ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် တစ်ဦးနှင့်တစ်ဦး သွေးကွဲစေမည့်လုပ်ရပ်မျိုး မလုပ်ကြရန် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် အောင်နိုင်ရေးအဖွဲ့ဝင်များအား ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် တစ်ဦးနှင့်တစ်ဦး သွေးကွဲစေမည့်လုပ်ရပ်မျိုး မလုပ်ကြရန် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် အောင်နိုင်ရေးအဖွဲ့ဝင်များအား ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 9 August 2015
ဇော်ဝင်းချစ် (တောင်ငူ)

၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် တစ်ဦးနှင့်တစ်ဦး သွေးကွဲစေမည့် လုပ်ရပ်မျိုး မလုပ်ကြရန် လွှတ်တော်ကိုယ် စားလှယ်လောင်းများနှင့် အောင်နိုင်ရေး အဖွဲ့ဝင်များအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
 
တောင်ငူမြို့သို့ ရောက်ရှိနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ် ၈ ရက် နံနက် ၈ နာရီခွဲခန့်မှစတင်၍ တောင်ငူမြို့ Global Grace Hotel ခန်းမကြီး၌ ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းရှိ မြို့နယ် ၁၄ မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အပါအဝင် ရွေးကောက်ပွဲအောင်နိုင်ရေးတာဝန်ရှိသူများနှင့် သီးသန့်တွေ့ဆုံရာတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
“တွေ့ဆုံတာကတော့ ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းမြို့နယ် ၁၄ ခုလုံးက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ မြို့နယ် ပါတီအဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့ မြို့နယ်အဖွဲ့ချုပ် အတွင်းရေးမှူးတွေအပါအဝင် တစ်မြို့နယ်ကို ခုနစ်ဦးစီ ပါဝင်ပါတယ်။ အကုန်လုံး လာတက်ကြပါတယ်။ 
လူမစုံတာဆိုလို့ ကျောက်ကြီးမြို့နယ်တစ်ခုပဲ ရှိတယ်။ ကျောက်ကြီးမြို့နယ်ကတော့ နှစ်ဦးလောက်ပဲ တက်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့်တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ရေတာရှည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးချစ်ထွေးက ပြောကြားသည်။
 
ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ် ၇ ရက်တွင် ရန်ကုန်မှ ထွက်ခွာလာခဲ့ပြီး ရန်ကုန်-မန္တလေးလမ်းမဟောင်း နံဘေးရှိ ပဲခူးခရိုင်၊ တောင်ငူခရိုင်အတွင်း မြို့နယ်များမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခွဲများတွင် ၎င်း၏ ကားပေါ်မှ ငါးမိနစ်ခန့်စီ လူထုနှင့် တွေ့ဆုံဟောပြောပွဲများ ပြုလုပ်ခဲ့သည်။ ညနေ ၆ နာရီခွဲခန့်တွင် တောင်ငူမြို့သို့ ရောက်ရှိကာ တောင်ငူမြို့ Global Grace Hotel တွင်  ညအိပ်ရပ်နားခဲ့ပြီး သြဂုတ် ၈ ရက် နံနက် ၈ နာရီခွဲခန့်မှ စတင်၍ ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းရှိ မြို့နယ် ၁၄ ခုမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ မြို့နယ်အလိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရပ်မိရပ်ဖများ၊ တိုင်း/ခရိုင်အဆင့် အလုပ်အမှုဆောင်အဖွဲ့များဖြင့် သီးသန့်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
 
“ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် အချင်းချင်း စည်းလုံးညီညွတ်ကြဖို့၊ အရွေးမခံရတဲ့သူတွေလည်း စိတ်ဓာတ်မကျဖို့၊ ပါတီလုပ်ငန်းတွေမှာလည်း ကြီးစဉ်ငယ်လိုက် တာဝန်ယူပေးနိုင်ဖို့ အခြေအနေမျိုး တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားကြဖို့ ပြောသွားတာပါ။ နောက်ပြီး တစ်ဦးနဲ့တစ်ဦး သွေးကွဲစေမယ့်ဟာမျိုးကို ဂရုစိုက်ပြီးတော့ မလုပ်ဖို့လည်းပြောသွားတယ်။ အခုရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အခြေအနေနဲ့ပတ်သက်ပြီးတော့လည်း အမေစုက အားလုံးမှန်တယ်လို့တော့ ဝန်မခံသွားပါဘူး။ မြို့နယ်တွေက လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း တင်သွင်းပေမယ့် အရွေးမခံရတဲ့လူတွေကလည်း မြို့နယ်တိုင်းလိုလို တင်ပြကြပါတယ်။ အဲလိုတင်ပြတဲ့အချိန်မှာ အချင်းချင်းအငြင်းပွားနေမယ့် အတူတူ အဓိက လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အောင်နိုင်ရေးကိုပဲ ဦးစားပေးပြီးလုပ်ဖို့၊ သည်းခံပေးဖို့ ပြောသွားတယ်။ အဲဒီမှာ သာဓကအနေနဲ့လည်း စစ်ကိုင်းတိုင်းမှာ လုပ်တဲ့ ဦးခင်မောင်ဝင်းတို့ ရှမ်းပြည်မြောက်ပိုင်းမှာ လုပ်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ်တို့လိုလုပ်ဖို့ အမေစုက ဥပမာပေးပြီး ပြောသွားပါတယ်။ အခုရွေးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းထဲမှာ ကိုယ်မပါပေမယ့်လည်း ပါတီရဲ့လုပ်ငန်းတွေကို တက်တက်ကြွကြွလုပ်ပေးဖို့ စိတ်ဓာတ်မကျဖို့အတွက် ဆုံးမသွားပါတယ်”ဟု ဦးချစ်ထွေးက ဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့် တွေ့ဆုံခဲ့သည့်အခြေအနေအား ဆက်လက်ပြောကြားသည်။
 
တစ်နာရီကြာခန့် သီးသန့်တွေ့ဆုံခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် တောင်ငူမြို့ Global Grace Hotel မှ နံနက် ၁၀ နာရီခွဲခန့်တွင် နေပြည်တော်သို့ ဆက်လက်ထွက်ခွာသွားခဲ့ပြီး သြဂုတ် ၁၁ ရက်တွင် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်ဘက်သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။