ရေကြီးရေလျှံရေဘေးဒဏ် ခံကြရတဲ့ ရပ်ရွာဒေသတွေက အထက်အညာမှာရော အောက်အခြေမှာပါ အနှံ့အပြားပါပဲ။ မြင်တွေ့ကြားသိရတဲ့ သတင်းနဲ့တင် မချိတင်ကဲ ဖြစ်ကြရပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ မြန်မြန်ထက်ထက် လုပ်နိုင်ကြပါစေ။ လိုအပ်တဲ့ စားစရာရိက္ခာ၊ သောက်သုံးစရာရေ၊ နာဖျားဒဏ်ရာရသူတွေကုသဖို့ ဆေးဝါး၊ ကာကွယ်ဖို့ဆေးဝါး၊ စိုစွတ်တဲ့ဒဏ်ခံနိုင်ဖို့ အဝတ်အထည်စတဲ့ လှူဒါန်းပစ္စည်းတွေ မြန်မြန်ရောက်မြန်မြန်ဖြန့် မျှတနှံ့စပ်ပါစေ။ ရေတွေ မြန်မြန်ပြန်ကျ၊ ကယ်ဆယ်ရေးနဲ့ ထူထောင်ရေးအလုပ်တွေ မြန်မြန်သွက်သွက် လုပ်နိုင်ကြပြီး လိုအပ်လို့ ကြိုတင်ပြင်ဆင် ကာကွယ်ကြရမယ့် ဒေသရပ်ရွာတွေမှာလည်း သတိလုံ့လစိုက်ထုတ်နိုင်ကြပါစေလို့ သတင်းကြားသိရသူများ ဆုတောင်းပေးနေကြပါတယ်။ ဆင်းရဲပါတယ်ဆိုမှ “နူရာဝဲစွဲ လဲရာသူခိုးထောင်း” အခြေမဟုတ်ပါလား။ သဒ္ဓါထက်သန်သူတို့ အားရပါးရလှူကြပြီ၊ ကယ်ဆယ်ရေးတွေ လုပ်ကြပြီ တွေ့ရတော့လည်း မုဒိတာဖြစ်ကြ၊ ဝမ်းသာအားရကြပါတယ်။အရေးထဲမှာ အရာပေါ်ဆိုသလို ပြောချင်မိပါသေးတယ်။ ကျွန်တော်တို့ မိသားစု နေထိုင်တဲ့ ရပ်ကွက်ကလေးဟာ ရေဝင်ပါတယ်။ ရေရောက်ပါတယ်။ ဒီရေ အတက်ကြမ်းတဲ့ရက်ဆိုရင် လမ်းကျဉ်းကလေးတွေအပေါ်ကို ရေကတဟဲဟဲနဲ့ ရောက်လာပြီး လမ်းကလေးတွေကို ရေအပြည့် ဖုံးလွှမ်းသွားပါတော့တယ်။ အဲဒီလို ဒီရေများတဲ့ ရက်၊ အိမ်တချို့ ရေဝင်ရေမြုပ်တဲ့အထဲ ကျွန်တော်တို့နေတဲ့ အိမ်ခန်းကလေးလည်း ပါပါတယ်။ အိမ်ခန်းကလေးဆိုတာက မူလ ပျဉ်ထောင်အိမ်မဘေးမှာ ထပ်ပြီးထုတ်ထားတဲ့ အဖီကလေးပါ။အစိုးရဝန်ထမ်း ဘဝတစ်လျှောက်လုံး သက်ပြည့်ပင်စင်ယူတဲ့အချိန်ထိ နှစ်ကြာရှည်စွာ မိသားတစ်စု တိုးတိုးဝှေ့ဝှေ့နေခဲ့ရတဲ့ အိမ်ခန်းကလေးပါ။ နေဖြစ်ကျရပုံကလေး မှတ်မိပါသေးတယ်။တစ်နေ့မှာ ဇနီးရဲ့မိဘများနဲ့ အတူတူ နေထိုင်ရာက အိမ်ခွဲနေရဖို့ ဖြစ်လာပါတယ်။ ပြောင်းရမှာက နှစ်တိုင်း တာဝန်နဲ့ ခရီးသွားရမယ့်အချိန်နဲ့ လာတိုက်ဆိုင်နေပါတယ်။ ဇနီးဖြစ်သူက သွားလာစုံစမ်းမေးမြန်းတော့ တစ်ရပ်ကွက်တည်းမှာပဲ တစ်ဖက်လမ်းထောင့်ကအိမ်မှာ အိမ်ခန်းရလာပါတယ်။ အိမ်က ပျဉ်ထောင် တစ်ထပ်၊ နှစ်ခန်းတွဲ။ အိမ်ရှင်က သူတို့နေတဲ့ ခေါင်းရင်းခန်းကို ငှားဖို့ သဘောတူပြီး သူတို့ကတော့ အဖီဆွယ်နေမယ်လို့ လုပ်ပါတယ်။ ဒါပေမဲ့ တကယ်ခရီးထွက်ရတော့မယ့် အချိန်ထိ အိမ်ရှင်မှာ သူတို့ဖယ်နေပေးမယ်ဆိုတဲ့အဖီက မပြီးစီးသေးပါဘူး။ အမိုးလည်း မရှိသေး၊ အကာလည်း မကာရသေး၊ ပြီးတာက တိုင်ထူကြမ်းခင်းထားရုံပဲ ဖြစ်ပါတယ်။ ခင်းပျဉ်တွေက ရွေဘော်တောင် မထိုးရသေးတဲ့ ခင်းပျဉ်။ အိမ်ရှင်ကတော့ အဖီကလေးပြီးအောင် စောင့်ဆိုင်းစေချင်ပေမယ့် ကိုယ့်မှာကလည်း ပြောင်းလာရဖို့ ဖြစ်နေတော့ကာ အဲဒီအမိုးမရှိ အကာမရှိသေးတဲ့ အိမ်အဖီကြမ်းခင်းပေါ်ကိုပဲ ကျွန်တော်တို့ ဇနီးမောင်နှံနဲ့ ကလေးသုံးယောက်တို့ ပြောင်းနေလိုက်ခဲ့ကြပါတယ်။ အိမ်နေခွင့်ရတာကိုပဲ ကျေးဇူးတင်ခဲ့ပါတယ်။အခင်းက သစ်ရိုင်း၊ ခွဲပြီးစသစ်တွေဆိုတော့ ခြောက်လည်းခြောက်သွေ့ရော ကြမ်းတွေက ကျဲကုန်ပါတယ်။ ပူအိုက်တဲ့အခါ ကြမ်းကြားလေတိုးရင် အေးမြပေမယ့် အိမ်အောက်မှာ ရေဝပ်တော့ ခြင်တွေပေါက်ပါတယ်။ ခြင်ကိုက်ပါတယ်။ အငယ်ဆုံးသမီးလေး သွေးလွန်တုပ်ကွေးဖြစ်ပြီး ရှော့ခ်ရတော့မယ့် ဆဲဆဲ ရပ်ကွက်မှာ စေတနာနဲ့ ဆေးကုသတဲ့ ဆရာဒေါက်တာသန်းအောင်နဲ့ ကလေးဆေးရုံကြီး က ကယ်လို့ သမီးလေးအသက်ရှင်ခဲ့ပါတယ်။ကျွန်တော် ကလေးဘဝငယ်ငယ်က မွေးရပ်မြေမှာနေခဲ့ရတဲ့ အမေ့အိမ်ကလေးကလည်း ချောင်းနံဘေးမှာပါ။ အဲဒီတုန်းကတော့ ဝါဆိုဝါခေါင် ရေတက်လိုက်မိုးရွာလိုက်ဆိုတဲ့ အချိန်မှာ ကျွန်တော်တို့တွေ ရေကူးကြ ဆော့ကြနဲ့ အလွန်ပျော်ပါတယ်။ ကမ်းပေါ်ကုန်းပေါ် ရေရောက်ပေမယ့် အိမ်ကလေးမ မြုပ်ပါဘူး။ ချောင်းရေကလည်း အမှိုက်ကင်းပြီး သန့်ပါတယ်။ ရန်ကုန်မြို့ကြီးဆီ မိသားစုပြောင်းရွှေ့လာတော့လည်း ချောင်းနီးနီး ရေနီးနီးမှာပါပဲ နေကြရပြန်တာ။ ဒါပေမဲ့ ချောင်းရေကလည်း ရေထရက် ဒီရေတက်တဲ့ ရက်ဖြစ်တဲ့အတိုင်း ကမ်းပေါ်ကုန်းပေါ်ကို ရေမရောက်ခဲ့ပါဘူး။ ရေကလည်း ကြည်လို့ ချောင်းကြမ်းပြင်ကိုမြင်ကြရသလို ကျွန်တော်တို့တွေ ရွှံ့သန့်သန့် ခူးကစားကြတဲ့ ချောင်းကမ်းတွေမှာ ခရာပင်၊ လမုပင်စတဲ့ သဘာဝပေါက်လေ့ရှိတဲ့ အပင်ကလေးတွေ ရှိခဲ့ပါတယ်။ ပျော်ရွှင်စရာ ချောင်းနံဘေးပေါ့။မီးရထားလမ်းရဲ့တစ်ဖက်ရပ်ကွက်က မြောင်းတွေ မြောင်းတွေဆိုတာလည်း အခုလို မိုးတွင်းဆိုရင် ကာလသားတွေက ညလယ် အပျော်ထမင်းချက်စားကြဖို့ ငါး၊ ဖားလိုက်ရှာကြတဲ့ မြောင်းသန့်သန့်တွေပါ။ အဲဒီလို မြောင်းတွေကနေစုပြီး ရထားလမ်းနဲ့ အပြိုင် တန်းနေတဲ့ ချောင်းထဲကို စီးဝင်တဲ့မြောင်း ပြွန်ဟာ အုတ်စီ အင်္ဂတေကိုင်ထားပြီး ပြွန်ဝနဖူးမှာ ရေးထိုးထားတဲ့ ခုနှစ်သက္ကရာဇ်က “ 1932 ” ပါတဲ့။ဒါကြောင့် ကြည့်ရတာဟာ အဲဒီအချိန်က အုပ်စိုးသူတွေဟာ ဒီချောင်းကလေးမှာ ချောင်းကမ်းနံရံတွေကို အုတ်စီအင်္ဂတေကိုင်ပြီး တူးမြောင်းသန့်သန့်လို အရပ်ထဲမှာ စီးဆင်းစေချင်ပုံ ရပါတယ်။ အဲဒီချောင်းကလေး အထက်တစ်နေရာမှာလည်း တစ်ခါက အရက်ချက်ရုံ ရှိခဲ့ဖူးပါတယ်။ အရက်ချက်ရုံက စွန့်ပစ်ရေဆိုးတွေကြောင့် ချောင်းရေဟာ အရောင်ပြောင်းသလို အနံ့ဆိုးထွက်တာကြောင့် ရပ်သူရွာသားတွေက အနံ့မခံနိုင်ဘူးလို့ ပြောတယ်ဟေ့ဆိုရင် အရက်ချက်ရုံဟာ သူ့ဆီက ရေဆိုးကို မစွန့်ပစ်တော့ဘဲ အခြားနည်း သုံးရတော့သတဲ့။ဒါဟာ သိမှတ်ဖူးလိုက်တဲ့ သူကြီးခေတ်ကပါ။“မင်း ဒီနေရာတွေဟာ ဟိုတုန်းက မလွှပင်တွေ တောထနေတဲ့ တောပေါ့ကွ”ကြာခဲ့ပါပြီ။ ရက်တစ်ရက် တစ်ညနေခင်းမှာ ဂီတစာဆို ဘဘရန်နိုင်ဆွေတစ်ယောက် အဲဒီချောင်းဘေးကနေ ဘူတာရုံတစ်ဝိုက်ဆီကိုလာပြီး ငေးကြည့်နေတာတွေ့လို့ နှုတ်ဆက်တော့ ဘဘကပြောခဲ့တာပါ။ဒီလိုပါပဲ သတင်းစာဆရာကြီး ဦးလေး ဦးသန်းညွန့် (မြန်မာ့အလင်းသန်းညွန့်) တို့ ညီအစ်ကိုများလည်း အဲဒီချောင်းဘက်ကို လမ်းလျှောက် ရောက်တတ်ကြပါတယ်။ အတိတ်ဆီကသဘာဝကို မှန်းဆခံစားကြည့်ပုံ ရပါတယ်။ အခုတော့လည်း အဲဒီချောင်းရိုးတစ်လျှောက်ဟာ အမှိုက်သရိုက်တွေ တင်းကျမ်းနဲ့ မြင်မကောင်း ရှုမကောင်းအောင်ပါပဲ။ ဒါကြောင့် အခု ဒီဘက်ပိုင်းမှာ ရေတက်ပြီဆိုရင် အရင်က ရေမရောက်တတ်တဲ့ ရပ်ကွက်အခြမ်းမှာလည်း ရေတွေရောက်လာတတ်ပြီ ဖြစ်ပါတယ်။လမ်းထောင့်တွေမှာလည်း ရေတွေလျှံ ရေတွေအိုင်ထွန်းလာတတ်ပါတယ်။ဖိနှိပ်အုပ်ချုပ်တဲ့ကာလတွေနဲ့ အကြာကြီးကြာပြီး အခုမှပဲမြောင်းတွေကို အင်နဲ့အား နဲ့ ငွေနဲ့ လုပ်အားတွေ အကုန်ခံဖော်နေကြပြန်တာ မြောင်းတော့ပေါ်လာပါရဲ့။ ရေတသွင်သွင် စီးဆင်းတာတော့ မတွေ့ရလှပါဘူး။ကျွန်တော်တို့နေထိုင်တဲ့ အခြမ်းမှာတော့ ရေနည်းရာက များလာတဲ့အခါ အိမ်ရှေ့အတက်အဆင်းကလေး ရေမြုပ်၊ နောက်ဖေးက ပြင်မြုပ်နဲ့ နောက်တော့ တစ်အိမ်လုံးမြုပ်ခဲ့ရတဲ့အခါ တွေကြုံခဲ့ရပါတယ်။ မိုးမလင်းခင် အစောကြီး ရေကရောက်လာတော့ အိပ်ရာထဲမှာ ကျောကိုရေစိုစွတ်တာနဲ့ ကမန်းကတန်းထ၊ အိပ်ရာတွေ ပစ္စည်းတွေ သိမ်းဆည်း၊ မကြရွေ့ ကြလုပ်ရပါတယ်။ အိမ်မှာရှိတတ်သမျှ ကုလားထိုင်၊ စားပွဲ၊ ထမင်းစားပွဲ၊ ခုတင်တွေပေါ်ကို ရေစိုမခံနိုင်တဲ့ ပစ္စည်းတွေထုပ်ပိုးပြီးတင်။ကြမ်းပေါ်ကစာအုပ်တွေကို ထုပ်ပြီးတင်။ တချို့ပစ္စည်းများလည်း အမြင့်ထုပ်တန်းမှာ တွဲလောင်းချိတ်။ တဖြည်းဖြည်း မိုးစင်စင်လင်းခဲ့ပါပြီ။ ညက ညဉ့်နက်မှ အိပ်ရာဝင်နိုင်ခဲ့တာ။ အိပ်ရေးပျက်သွားတာ အရေးမဟုတ်။ ရေက အတက်မြန်သလောက် ပြန်ကျတော့ ရေဆင်းတာက နှေးကွေးလှသလိုလို။ အိမ်ကြမ်းပြင် အောက်ရေကျပြီဆိုတာနဲ့ တစ်ပြိုင်နက် ရေခပ်ပြီး ရွံ့နှစ်များကို ဆေးကြောချကြ၊ အိမ်ပေါ်အိမ်ထောင့်မှာ တက်လာရောက်လာတဲ့ ဖားကလေး မြွေကလေး၊ ကင်းခြေများ၊ ပိုးမွှားတွေကို ဖယ်ထုတ်မောင်းချ။ ပြီးရင် ကြမ်းပြင်တွေ ရေခြောက်သွေ့အောင် သုတ်။ ထမင်းဟင်း ဘယ်ဆီနေမှန်း မသိနိုင်ခဲ့ပါဘူး။ ကလေးတွေ ကျောင်းပျက်ရ၊ ကိုယ်လည်းရုံးတက် နောက်ကျရနဲ့ပါ။ ခြေထောက်တွေကို ရေစိုစွတ်ချိန်ကြာတော့ ကိုယ်ခံအားနည်းတဲ့ ကလေးနဲ့လူကြီး ဖျားနာကြပါသေးတယ်။ဒီလိုနဲ့ပါပဲ။ ၂၀၀၄ ဒီဇင်ဘာမှာ ဆူနာမီ ၂၀၀၆ ဧပြီအကုန်မှာ မာလာမုန်တိုင်း။ ၂၀၀၈ မေမှာ နာဂစ်ကြုံခဲ့ပေါ့။နာဂစ်မုန်တိုင်း တဝုန်းဝုန်းနဲ့ တိုက်နေတော့ အိမ်အမိုးတွေ လန်၊ ရေတွေက အတားအဆီး မလုပ်နိုင်အောင် ရွာကျ၊ သမီးကြီးတို့ အိမ်ဘက်က တဝုန်းဝုန်းယိမ်းထိုး ရိုက်ခတ်နေတဲ့ အုန်းပင်ကြီးလဲပြိုတော့မလား၊ သူတို့ အိမ်ကလေးပြိုတော့မလား၊ တို့အိမ်လည်း ဗုန်းဗုန်းလဲမလားနဲ့။ ပိန်လှီတဲ့ နို့ညှာသားငယ်ဆိုရင်ဘာမှကို ဝင်မလုပ်နိုင်တော့ဘဲ အိမ်အဝင်တံခါးပေါက်ထောင့်မှာ မိုးရေထဲ ငုတ်တုတ်ကလေးထိုင်ငိုင်နေတော့တာ မြင်ရတော့ ကြေကွဲလိုက်တာဗျာ။မိသားစု နေရထိုင်ရခံစားရတာ ဘယ်မှာ စည်ပင်သာယာလို့လဲ။ အစိုးရဝန်ထမ်းတစ်ယောက်အဖြစ်နဲ့ တာဝန်ကျေကျေ ရပ်တည်ရှင်သန်ပြီး ဆင်းရဲတဲ့ရပ်ကွက်ကလေးထဲမှာသာ နေနိုင်လို့ခံစားကြရတာထက် အခုကြုံတွေ့ခံစားကြရတဲ့ အထက်အောက် အညာအကြေ ဒေသအနှံ့မှာ ရေကြီးရေလျှံရေဘေးဒဏ်က အပုံကြီးအပုံကြီးဆိုးရွားမှာပါ။ ဆိုးရွားမှာ မချိတင်ကဲပါပဲ။ ပြည်သူလူထုအပေါင်း ဆင်းရဲတွင်းညွန်နဲ့ ဘေးဆိုးအမျိုးမျိုးတို့မှ အမြန်လွတ်မြောက်ကြပါစေ။










