တဂိုးရဲ့ သူ့လိုဘုရင်

တဂိုးရဲ့ သူ့လိုဘုရင်
Published 10 August 2015
မောင်စံပေါ

(၁)
၁၉၆၁ မေလ ၁ ရက်က (ဆရာကြီး) ပါရဂူ အမှာစာ ရေးသားထုတ်ဝေခဲ့တဲ့ သူဘာသာပြန်တဲ့ တဂိုးရဲ့ သူ့လိုဘုရင်စာအုပ် (ဆဋ္ဌမအကြိမ်၊ ၂၀၀၃ ဒီဇင်ဘာလ) က မျက်စိရှေ့ ရောက်လာတယ်။ သဘောကျခြင်း၊ နှစ်သက်ခြင်းတွေထက်ကို သာလွန်ပိုမိုစွာ ခံစားခဲ့မိပါတယ်။ ဒါနဲ့ ခေါင်းစဉ်လေး ရေးချမိပါတယ်။
ခေါင်းစဉ်လေး ချရေးမိရုံ ရှိသေးတယ် ဝေဖန်သူက ပေါ်လာတယ်။
“ဟေ့လူ။ ခင်ဗျားကြီး စာတွေ ဒီလောက်ရေးနေတာ၊ ခုထက်ထိ သတ်ပုံမမှန်သေးပါလား” တဲ့။
“ဟေ ဘာဖြစ်လို့လဲဟ”
“တစ်ဂိုးတို့၊ နှစ်ဂိုးတို့ဗျာ။ (တ)လို့ မရဘူးလေ။ (တစ်) ရမှာပေါ့။”
ဆက်ပြီးတော့ သူလေ့လာမှတ်သား ထားတာတွေ အထောက်အထားအနေနဲ့ ပြောပြပါတယ်။
 
(၂)
သူညွှန်းတာက ၁၉၈၆ ဇွန်လ ကထုတ်ဝေခဲ့တဲ့ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း။
အမှာစာရဲ့ ပထမစာမျက်နှာ ဖြစ်တဲ့ စာမျက်နှာ “က” မှာတင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ “ပါတီဥက္ကဋ္ဌကြီး” ဆိုတဲ့ စာလုံးကို သုံးကြိမ်သုံးခါတိတိ တွေ့မြင်ခဲ့ရပါတယ်။ ပါတီဥက္ကဋ္ဌကြီးရဲ့ စေတနာနဲ့ ဆန္ဒကို လမ်းညွှန်မှုများအဖြစ် ခံယူဆောင်ရွက်ခဲ့တယ် ဆိုပဲဗျ။
နောက်တစ်ခါ စာမျက်နှာ “င” မှာပါတဲ့ တစ်အရေး တအရေး ခွဲခြားသတ်မှတ်ခြင်းကို သူကကိုးကားပြန်ပါရော။ ဒီစာမျက်နှာမှာလည်း “ပါတီ ဥက္ကဋ္ဌကြီး” ကို နှစ်ခါတွေ့ရပြန်ပါတယ်။ နေရာတကာသို့ မြန်မကြာ ရောက်ရှိပေသော၊ နှံ့စပ်သိမြင်ပေသော ပါတီဥက္ကဋ္ဌကြီးပေတကား။
 
(၃)
ဒါနဲ့ဆက်စပ်ပြီး ခပ်ညံ့ညံ့ပညာရှိတွေက ခပ်တုံးတုံးရှင်ဘုရင်တွေ အလိုကျ မဟုတ်တာတွေကို အဟုတ်ဖြစ်အောင် လုပ်ပေးကြ၊ ထောက်ခံပြောဆိုကြတာ စဉ်းစားမိတယ်။ ခပ်ညံ့ညံ့ ရှင်ဘုရင်တွေက ခပ်တုံးတုံး ပညာရှိတွေပြောသမျှ အဟုတ်ထင်ပြီး လျှောက်လုပ်ကြတဲ့အကြောင်း ကြားဖူးနားဝပုံပြင်တွေ သတိရမိတယ်။
 
(၄)
အဲဒီ ပညာရှိဆိုသူတွေကလည်း သူတော်စင်တွေမဟုတ်။ ပုထုဇဉ်တွေ။ မြောက်တတ်တယ်။ ကြောက်တတ်တယ်။ သူတို့ကို ရှင်ဘုရင်က ချီးမြှင့်မြှောက်စားတော့ သာယာလာတယ်။ မြောက်လာတယ်။ သူတို့ရဲ့ မင်းတိုင်ပင် ပညာရှိဆိုတဲ့ ရာထူးကို ခင်တွယ်လာတယ်။ ဒီတော့ ရာထူးပြုတ်မှာ ကြောက်လာတယ်။ ကြောက်အားကြီးလာချိန်မှာ ချောက်ချားပြီး မှန်၏ မှား၏ သင့်၏ မသင့်၏ တော်၏ မတော်၏ မချင့်ချိန် နိုင်တော့ဘဲ မင်းလိုလိုက် မင်းကြိုက်တင်တော့တယ်။
 
(၅)
ပကတိရိုးရှင်း အပြစ်ကင်းတဲ့ ကလေးမလေး ဟာသီကို တွေ့မြင်ခဲ့ရတယ်။ တရိပူရဘုရင် ဂေါဝိန္ဒ မဏိကျကို ဟာသီက ဦးလေးလို့ခေါ်ပြီး ဘယ်သူလဲမေးချိန်မှာ ကလေးရဲ့ မိတ်ဆွေပေါ့လို့ ဖြေရုံသာမက ဟာသီဘုရားပန်းတင်ဖို့ ပန်းခူးခိုင်းတာကို မင်းချင်းယောကျ်ား၊ ခြွေရံသင်းပင်းတွေကို မခူးစေဘဲနဲ့ ကိုယ်တိုင်ခူးပေးခဲ့တဲ့ ရှင်ဘုရင်ရဲ့ အဖြူရောင်စိတ်ကို တွေ့မြင်ရတယ်။
 
(၆)
သွေးစီးကြောင်းတစ်ခုသည် ပြောင်လက်သည့် ကျောက်ပြားများဖြင့် ဆောက်လုပ်ထားသည့် ရေချိုးဆိပ် လှေကားထစ်များကို ဖြတ်ကျော်ပြီး ဂေါမတီမြစ်ရေထဲသို့အထိ ကျဆင်းလျက် ပျောက်ကွယ်သွားလေ၏။ ထိုသွေးစီးကြောင်းမှာ ယမန်နေ့က ယဇ်ပူဇော်ရန်အတွက် သတ်လိုက်သည့် ဆိတ်အကောင် တစ်ရာ၏ သွေးစီးကြောင်းဖြစ်သည်။ ဟာသီသည် ထိုသွေးစက်များကို တွေ့ရသည့်အခါ တအံ့တသြဖြစ်ပြီးလျှင် ဘုရင်ကို မေးကြည့်လေသည်။
“ဒါ ဘာစက်တွေလဲ”
“ဒါလား … ဒါ သွေးစက်တွေ”
“ဒါလောက်သွေးတွေ ဘာဖြစ်လို့ပါလိမ့်” ဟု မဝေခွဲနိုင်အောင် ရှိနေသဖြင့် ဟာသီသည် ဘုရင်အား “ဒါလောက်သွေးတွေ ဘာဖြစ်လို့လဲ” ဟု ထပ်မေးကြည့်လိုက်လေသည်။
ဘုရင်၏ စိတ်နှလုံးထဲတွင်လည်း “ဒါလောက်သွေးတွေ ဘာဖြစ်လို့လဲ” ဟူသော မေးခွန်းသည် ပေါ်ပေါက်လာလေသည်။ ဘုရင်ကြီးသည် ရုတ်တရက် ထိတ်လန့် တုန်လှုပ်သွားလေ၏။
(စာမျက်နှာ - ၅)
(၇)
သွေးတွေကို သူ့ရဲ့သင်တိုင်းစကလေး ရေဆွတ်ပြီး ပြောင်အောင်ဆေးကြောခဲ့တဲ့ ဟာသီကလေး အအေးမိပြီး ဖျားရာကနေ ဆုံးပါးခဲ့တယ်။ အဲဒီနောက်မှာ ဂေါဝိန္ဒမဏိကျဘုရင်က သက်ရှိသတ္တဝါတွေကို သတ်ဖြတ်ပြီး ယဇ်ပူဇော်တာကို ဘုရင့်အမိန့်နဲ့ ပိတ်ပင်ခဲ့တယ်။ နတ်ကွန်းပုရောဟိတ်နဲ့ ရှင်ဘုရင်အကြား ပဋိပက္ခ စတင်ခဲ့ပါတယ်။
ရှင်ဘုရင်ကို သူ့အလိုကျ ကြိုးဆွဲလို့မရတော့မှန်း ရိပ်စားမိခဲ့တဲ့ နတ်ကွန်းပုရောဟိတ် ရဃုပတိဟာ ရှေးရိုးစဉ်လာ ယုံကြည်ခဲ့မှုကို အခြေခံပြီး ပြည်သူတွေကို ဘာသာရေးမှိုင်း တိုက်တယ်။ သူ့နောက်ပါအောင် ဆွဲဆောင်တယ်။ ဘုရင့်ညီတော်ဖြစ်တဲ့ နက္ခတ္တရာယကို နောင်တော် ဂေါဝိန္ဒမဏိကျကိုသတ်ပြီး ဘုရင်လုပ်ဖို့ သွေးဆောင်တယ်။
သူ့ကိုသတ်မယ့် ညီတော်ရဲ့ အကြံအစည်ကိုသိခဲ့တဲ့ နောင်တော် ဂေါဝိန္ဒမဏိကျက လူသူရှင်းတဲ့တောထဲကို အလည်သွားဖို့ခေါ်တယ်။
 
(၈)
“ညီတော်၊ မင်းဘာဖြစ်လို့ နောင်တော်ကို သတ်ချင်ရသလဲ။ ထီးနန်းအရိုက်အရာကို လိုလားတဲ့  လောဘဇောကြောင့်ပဲ မဟုတ်လား။ ထီးနန်းအရိုက်အရာဆိုတဲ့ သဘောဟာ ရွှေပလ္လင်၊ စိန်မကိုဋ်နဲ့ ထီးဖြူကနက်ပဲလို့ ညီတော်က တွက်သလား။ ဒီမကိုဋ်၊ ဒီထီးဖြူကနက်နဲ့ ဒီဘုရင့် ကြိမ်စကြာရဲ့ဝန်ဟာ ဘယ်လောက် လေးတယ်မှတ်သလဲ။ ထီးနန်းကိုလိုချင်ရင်၊ တိုင်းပြည်ကိုအုပ်ချုပ် မင်းလုပ်လိုရင် သိန်းသန်းမကတဲ့ လူများရဲ့ဒုက္ခကို ကိုယ့်ဒုက္ခလို အောက်မေ့ရတယ်။ သူတို့ရဲ့ ဘေးရန်ကို ကိုယ့်ဘေးရန်လို့ သဘောထားရတယ်။ သူတို့ရဲ့ ဆင်းရဲခြင်းကို ကိုယ့်ဆင်းရဲခြင်းလို့ ယူဆပြီး တာဝန်ကို ရှောင်ဖယ်မပစ်ရဘူး။ အဲဒီလို လုပ်တဲ့လူမှသာ တိုင်းပြည်ကိုအုပ်ချုပ် မင်းလုပ်တဲ့လူ မည်တယ်၊ ဘုရင်မည်တယ်။ သစ်ခက်တဲကုပ်မှာနေနေ၊ ရွှေအိမ်နန်းမှာနေနေ၊ လူထုအားလုံးကို ကိုယ်ချင်းစာနာတတ်ရင်၊ ကိုယ့်လိုသဘော ထားတတ်ရင် တစ်လောကလုံးဟာ သူ့လောကပဲ။ လူအားလုံးဟာ သူ့လူချည်းပဲ။ ဒီကမ္ဘာလောကရဲ့ဒုက္ခကို ဖယ်ရှားပစ်တဲ့လူဟာ ဒီကမ္ဘာလောကရဲ့ဘုရင်ပဲ။ ဒီကမ္ဘာလောကရဲ့ အသွေးကို စုပ်တဲ့လူ၊ ဒီကမ္ဘာ လောကရဲ့ စည်းစိမ်ကို မတရားသိမ်းပိုက်တဲ့ လူကတော့ ဘုရင်မဟုတ်ဘူး။ သူခိုးဓားပြသာဖြစ်တယ်။ သိန်းသန်းမကတဲ့ ကံမွဲသူခမျာတွေရဲ့ မျက်ရည်ဟာ နေ့ညဉ့်မပြတ်ဘဲ သူ့ဦးထိပ်ပေါ်မှာ ရွာသွန်းနေတယ်။ ထက်မြက်ပြင်းထန်လှတဲ့ အဲဒီကျိန်စာရေယာဉ် မထိအောင် သူ့ကိုဘယ်လောက်ကြီးတဲ့ ထီးဖြူကနက်ကမှ မကာကွယ်နိုင်ဘူး။
(စာမျက်နှာ - ၄၅)
 
(၉)
နောင်တော်က ဓားထုတ်ပေးခဲ့ပေမယ့် ညီတော်က နောင်တော်ကို သတ်ဖြတ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမဲ့ ပုရောဟိတ်နဲ့ပေါင်းပြီး ကလေးငယ်တစ်ယောက်ကို ခိုးယူခဲ့တယ်။ ယဇ်ပူဇော်ဖို့ ကြိုးစားခဲ့တယ်။ ပုရောဟိတ်နဲ့အတူ ပြည်နှင်ဒဏ် ခံရတယ်။ နောက်ပိုင်းမှာ သူတို့နှစ်ယောက်ပေါင်းပြီး နောင်တော်ကို တိုက်ခိုက်ပြီး ထီးနန်းရယူဖို့ တပ်ချီလာခဲ့တယ်။ တိုင်းသူပြည်သားတွေရဲ့ ဥစ္စာရွှေငွေ၊ ဆန်ရေစပါးတွေကို လုယက်ကြတယ်။
တိုင်းသူပြည်သားတွေက သူတို့တွေ့ကြုံရတဲ့ ဆင်းရဲဒုက္ခတွေအတွက် ဘုရင်ဂေါဝိန္ဒမဏိကျကို ဆဲရေးတိုင်းထွာ အပြစ်တင်ကြတယ်။ တိုင်းသူ ပြည်သားတွေက သူ့အပေါ်အမြင်တွေလွဲပြီး မလိုလားကြပေမယ့် တိုင်းသူပြည်သားတွေ ဒုက္ခမရောက်စေချင်တဲ့၊ သွေးမြေမကျစေချင်တဲ့ နောင်တော်ဘုရင် ဂေါဝိန္ဒမဏိကျဟာ ထီးနန်းကို အသာတကြည် စွန့်ခဲ့တယ်။
 
(၁၀)
“ကျွန်ုပ်ကို ရိုသေလေးစားသလို နက္ခတ္တရာယကို ရိုသေလေးစားကြပါ။ အသင်တို့ တစ်တွေအားလုံး စုပေါင်းပြီး နက္ခတ္တရာယကို လမ်းကောင်းလမ်းမှန်ပေါ်ကသွားအောင်၊ တိုင်းသူပြည်သားတွေရဲ့ အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်အောင် နည်းလမ်းညွှန်ပြပြီး ကြည့်ရှုစောင့်ရှောက်ကြပါ။ အဲဒါ အသင်တို့နဲ့ခွဲခါနီး ကျွန်ုပ်ရဲ့ မှာထားချက် ဖြစ်ပါတယ်။ ပြီးတော့ တစ်ခုပြောရဦးမယ်။ ကျွန်ုပ်ရဲ့ ဂုဏ်ကျေးဇူးကို ပြောပြီးတော့၊ ကျွန်ုပ်နဲ့ နှိုင်းယှဉ်ပြီးတော့ နက္ခတ္တရာယကို နည်းနည်းကလေးမှ အပြစ်မတင်ကြပါနဲ့။ ကဲ ကျွန်ုပ်သွားပါရစေတော့”
(စာမျက်နှာ - ၁၅၇)
 
(၁၁)
ဒီဝတ္ထုရဲ့ မူရင်းနာမည်က ရာဂျာရိရှိပါ။ သက်ရှိသတ္တဝါတွေကို သတ်ဖြတ်ပြီး သွေးနဲ့ယဇ်ပူဇော်တဲ့ အိန္ဒိယနိုင်ငံရဲ့ ရှေးဟောင်းဓလေ့ကို တဂိုးက တိုက်ဖျက်ထားပါတယ်။ ဓမ္မနဲ့ အဓမ္မရဲ့ တိုက်ပွဲကို လှလှပပ ဖော်ကျူး ပြသခဲ့တယ်။ အစနဲ့အလယ်မှာ အဓမ္မက အသာစီးရနေခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဓမ္မက အောင်ပွဲခံခဲ့ပါတယ်။ ကရုဏာရသနဲ့ သန္တရသကို နင့်နင့်နဲနဲ ခံစားရပါတယ်။
တဂိုးရာပြည့် အထိမ်းအမှတ် အနေနဲ့ ဒီငြိမ်းချမ်းရေးဝတ္ထုကို ထုတ်ဝေခဲ့တာလို့ ပထမအကြိမ် ထုတ်ဝေခြင်းအတွက် အမှာမှာ (ဆရာကြီး) ပါရဂူက ပြောပါတယ်။
ဂေါဝိန္ဒမဏိကျဘုရင်လို အုပ်စိုးသူတွေ ကမ္ဘာမြေပေါ်မှာ အမြောက်အမြား ပေါ်ထွန်းပါစေ။ လူသားတွေ အချင်းချင်း အနိုင်ကျင့်ခြင်း ကင်းကြပါစေ။ ခိုကိုးရာမဲ့သူတွေ ခိုလှုံရာရပါစေ။ မေတ္တာတရား ပွားများနိုင်ကြပါစေ။ ကမ္ဘာမြေအနှံ့ ငြိမ်းချမ်းရေး ပန်းရနံ့တွေ မွှေးထုံပါစေလို့ လှိုက်လှဲစွာ ဆုတောင်းလိုက်ပါတယ်။
အညွှန်း - ပါရဂူ၏ သူ့လို ဘုရင် (ဆဋ္ဌမအကြိမ်)၊ မြနန္ဒာစာအုပ်တိုက်၊ ၂၀၀၃ ဒီဇင်ဘာလ

Most Read

Most Recent