့်ထွက်နေပါတယ်။ ကိုယ်တစ်ယောက်တည်း ပြင်လို့ ထူးပါ့မလားဆိုတာမျိုး လူတိုင်းတွေးမိမှာပါ။ ပြင်လို့ လွယ်ကူမယ့် ပတ်ဝန်းကျင်အနေအထားလည်း ရှိနေဖို့ လိုအပ်ပါတယ်။ အများရဲ့ စုပေါင်းလုပ်ရပ်တွေကို အများက စုပေါင်းခံစားကြရမှာ ဖြစ်တဲ့အပြင် ဒီနေ့ အမှားအယွင်းတွေ လုပ်လို့ မနက်ဖြန် သိသာမယ့်ကိစ္စမျိုး မဟုတ်ပါဘူး။ ဒါကြောင့် ဒါက ဦးစားပေးရမယ့်ကိစ္စ၊ လတ်တလော အလေးထားရမယ့်ကိစ္စလို့ တွေးတဲ့သူ နည်းပါးခြင်းပါ။
ရေကြီးတဲ့ ကိစ္စ၊ မုန်တိုင်းတိုက်တဲ့ ကိစ္စ၊ ရာသီဥတု ပြောင်းလဲတဲ့ ကိစ္စတွေက အစိုးရကို အပြစ်ဆိုလို့ မရဘူးလို့ ဆိုပါတယ်။ အဲဒါ မှန်ပါသလားဆိုတာကို ကျွန်မတို့ သေသေချာချာ ပြန်ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ အစိုးရတစ်ဖွဲ့တည်းကို အပြစ်ဆိုလို့ မရဘူး ဆိုရင်တောင်မှ အစိုးရတွေကို အပြစ်ဆိုကို ဆိုရမယ့် အရာတစ်ခုဖြစ်ပါတယ်။ အစိုးရအဆင့်မှာ အားလုံး စုပေါင်းဆောင်ရွက်ကြမှ ဖြစ်မယ့် အရေးပေါ်ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။ ရာသီဥတု ပြောင်းလဲမှုတွေအတွက် ဆောင်ရွက်သင့်တာတွေ ဆောင်ရွက်ဖို့ ရာသီဥတုပြောင်းလဲမှုအတွက် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (The United Nations Framework Convention on Climate) ကို ၁၉၉၂ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ ၁၉၆ နိုင်ငံက လက်မှတ်ထိုးထားခဲ့ကြပြီးပါပြီ။ မြန်မာနိုင်ငံက ဇွန် ၁၁၊ ၁၉၉၂ မှာ လက်မှတ်ရေးထိုးခဲ့ပြီး နိုဝင်ဘာ ၂၅၊ ၁၉၉၄ မှာ ထပ်မံ အတည်ပြုခဲ့တယ်လို့ သိရှိရပါတယ်။ အဲဒီအတွက် နိုင်ငံအဆင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒတွေ ချမှတ်ပြီး ထိရောက်တဲ့ ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့သလား၊ အများပြည်သူကို ထိရောက်တဲ့ အသိပညာပေးမှုတွေ ဆောင်ရွက်ခဲ့သလားဆိုတာကို လက်လှမ်းမီစွာ သိရှိမနေပါဘူး။ လုပ်ကောင်း လုပ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်မတို့ အလွယ်တကူ မြင်နိုင် ကြားနိုင် သိနိုင် လက်လှမ်းမီနိုင်တဲ့နေရာအထိကိုတော့ ရောက်မလာခဲ့ပါဘူး။
သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ ပညာပေးမှုတွေကို လူထုအခြေပြုအဖွဲ့အစည်းတွေ၊ ပညာရှင်တွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကနေ တစ်ပိုင်တစ်နိုင် ဆောင်ရွက်နေတာမျိုးတွေတော့ ကြားသိရပါတယ်။ ထူးထူးခြားခြား သတိပြုမိတာကတော့ ဆရာအော်ပီကျယ်ရဲ့ (Reduce, Reuse, Recycle) ဆိုတဲ့ ပညာပေး ကာတွန်းကလေးပါ။ စီးတီးမာ့တ်တွေမှာလည်း ပလတ်စတစ်အိတ် သုံးစွဲမှုကို လျှော့ချဖို့ ဆိုတဲ့ ဆောင်ရွက်မှုတွေ ပြုလုပ်နေတာတွေ တွေ့ပါတယ်။ ဒါတွေက လိုက်နာနိုင်တဲ့ အတိုင်းအတာအတွင်းမှာ ရှိတာမို့ ကိုယ်တိုင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။ ဒါတွေကို နိုင်ငံအဆင့် ဆောင်ရွက်နိုင်စွမ်းရှိသလား။ ဘယ်နေရာတွေအထိ ရောက်သလဲဆိုတာကို မသိရှိပါဘူး။ သဘာဝပတ်ဝန်းကျင်သမားတစ်ဦး မဟုတ်ပေမယ့် ဒီလောက်နဲ့ မလုံလောက်နိုင်ဘူးဆိုတာကိုတော့ နားလည်ဖြစ်ပါတယ်။ သိမြင်နားလည်လာပြီး ပူပန်စိုးရိမ်စိတ်တွေ ရှိလာရင်တောင် သာမန်အရပ်သားတွေအနေနဲ့ ဆောင်ရွက်လို့ မရနိုင်တာတွေ အများကြီးရှိပါတယ်။ မူဝါဒ၊ ဥပဒေနဲ့ လုပ်ပိုင်ခွင့်ဆိုတာ အုပ်ချုပ်တဲ့နေရာမှာ ရှိနေသူတွေက ဆောင်ရွက်မှ၊ ပေးမှရတာပါ။
အရပ်သားတွေက တာဝန်သိစွာ ဒီရေတောစိုက်လို့ အဖမ်းခံရတာမျိုးလည်း သတင်းထဲမှာ ဖတ်ခဲ့ဖူးပါတယ်။ အတော်လေး ဇဝေဇဝါ ခံစားခဲ့ရတဲ့ ဖြစ်ရပ်ပါ။ သဘာဝပတ်ဝန်းကျင်အတွက် အန္တရာယ်ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြည်သူတွေက ဆန္ဒပြတားဆီးနေရတဲ့ အဖြစ်မျိုးတွေလည်း တွေ့ နေရပါတယ်။ သစ်တောပြုန်းတီးမှုတွေကို အကာအကွယ်ပေးဖို့ဆိုတာကလည်း သာမန်ပြည်သူတွေ မတတ်နိုင်တဲ့ကိစ္စရပ်ပါ။ ပူးပေါင်းပါဝင်ကူညီလို့ ရနိုင်ပေမယ့် ခွင့်ပြုမှ ကူညီလို့ရတာတွေ အများကြီးပါ။
သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ပညာရပ်တွေကို ထဲထဲဝင်ဝင် လေ့လာသင်ယူထားသူ တစ်ဦးမဟုတ်တဲ့ ကျွန်မကို ထိရောက်စွာ အသိပညာပေးခဲ့ဖူးတဲ့ အရာကတော့ စင်ကာပူနိုင်ငံက မြူတွေဆိုင်းတဲ့ သစ်တော (Cloud Forest) ပြတိုက်မှာ ကြည့်ခွင့်ရတဲ့ ဇာတ်ကားတိုကလေးပါ။ အဲဒီဇာတ်ကားတိုလေးက “ငါးဒီဂရီဆဲလ်စီးယပ်စ်”လို့ အမည်ရပြီး လာတဲ့သူတိုင်း အချိန်မရွေး ဝင်ကြည့်လို့ရအောင် ဆက်တိုက်ပြနေတာကို တွေ့ခဲ့ရ ပါတယ်။ အင်တာနက်ပေါ်မှာလည်း https:www.youtube.com/watch?v=A3xY1FAMois ကနေ ကြည့်လို့ရတာကို တွေ့ရပါတယ်။
ကမ္ဘာမြေကြီးက “ငါးဒီဂရီဆဲလ်စီးယပ်စ်” ပိုပြီး ပူနွေးလာရင် ဘယ်လိုတွေကြုံရမလဲဆိုတာကို သိပ္ပံနည်းကျရရှိထားတဲ့ သတင်းအချက်အလက်တွေအပေါ်မှာ အခြေခံပြီး ကလေးကအစ နားလည်အောင်၊ မြင်သာအောင် ရိုက်ပြထားတဲ့ ရှစ်မိနစ် မပြည့်တဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ အဲဒီထဲမှာ ပါတာလေးတွေကို အတိုချုပ်ပြီး ဆီလျော်အောင် ပြန်မျှပေးချင်ပါတယ်။
“ကမ္ဘာမြေကြီးက ပူနွေးလာပါတယ်။ ကမ္ဘာ့မျက်နှာပြင် အပူချိန်က လက်ရှိမှာ စက်မှုဖွံ့ဖြိုးတိုးတက်မှုမရှိသေးတဲ့ ကာလတွေကထက် ၀ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ် ပိုပြီး ပူနွေးနေပါတယ်။ ပညာရှင်တွေက ဒီရာစုနှစ်အကုန်မှာ ငါးဒီဂရီဆဲလ်စီးယပ်စ် ပိုပြီး မြင့်မားနိုင်ခြေရှိတယ်လို့ တွက်ချက်ခန့်မှန်းထားကြပါတယ်။ အပူချိန်ဒီဂရီ အနည်းငယ်လေး မြင့်တက်လာတာနဲ့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လူ တွေ၊ အပင်တွေ၊ တိရစ္ဆာန်တွေကို ဘယ်လိုထိခိုက်နိုင်တယ်ဆိုတာကို ကြည့်ပါ။
အပူချိန်တက်လာတဲ့အခါ ပူပြင်းခြောက်သွေ့တဲ့နေရာတွေက ပိုပြီး ပူပြင်းခြောက်သွေ့ လာပါတယ်။ ပိုမိုလျင်မြန်စွာ မီးလောင်ခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။ မိုးရွာသွန်းလေ့ရှိတဲ့ ဒေသတွေမှာ ပိုပြီးစိုစွတ်မှုများလာပါမယ်။ ရုတ်တရက် ရေတက်မှု၊ ရေလွှမ်းမိုးမှု တွေ ပိုမိုဖြစ်ပွားလာပါမယ်။ ၀ ဒသမ ၉ ဒီဂရီ ဆဲလ်စီးယပ်စ် မြင့်မားလာချိန်မှာ ရေမျက်နှာပြင် မြင့်တက်လာပြီး ကျွန်းဒေသတွေကို အန္တရာယ်ရှိစေပါမယ်။ ၁ ဒီဂရီဆဲလ်စီးယပ်စ် မြင့်မားလာချိန်မှာ သမုဒ္ဒရာတွေထဲမှာ နေထိုင်တဲ့ ပုစွန်ငယ်လေးတွေက သူတို့နေထိုင်တဲ့ ရေခဲပြင်တွေနဲ့ အတူတူနည်းပါးလျော့ကျလာပါမယ်။ အဲဒီအခါ သူတို့ကို အစာအဖြစ် စားသုံးရှင်သန်နေတဲ့ သတ္တဝါတွေအတွက် အသက်အန္တရာယ် ရှိလာပါတယ်။ ၁ ဒသမ ၁ ဒီဂရီဆဲလ်စီးယပ်စ် မြင့်မားလာချိန်မှာ သေးငယ်တဲ့ တောင်တန်းဒေသတွေ ပျောက်ကွယ်သွားပြီး လူ ၁၅ သန်းလောက်အတွက် ရေအခက်အခဲ ကြုံတွေ့ရနိုင်ပါတယ်။ ၁ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်စ် မြင့်မားလာချိန်မှာ ရာသီဥတုတွေက ပိုမိုပြင်းထန် ဆိုးရွားလာပါမယ်။
အဲဒီအခါမှာ မုန်တိုင်းပုံစံမျိုးစုံကို ပိုမိုကြုံတွေ့ရနိုင်ပါတယ်။ ၁ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ်စ် မြင့်မားလာချိန်မှာ ၀ ဒီဂရီအောက်မှာရှိနေတဲ့ မြေကြီးတွေ၊ ကျောက်တွေ အရည်ပျော်ကျရာကနေ အဆောက်အအုံတွေ၊ လမ်းတွေကို ထိခိုက်ပျက်စီးစေပါမယ်။ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ် မြင့်မားလာချိန်မှာ အာဟာရမပြည့်ဝမှု၊ ငှက်ဖျားနဲ့ အခြားရောဂါတွေ ဆက်လက် ပိုမိုများပြားနေပါလိမ့်မယ်။ ၁ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်စ် မြင့်မားလာချိန်မှာ အအေးပိုင်းဒေသက သစ်ပင်သစ်တောတွေ ပျက်စီးပြုန်းတီးလာပါမယ်။ ၁ ဒသမ ၉ ဒီဂရီဆဲလ်စီးယပ်စ် မြင့်မားလာချိန်မှာ မျိုးသုဉ်းမှုတွေ ဖြစ်ပေါ်လာပါမယ်။ တွားသွားသတ္တဝါမျိုးစိတ် ၁၀ မျိုးတိုင်းမှာ တစ်မျိုး၊ ဖား ငါးမျိုးတိုင်းမှာ တစ်မျိုး၊ ငှက် ၁၀ မျိုးတိုင်းမှာ တစ်မျိုး၊ နို့တိုက်သတ္တဝါ ၁၀ မျိုးတိုင်းမှာ တစ်မျိုးမျိုးသုဉ်းပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ နှစ်ဒီဂရီဆဲလ်စီးယပ်စ် မြင့်မားလာချိန်မှာ မကြာခဏ တောမီးလောင်မှုတွေကြောင့် သစ်တောတွေက ချုံထနောင်းတောတွေ အဖြစ် ပြောင်းလဲသွားပါမယ်။ ၂ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်စ် မြင့်မားလာချိန်မှာ အင်းဆက်တွေရဲ့ ခိုလှုံနေထိုင်ရာတွေ ဆုံးရှုံးပါမယ်။ အပင် ငါးမျိုးတိုင်းမှာ နှစ်မျိုး မျိုးသုဉ်းပျောက်ကွယ်မယ့် အနေအထားမှာ ရှိပါတယ်။ ၂ ဒသမ ၇ ဒီဂရီဆဲလ်စီးယပ်စ် မြင့်မားလာချိန်မှာ နောက်ဆုံးကျန်တဲ့ ပိုလာဝက်ဝံ သေဆုံးပါလိမ့်မယ်။ မြူဆိုင်းတဲ့ သစ်တောနေရာ တွေ လျော့နည်းလာပြီး ပြုန်းတီးပျောက်ကွယ်မှု စတင်ပါမယ်။ ၂ ဒသမ ၉ ဒီဂရီဆဲလ်စီးယပ်စ် မြင့်မားလာချိန်မှာ မျိုးစိတ်အားလုံးရဲ့တစ်ဝက် မျိုးသုဉ်းမယ့် အနေအထားမှာ ရှိပါတယ်။ ၃ ဒသမ ၁ ဒီဂရီဆဲလ်စီးယပ်စ် မြင့်မားလာချိန် မှာ တောင်မြင့်ဒေသမှာပေါက်တဲ့ အပင်တွေရဲ့စနစ် ပျက်စီးယိုယွင်းလာပါမယ်။ ၃ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်စ် မြင့်မားလာချိန်မှာ သီးနှံဖြစ်ထွန်းမှု နည်းပါးခြင်းကြောင့် လူသန်း ၅၅၀ လောက် ငတ်မွတ်ခေါင်းပါးတဲ့ဘေးကို ရင်ဆိုင်ရဖွယ်ရှိပါတယ်။ ၃ ဒသမ ၇ ဒီဂရီ ဆဲလ်စီးယပ်စ် မြင့်မားလာချိန်မှာ သစ်ပင်တွေရှိခဲ့တဲ့ နေရာတစ်ဝက်လောက်က လွင်တီးခေါင်ဖြစ်သွားပါမယ်။ ၃ ဒသမ ၉ ဒီဂရီဆဲလ်စီးယပ်စ် မြင့်မားလာချိန်မှာ အပင် ငါးပင်မှာ တစ်ပင်က မျိုးသုဉ်းခါနီး ဒါမှမဟုတ် မျိုးသုဉ်းတဲ့ အနေအထားနဲ့ ကြုံတွေ့ရပါမယ်။ ၄ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်စ် မြင့်မားလာချိန်မှာ ရေကောင်းရေသန့်ရရှိနိုင်မှု တစ်ဝက်လျော့ပါးသွားပါမယ်။ ၄ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်စ် မြင့်မားလာချိန်မှာ မြစ်ဝကျွန်းပေါ်ဒေသကြီးတွေက ရေလွှမ်းမိုးမှုနဲ့ ကြုံတွေ့ရပါမယ်။ ၄ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ် မြင့်မားလာချိန် မှာ ပင်လယ်ရေတွေက အက်စစ်ဘက်ကို ရောက်သွားပြီး ငါးတွေကို ထိခိုက်သေဆုံးစေပါမယ်။ ၄ ဒသမ ၇ ဒီဂရီဆဲလ်စီးယပ်စ် မြင့်မားလာချိန်မှာ ကာလဝမ်းရောဂါနဲ့ အခြားရောဂါတွေက လူတွေကို ခြိမ်းခြောက်နေပါမယ်။ ၄ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်စ် မြင့်မားလာချိန်မှာ ဒေသတွင်းမှာရှိတဲ့ အပင်၊ တိရစ္ဆာန်မျိုးစိတ်တွေ အားလုံး ပျက်သုဉ်း ပျောက်ကွယ်သွားပါမယ်။ ၅ ဒီဂရီဆဲလ်စီးယပ်စ် မြင့်မားလာချိန်မှာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီး ကျွန်းငယ်ကလေးတွေ၊ ပင်လယ်ကမ်းရိုးတန်း အနိမ့်ပိုင်းတွေ၊ ကမ္ဘာ့အချက်အချာကျတဲ့ မြို့ကြီးတွေကို ထိခိုက်ပျက်စီးစေပါလိမ့်မယ်။
၂၁၀၀ မှာ ၅ ဒီဂရီဆဲလ်စီးယပ်စ် ပိုပူလာရင် အဲဒီလိုတွေ ကြုံရမှာဖြစ်ပါတယ်။ ဖြစ်နိုင်တဲ့ အနာဂတ်တစ်ခုပဲ ရှိပါတယ်။ ကျွနု်ပ်တို့ အခုအချိန်မှာ မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြမယ်ဆိုရင်၊ ကျွန်ုပ်တို့ရဲ့ အပြု အမူတွေကို လိုအပ်သလို ပြုပြင်ပြောင်းလဲပြီး ဖြစ်လာမယ့် အနေအထားတွေ အားလုံးကို တားဆီးကာကွယ်နိုင်ပါမယ်။ ကျွနု်ပ်တို့ရဲ့ နည်းပညာတွေ၊ စိုက်ပျိုးတဲ့ နည်းလမ်းတွေ၊ မူဝါဒတွေ၊ လူနေမှု ပုံစံတွေကို လိုအပ်သလို ပြုပြင်ပြောင်းလဲခြင်းအားဖြင့်ပါတဲ့။
ဖွံ့ဖြိုးတိုးတက်ရေးတွေ ဘယ်လောက် လုပ်လုပ်၊ တီထွင်ဖန်တီးမှုတွေ ဘယ်လောက် မြင့်မားမြင့်မား၊ ရာသီဥတု ပြောင်းလဲမှုတွေက နှိပ်စက်ရင် မိနစ်ပိုင်းအတွင်း၊ စက္ကန့်ပိုင်းအတွင်းမှာ အားလုံးပျက်စီးကြမှာပါ။ သဘာဝဘေးအန္တရာယ်တွေက ရာထူး၊ အာဏာ၊ ချမ်းသာမှု၊ ခင်မင်မှု၊ ဆွေမျိုး၊ မိသားစုတွေကို ကြည့်ပြီး ဖယ်ထုတ်ရွေးချယ်သွားမှာ မဟုတ်ပါဘူး။ ဒါကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စက အချိန်ရွှေ့ဆိုင်းလို့ မရတဲ့ အရေးပေါ်ကိစ္စရပ်စစ်စစ် ဖြစ်ပါတယ်။ ကျွန်မတို့ အခု မပြောင်းလဲကြရင်၊ ပြောင်းလဲနိုင်စွမ်း မရှိကြရင် လွန်မှ နောင်တရကြဖို့ကလွဲလို့ တခြားဘာမှ ရွေးစရာကျန်မှာ မဟုတ်ပါဘူး။










