ပြီးခဲ့တဲ့ ဇူလိုင်လလယ်ပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေဟာ နာဂစ်လေဘေးပြီးရင် စံချိန်တင် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နိုင်တဲ့ အနေအထားကို ရောက်ရှိနေပါတယ်။ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၄ ခုအနက် ၁၁ ခုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး သဘာဝဘေးအန္တရာယ် ကျရောက်နေတဲ့ ဒေသများအဖြစ် ကြေညာခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာဆိုရင် ရေကြီးရေလျှံမှုကို ဆိုးဆိုးရွားရွား ခံစားခဲ့ရပါတယ်။ သြဂုတ်လဆန်းပိုင်းမှာတော့ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်ခဲ့တဲ့ ကိုမန်မုန်တိုင်းကြောင့် ရခိုင်၊ မကွေးနဲ့ ချင်းပြည်နယ်ကဒေသ တော်တော်များများမှာ ရေကြီးရေလျှံမှုတွေ ဆက်လက်ဖြစ်ပေါ်ခဲ့ပါတယ်။ ယခင်က ရွာသွန်းခဲ့တဲ့မိုးကြောင့် တင်ကျန်နေတဲ့ ရေများအပြင် မုန်တိုင်းအရှိန်ကြောင့် ဆက်ပြီးရွာတဲ့မိုးကြောင့် ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်း၊ ရွှေကျင်မြစ် အပါအဝင် မြစ်ချောင်းများစွာဟာ စိုးရိမ်ရေမှတ်တွေကို ကျော်လွန်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အထက်ပိုင်းက လျှံကျစီးဆင်းလာခဲ့တဲ့ ရေတွေနဲ့ မိုးဆက်လက်ရွာသွန်းမှုများကြောင့် ဒေသအနှံ့ရှိ မြစ်များ၊ ချောင်းများ အားလုံးနီးပါး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီအတွက် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၊ ပဲခူးတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အပါအဝင် ဒေသအနှံ့အပြားမှာ ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားလာခဲ့ပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် အစရှိတဲ့ ဒေသများမှာ ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး ညောင်တုန်း၊ ဟင်္သာတ၊ ဇလွန်၊ မြန်အောင်၊ ကျောင်းကုန်း၊ ဓနုဖြူ၊ လေးမျက်နှာ၊ ငါးသိုင်းချောင်း၊ မအူပင် အပါအဝင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တွေမှာ ရေကြီးရေလျှံမှု ခြိမ်းခြောက်မှု အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ပြည်၊ ရွှေတောင်၊ ပဲခူး၊ ဘားအံ၊ သထုံ စတဲ့မြို့နယ်တွေမှာလည်း သြဂုတ်လပထမပတ်အတွင်း ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့သလို မြင်းခြံ၊ ပခုက္ကူစတဲ့ ဒေသမှာလည်း မြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်မှုတွေ ရှိခဲ့ပါတယ်။ ဒီလို ရေကြီးရေလျှံမှုများက လူတွေရဲ့ အသက်များ၊ အိုးအိမ်စည်းစိမ်၊ အခြေခံ အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး တစ်နိုင်ငံလုံးနီးပါး သက်ရောက်မှု ပျက်စီးဆုံးရှုံးသွားတဲ့ တန်ဖိုးကတော့ နာဂစ်တုန်းကလိုပဲ စံချိန်တင်ဖို့ ရှိနေပါတယ်။တကယ်တော့ ဒီလိုရေကြီးရေလျှံမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာရခြင်းဟာ ရာသီဥတုဆိုးရွားမှုကြောင့်လို့ အကြမ်းဖျင်းပြောနိုင်ပေမယ့် ရာသီဥတုကိုချည်း အလုံးစုံတော့ ပုံချဖို့ မဖြစ်နိုင်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဖျက်အားပြင်း နာဂစ်မုန်တိုင်း အပါအဝင် မာလာမုန်တိုင်း၊ ဂီရိမုန်တိုင်း အပါအဝင် နှစ်စဉ် ရေကြီးရေလျှံမှုတွေဟာ ရာသီဥတု ပြောင်းလဲလာတာကို အချက်ပေးနေခဲ့ပေမယ့် ဆိုးရွားတဲ့ ရာသီဥတု ဖြစ်စဉ်တွေဟာ မြန်မာနိုင်ငံမှာ ဘာကြောင့် နှစ်စဉ်ဖြစ်ပေါ်နေသလဲ ဆိုတာကိုတော့ ဆန်းစစ်မှုတွေ အားနည်းခဲ့ပါတယ်။ ဆိုးရွားတဲ့ ရာသီဥတု ဖြစ်စဉ်တွေ နှစ်စဉ်ဖြစ်ပေါ်လာတဲ့အပေါ် ပညာရှင်တွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်း လုပ်ကိုင်နေသူတွေကတော့ နိုင်ငံတစ်ဝန်း သစ်တောတွေ ပြုန်းတီးလာတာကြောင့်လို့ ထောက်ပြကြပါတယ်။ အထူးသဖြင့် “ဥတုရာသီ တောကိုမှီ” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ရာသီဥတု ဖြစ်စဉ်တွေဟာ တောတောင်တွေကို မှီတည် ဖြစ်ပေါ်လာရပေမယ့် နိုင်ငံအနှံ့ တည်ရှိနေတဲ့ သစ်တောများကို အတိုင်းအဆမရှိ ထုတ်လုပ်မှုများနဲ့ ပမာဏကြီးမားတဲ့ တရားမဝင် သစ်ခိုးထုတ်မှုများကြောင့် သစ်တောပြုန်းတီးမှုတွေဟာ ပတ်ဝန်းကျင် ဂေဟစနစ်ကို ထိခိုက်စေခဲ့ပြီး ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေခဲ့တဲ့ အချက်တစ်ချက်အဖြစ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ညွှန်းဆိုခဲ့ကြပါတယ်။တရားဝင် ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှုဟာ ၁၉၇၅ ခုနှစ်မှာ နိုင်ငံဧရိယာရဲ့ ၆၁ ရာခိုင်နှုန်း၊ ၁၉၈၉ ခုနှစ်မှာ ၅၉ ရာခိုင်နှုန်းနဲ့ ၂၀၁၀ ပြည့်နှစ်တွင် ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ (FAO) နဲ့ ပူးပေါင်းတွက်ချက်မှုအရ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီက ပြီးခဲ့တဲ့နှစ်က လွှတ်တော်ကို တိုင်ပြခဲ့တဲ့ မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှု ရာခိုင်နှုန်းဟာ ၂၄ ရာခိုင်နှုန်းပဲ ရှိတော့ကြောင်း တင်ပြခဲ့ဖူးပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ ၂၀၁၄ ခုနှစ် ဇွန်လ ၃၀ ရက် နေ့စွဲနဲ့ ဖော်ပြထားတဲ့ ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများရဲ့ အကျယ်အဝန်းကို စတုရန်းမိုင် ၆၄၇၆၁.၉၆ လို့ ဖော်ပြထားခဲ့ပါတယ်။ အခုလို သစ်တောဧရိယာများစွာ လျင်မြန်စွာ လျော့ကျလာတဲ့ အကြောင်းရင်းတွေထဲမှာ တရားဝင် သစ်ထုတ်လုပ်ခွင့်တွေကို ပုဂ္ဂလိက ကုမ္ပဏီကြီးများကို အများအပြား ချပေးခဲ့မှုနဲ့ မြန်မာ-တရုတ် နယ်စပ်တစ်လျှောက် အလုံးအရင်းနဲ့ သစ်ခိုးထုတ်မှုများက အဓိက အကြောင်းရင်းအဖြစ် ပါဝင်ပါတယ်။ ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ စတင်ပြီး သစ်အလုံးလိုက် ပြည်ပတင်ပို့နေခြင်းကို ရပ်ဆိုင်းခဲ့ပေမယ့်လည်း နယ်စပ်ဒေသများမှာ တရားမဝင် သစ်ခိုးထုတ်မှု ပြဿနာများကို မဖြေရှင်းနိုင်ခဲ့တာကြောင့် သစ်တောပြုန်းတီးမှုတွေဟာ တစ်နှစ်ထက်တစ်နှစ် ဆိုးရွားလာခဲ့တာပါ။ရေစီးနှင့်အတူ မျောပါလာသော သစ်သားတုံးများကြောင့် ပျက်စီးသွားသော မင်းပြားမြို့နယ် နရမ်းကျေးရွာကို သြဂုတ် ၆ ရက်က တွေ့ရစဉ်
ပြီးခဲ့တဲ့ ၂၀၁၅ ဇန်နဝါရီလအတွင်း ကချင်ပြည်နယ် အတွင်းမှာ ဖမ်းမိခဲ့တဲ့ သစ်ခိုးထုတ်မှု ဖြစ်စဉ်များမှာဆိုရင် တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို ခိုးခုတ်ထားတဲ့တန်ချိန် ထောင်နဲ့ချီတဲ့ သစ်တွေနဲ့အပြင် သစ်ထုတ်စက်ယန္တရားများ၊ သစ်တင်ယာဉ် ၄၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းမိခဲ့တဲ့ တရုတ်သစ်ခိုးထုတ်သူတွေကို စစ်ဆေးတွေ့ရှိချက်တွေအရ ဂိုဏ်းအသွင်နဲ့ စီမံကိန်းကြီးတစ်ခုသဖွယ် သစ်ခိုးထုတ်မှုကို နှစ်စဉ်လုပ်ကိုင်ခဲ့တာ ဖြစ်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံက သစ်တွေကို ဘယ်လောက်အထိ ခိုးထုတ်ခဲ့သလဲဆိုတာ မသိနိုင်ပေမယ့် ပညာရှင်အချို့ရဲ့ ထောက်ပြချက်တွေမှာတော့ တရုတ်နိုင်ငံကို တရားမဝင် တင်သွင်းနေတဲ့ သစ်တွေရဲ့ ရာခိုင်နှုန်း ၉၀ ခန့်ဟာ မြန်မာနိုင်ငံမှ သစ်များဖြစ်တယ်လို့ ထောက်ပြခဲ့ဖူးပါတယ်။ တရုတ်ရဲ့ တရားမဝင် သစ်တင်သွင်းမှုက တစ်နှစ်ကို ခုနစ်ဘီလျံ ရှိတယ်လို့လည်း ဆိုထားတာကြောင့် မြန်မာ-တရုတ်နယ်စပ်က သစ်ခိုးထုတ်မှုတွေဟာ နှစ်စဉ်ဒေါ်လာ ဘီလျံနဲ့ချီပြီး ရှိနေနိုင်တာ ဖြစ်ပါတယ်။ ဒီလို သစ်ခိုးထုတ်မှုအပြင် သစ်ထုတ်လုပ်ခွင့်တွေ အများကြီးချပေးခဲ့တဲ့ အကျိုးသက်ရောက်မှုကလည်း ပဲခူးရိုးမ အပါအဝင် တောပြုန်းမှုဖြစ်ပေါ်ပြီး တောင်ကတုံးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ တရားဝင် သစ်ခုတ်ခွင့် ပြုရာမှာလည်း ခွင့်ပြုတာထက် ပိုခုတ်တဲ့ဖြစ်ရပ်တွေ ရှိတယ်လို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒီလို သစ်တွေကို တရားဝင်ရော၊ တရားမဝင်ရော အလွန်အကျွံ ထုတ်ယူခဲ့တဲ့နောက်တော့ သစ်တောတွေပြုန်းပြီး ရာသီဥတုတွေ ဖောက်ပြန်လာခဲ့တာ မဆန်းပါဘူး။ပညာရှင်တွေက ထောက်ပြကြရာမှာ မိုးရွာတဲ့ အခါရေကို အထိန်းအကွပ် စုပ်ယူထားနိုင်တဲ့ သစ်တောများ ပြုန်းတီးမှုများကြောင့် ရေကြီးရေလျှံမှုတွေကို အခြေအနေ ပိုဆိုးစေခဲ့တယ်လို့ ဆိုပါတယ်။ မြေကြီးတွေကို ကုပ်တွယ်ထားတဲ့ သစ်ပင်တွေ လျော့ပါးသွားတဲ့နောက်မှာ မြေကြီးတွေဟာ မိုးရေနဲ့အတူ ပါသွားပြီး မြစ်၊ ချောင်းများထဲကို နုန်းပို့ချမှု များလာတာကြောင့် မြစ်ကြမ်းပြင်ကို မြင့်တက်စေတယ်လို့ ဆိုကြပါတယ်။ ဒီလို နှစ်စဉ် မြစ်ချောင်းများ နုန်းတင်လာခြင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းတဲ့အခါမှာ မြစ်၊ ချောင်းများဟာ အလွယ်တကူ မြစ်ရေမြင့်တက်ပြီး ရေကြီးရေလျှံခြင်းတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရေဝေရေလဲ သစ်တောတွေ လျော့ပါးနေခြင်းကလည်း ရေကြီးရေလျှံမှုကို ဆိုးရွားစေတယ်လို့ ဆိုပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ဖော်ပြချက်အရ တစ်နိုင်ငံလုံးမှာ ရေဝေရေလဲ သစ်တောဧက သုံးသိန်းကျော်သာ ရှိတာကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နှိုင်းယှဉ်ရင် များစွာနည်းပါးနေတာ ဖြစ်ပါတယ်။ လက်ရှိ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ဆိုရင်ရေဝေရေလဲ သစ်တောဧကဟာ ၁၅၀ ဧကသာ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူနိုင်တဲ့ သစ်တောတွေ ပြုန်းတီးလာတာကြောင့် နိုင်ငံတစ်ဝန်း အပူရှိန်များ ပြောင်းလဲမြင့်တက်စေပြီး ဆိုးရွားတဲ့ ရာသီဥတုတွေကို ဖိတ်ခေါ်သလို ဖြစ်နေတယ်လို့ ပညာရှင်တွေက ထောက်ပြခဲ့ကြပါတယ်။ဒီလိုနိုင်ငံအနှံ့ သစ်တောပြုန်းတီးမှုများ ရှိနေပေမယ့်လည်း ခုတ်သလောက် ပြန်မစိုက်နိုင်တာကြောင့် ရာသီဥတု ဖြစ်စဉ်တွေအပေါ် သက်ရောက်မှု ရှိစေတာ ဖြစ်ပါတယ်။ သာဓကအားဖြင့် သစ်တောဦးစီးဌာနမှ ၂၀၀၀ ပြည့်နှစ်က စတင်ခဲ့တဲ့ နှစ် ၃၀ စီမံကိန်းအရ အစုအဖွဲ့ပိုင် သစ်တောဧက ၂ ဒသမ ၂၇ သန်း ဖော်ဆောင်ဖို့ လျာထားချက်ဟာ လက်ရှိမှာ ငါးရာခိုင်နှုန်းသာ အကောင်အထည် ဖော်နိုင်သေးတာကြောင့် သစ်တောပြုန်းတီးမှု အစားထိုး အစီအစဉ်တွေဟာလည်း ထိရောက်မှုမရှိတာ ဖြစ်ပါတယ်။ ဒါကြောင့် ရေရှည်မှာ သစ်တောလျော့ကျမှုနဲ့အတူ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ဆက်လက်ခံစားရဖွယ် ရှိနေတာ ဖြစ်ပါတယ်။၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့တဲ့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ အစီရင်ခံစာ တစ်စောင်မှာ ဖော်ပြချက်အရ မြန်မာနိုင်ငံဟာ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်ကြောင့် အဆိုးဆုံး ထိခိုက်ခံစားရတဲ့ ကမ္ဘာ့နိုင်ငံများအနက် ဒုတိယနေရာတွင် ရှိနေပါတယ်။ ဒီအတွက် စီမံခန့်ခွဲဖို့ တာဝန်ရှိသူတွေ အနေနဲ့ နှစ်စဉ် မိုးရာသီ သစ်ပင်စိုက်ပွဲတော်တွေသာ ကျင်းပနေတာနဲ့ ကျေနပ်မနေကြဘဲ သစ်တောတွေ အမြန်ဘယ်လို ထူထောင်ကြမလဲဆိုတာ နည်းလမ်းတွေ ရှာကြဖို့ လိုပါတယ်။ လူသိန်းနဲ့ချီတဲ့ အသက်တွေကို နာဂစ်မုန်တိုင်းတုန်းက ပေးဆပ်ခဲ့ပြီး ဖြစ်သလို အခုတစ်ခေါက် ရေကြီးရေလျှံမှုများကလည်း ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကို သတိပြုမိအောင် အချက်ပြနေခဲ့ပါပြီ။ ဖြစ်လာမှ လိုက်ပြီးကယ်ဆယ်တာထက် ကြိုတင်ကာကွယ်ခြင်းက ဆုံးရှုံးမှုများကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက် သစ်တောပြုန်းတီးမှုနဲ့ ဆိုးရွားတဲ့ ရာသီဥတု ဖြစ်စဉ်တွေကို ကာကွယ်ကြဖို့ သစ်တောတွေကို စနစ်တကျ ထိန်းသိမ်းပြီး သစ်ပင်တွေကို အမှန်တကယ် စိုက်ကြဖို့ လိုအပ်ပါကြောင်း ပြည်သူများကိုယ်စား ရေးသားတင်ပြလိုက်ရပါတယ်။










