လက်ရှိ ရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းများ အနေဖြင့် ပြည်သူ့အကျိုး မဆောင်ရွက်ပါက အရေးယူသွားမည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းနှင့်အညီ ထိန်းကျောင်းသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

လက်ရှိ ရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းများ အနေဖြင့် ပြည်သူ့အကျိုး မဆောင်ရွက်ပါက အရေးယူသွားမည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းနှင့်အညီ ထိန်းကျောင်းသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 10 August 2015
စိုးမင်းထိုက်၊ မျိုးမင်းထက်

လက်ရှိရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းများ အနေဖြင့် ပြည်သူ့အကျိုးကို မဆောင်ရွက်ပါက အရေးယူသွားမည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိန်းကျောင်းသွားမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပွင့်ဖြူမြို့နယ်တွင် ဒေသခံ ပြည်သူများအား ပြောကြားသည်။သြဂုတ် ၁၀ ရက်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စေတုတ္တရာမြို့ရှိ ရေဘေးသင့် ပြည်သူများထံ သွားရောက်စဉ် ပွင့်ဖြူမြို့၌ ကြိုဆိုသူ ဒေသခံများအား ပြောကြားခဲ့ခြင်းဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်က “အခုက ကိုယ်စားလှယ်လောင်းတွေ ရွေးလိုက်ပြီ။ ရွေးလိုက်တဲ့ ကိုယ်စားလှယ်တွေထဲမှာ အများစုက အကောင်းတွေလို့ သတ်မှတ်ထားပါတယ်။ သို့သော်လည်း မကျေနပ်တဲ့သူတွေလည်း ပါလာနိုင်ပါတယ်။ တချို့ကျတော့ အရွေးမခံရခင်က သိပ်ကောင်းတာပဲ။ တချို့ကျတော့လည်း နောက်မှကောင်းသွားတာတွေလည်း ရှိတယ်။ အခုရွေးထားတဲ့ ကိုယ်စားလှယ်တွေရဲ့ အရည်အချင်းကို မကြည့်ပါနဲ့။ ပါတီကိုပဲ ကြည့်ပြီး မဲပေးကြပါ။ ကိုယ်စားလှယ်ဖြစ်လာပြီးမှ ပြည်သူက ရွေးချယ်ပြီးမှ စည်းမျဉ်းစည်းကမ်းအရ မလုပ်ဘူး၊ ဥပဒေအရ မလုပ်ဘူး။ ပြည်သူအတွက် မလုပ်ဘူးဆိုရင် ကျွန်မတို့ကိုယ်တိုင် စပြီးတော့ အရေးယူပါမယ်။ ကိုယ့်ကြီးပွားချမ်းသာရေးအတွက် လုပ်ပြီးတော့ ကိုယ့်မိသားစု အသိုင်းအဝိုင်း ကြီးပွားတိုးတက်အောင် လုပ်ပြီးတော့ ပြည်သူ့အပေါ်က ခေါင်းပုံဖြတ်ပြီး လုပ်မယ့်သူမျိုးကို လုံး၀ မပေးပါဘူးဆိုတာ အာမခံပါတယ်။ ပြည်သူကို အကျိုးပြုမယ်။ ပြည်သူကို အကျိုးမပြုဘဲ စည်းမျဉ်းစည်းကမ်း မလိုက်နာပါက ကျွန်မတို့ကိုယ်တိုင် ရှင်းပစ်မှာ ဖြစ်ပါတယ်။ စိတ်ချပါ” ဟု ပြောကြားသည်။ဆက်လက်၍ “အခုရွေးထားတဲ့ ကိုယ်စားလှယ်ထဲမှာ ဟိုလူ မကောင်းဘူး၊ ဒီလူ မကောင်းဘူးဆိုတာ မှန်နိုင်ပါတယ်။ ကျွန်မတို့ မသိတာလည်း မဟုတ်ပါဘူး။ နောက်ပြီးတော့ အချိန်နဲ့အမျှ ပိုပြီးတော့ သိလာလိမ့်မယ်။ တချို့ကတော့ မထင်မှတ်ဘဲ တာဝန်ပေးပြီးမှ ကောင်းလာတာတွေ ရှိပါတယ်။ တချို့ကျတော့ စည်းရုံးရေးမှာ မကောင်းဘူး။ လူတွေကြိုက်အောင် မပြောတတ်ဘူး။ လူတွေရဲ့ ထောက်ခံမှုရအောင် မဆွဲဆောင်တတ်ဘူး။ ဒါပေမဲ့ တာဝန်ပေးလိုက်တော့ အလုပ်လုပ်တာ အဆင်ပြေတာတွေ ရှိတယ်။ အဲဒီတော့ အပေါ်ယံကြည့်ပြီး ဆုံးဖြတ်လို့ မရပါဘူး။ အရေးကြီးတာ စနစ်တစ်ခုနဲ့ စည်းကမ်းဘောင်တစ်ခုနဲ့ ကျွန်မတို့ ထိန်းကျောင်းဖို့ပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပွင့်ဖြူမြို့တွင် ပြောကြားသည်။လက်ရှိအချိန်တွင် အစိုးရက ပြည်သူအတွက် တာဝန်ယူသည့်စနစ် ပျက်သုဉ်းသွားသည်မှာ ကြာပြီဖြစ်ကြောင်း၊ အစိုးရက ပြည်သူကို တာဝန်ယူသည့်စနစ် ဆိုသည်မှာ ဒီမိုကရေစီစနစ်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ် ဆိုသည်မှာ ပြည်သူရဲ့ အာဏာလွှမ်းမိုးသည့် စနစ်ဖြစ်ကြောင်း၊ ပြည်သူများက ရွေးချယ်ထားသည့် အစိုးရကသာ အုပ်ချုပ်ရခြင်း ဖြစ်ကြောင်း၊ ပြည်သူတွေက တင်မြှောက်ထားသည့်အတွက် ပြည်သူတွေအတွက် တာဝန်ယူရမည်ဖြစ်ကြောင်း၊ နိုင်ငံတွင်းမှာ ပြဿ နာတွေ ဖြစ်လာပြီဆိုရင် ပြည်သူတွေ တင်မြှောက်ထားသည့် အစိုးရက ပြည်သူတွေအတွက် တာဝန်ယူရမည်ဖြစ်ကြောင်း၊ ပြည်သူများမှလည်း အစိုးရနှင့် ပူးပေါင်းတာဝန်ယူရမည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ဖြစ်မှသာ ဒီမိုကရေစီဖြစ်ကြောင်း၊ နိုင်ငံရေးနှင့် မဆိုင်ဘူးဆိုသည့်သူများ အနေဖြင့် ယခုအခြေအနေမျိုးမှာ သက်ဆိုင်နေသည် ဆိုသည်ကို သဘောပေါက်ရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်က “စနစ်ကောင်းမှသာ ပြည်သူတွေ သက်သာမှာပါ။ နိုင်ငံတစ်နိုင်ငံဆိုတာ စနစ်ကောင်းမှ ဖြစ်မှာပါ။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ယူမှု ရှိရမယ်။ ဒီမိုကရေစီလို့ အော်နေပြီး အလုပ်မလုပ်လို့ မရဘူး။ ကိုယ့်အတွက် တာဝန်ယူမယ့် အစိုးရကို ကိုယ်မဲပေး ရွေးချယ်ဖို့ လိုတယ်” ဟု ပွင့်ဖြူမြို့တွင် ပြောကြားသည်။၁၉၉၀ ရွေးကောက်ပွဲမှာ အခွင့်အရေး တစ်ကြိမ်ရခဲ့ကြောင်း၊ ပြည်သူတွေကလည်း တာဝန်ကျေခဲ့ကြောင်း၊ အဲဒီတုန်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၈၂ ရာခိုင်နှုန်းနှင့် အနိုင်ရခဲ့ကြောင်း၊ သို့ရာတွင် အာဏာလွှဲပြောင်းမပေးသည့်အတွက် မရခဲ့ကြောင်း၊ အခု ရွေးကောက်ပွဲဝင်သည် ဆိုတာကလည်း အနိုင်ရပြီး အစိုးရဖွဲ့ချင်၍ ရွေးကောက်ပွဲဝင်ခြင်း ဖြစ်ကြောင်း၊ ဒါမှ ပြည်သူတွေအတွက် အလုပ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်က “ရွေးကောက်ပွဲ ဝင်မယ်ဆိုတော့ ကိုယ်စားလှယ်လောင်းရောဂါကလည်း ဘာထသလဲ မမေးနဲ့။ ရွေးကောက်ပွဲကိုယ်စားလှယ် လုပ်ချင်လွန်းလို့ ဖြစ်နေတဲ့ သူတွေကလည်း အများကြီးပဲ။ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အဖြစ် လုပ်ချင်တဲ့သူတွေက ဘာကြောင့်လုပ်ချင်သလဲ ဆိုတာကို အများကြီး စဉ်းစားရတယ်။ တချို့တွေက ကိုယ့်အတွက် လုပ်ချင်ကြတယ်။ ကိုယ့်အတွက် နေရာရချင်တယ်။ ကိုယ်အရေးပါဖို့ အတွက်ပေါ့။ ဒါကိုလည်း ကျွန်မတို့ သိပ်ပြီးတော့ အပြစ်ယူလို့ မရဘူး။ ဘာဖြစ်လို့လဲဆိုရင် ဒီနိုင်ငံမှာ နှစ် ၅၀ လောက် အာဏာရှင်စနစ်အောက် နေခဲ့ရတာဆိုတော့ လူတွေရဲ့ စိတ်ထဲမှာ ရာထူးရှိမှ၊ အာဏာရှိမှ၊ လူရာဝင်တယ်ဆိုတဲ့စိတ် ဖြစ်နေကြတယ်။ အဲဒီတုန်းက ရာထူးအာဏာ ရှိတဲ့သူတွေက လုပ်ချင်တာ လုပ်လို့ရတယ်။ ပြည်သူတွေက ငုံ့ခံရတယ်။ အဲဒီတော့ လူတွေက ရာထူးအာဏာ မက်နေကြတာ မထူးဆန်းတော့ပါဘူး။ မထူးဆန်းဘူး ဆိုပေမယ့် ကျွန်မတို့ လွှတ်ထားလို့တော့ မရဘူး” ဟု ဒေသခံများအား ပြောကြားသည်။