ထိုနေ့

ထိုနေ့
Published 8 August 2015
မောင်ကြည်

ထိုနေ့ကို ကျွန်တော်ဘယ်တော့မှ မမေ့ပါ။ ပြန်တွေးလိုက်တိုင်း ပုံရိပ်တို့က ပီပြင် ထင်ရှားနေဆဲ။ လတ်ဆတ်နေဆဲ။ ရှင်သန်နေဆဲ။ မှုန်ဝါးသွားသည်တို့မရှိ။ မေ့ပျောက်သွားသည် တို့မရှိ။ မှတ်ဉာဏ်၏ ထောင့်လေးတစ်ထောင့် မှာ ထာဝရသိမ်းဆည်းထားသည့် အတိတ်သမိုင်း ရုပ်ပုံကားချပ်လေးတစ်ခုပင် မဟုတ်ပါလား။ မြန်မာပြည်၏ သမိုင်းကြောင်း အချိုး အကွေ့အတွက် ဘယ်တော့မှ မေ့ချန်ထားလို့ မရသည့် အတိတ်ပန်းချီကားတစ်ချပ်လည်း ဖြစ်ပါသည်။ ထိုနေ့က ကျွန်တော်တို့ ကျောင်းဖွင့်ပါသည်။ 
အဋ္ဌမတန်း (D) သည် ကြောင်မရှိသောကြောင့် ကြွက်တွေသောင်းကျန်းနေသလို ဆူညံကာ ဖြစ်ချင်တိုင်းဖြစ်နေကြပါသည်။ တကယ်တော့ ဆရာတွေ စာမသင်အား။ ခေါင်းမီးတောက်နေကြသည်။ မြန်မာပြည်အရပ်ရပ်သို့ တဖြည်းဖြည်းပျံ့နှံ့လာနေသည့် ဆန္ဒပြပွဲများကြောင့် ကျောင်းပိတ်သင့် မပိတ်သင့် ဆွေးနွေးနေကြလေသည်။ ၈-၈-၈၈ ရက်နေ့ က စတင်ခဲ့သော အရေးတော်ပုံသည် အရှိန်အားကောင်းလာသည့် မီးတောက်ကြီးသဖွယ် ပြည်သူအပေါင်းတို့၏ ရင်ဝယ် တစ်စတစ်စ လောင်မြိုက်လာနေချေပြီ။ ကျောင်းသားသပိတ်၊ အလုပ်သမားသပိတ်၊ အသိပညာရှင် အတတ်ပညာရှင်များသပိတ်၊ အနုပညာရှင်များ သပိတ်၊ အိမ်ရှင်မများ သပိတ် စသော အထွေထွေသပိတ်များကလည်း နေ့စဉ်နှင့်အမျှ ပို၍ ပို၍ တိုးပွားများပြားလာခဲ့ပြီ။ ရန်ကုန်မြို ထဲက ကျောင်းသားသပိတ်စစ်ကြောင်း အသီးသီးလည်း ချီတက်ကာ နေ့စဉ် ဆန္ဒပြနေကြသည်။ ဒီနေ့တော့ ကျွန်တော်တို့ မြောက်ဥက္ကလာပနှင့် တောင်ဥက္ကလာပကျောင်းများသို့ သပိတ်မှောက်ခေါင်းဆောင်တွေ လာရောက် ဟောပြောစည်းရုံးမည်ဟု သတင်းကြားထားသည်။ ထို့ကြောင့် အတန်းကြီးကျောင်းသားတွေ ဖင်တကြွကြြွဖစ်နေကြသည်။
 
ထိုနေ့က အခန်းတံခါးပိတ်ကာ ကျွန်တော်တို့အားလုံး အလုပ်ရှုပ်နေကြသည်။ အတန်းထဲမှာ လက်ရေးလှသည့် ကျွန်တော်က စာရွက်တွေ တစ်ရွက်ပြီးတစ်ရွက် ဆက်တိုက် ရေးနေရသည်။ ဆော့ပင်အပြာနှင့် ရေးပြီး သမျှ စာရွက်များကို သူငယ်ချင်း ကျော်စွာဝင်းက အောက်ထပ်သို့ယူသွားသည်။ ကျောင်းသားတွေ လိုက်ကပ်သမျှစာရွက်များကို ဆရာ ဦးဝင်းဖေက တစ်ရွက်ပြီးတစ်ရွက် လိုက်ဖြုတ်သည်။ “ကျောင်းသားတွေ နိုးကြားကြလော့။ အရေးတော်ပုံ အောင်ရမည်။” စာရွက်ပေါ်က စာသားများကို ကျောင်းသူကျောင်းသားများက မရမက လိုက်ဖတ်သည်။ စာရွက်တွေ သယ်သွားသည့် ဆရာနောက်သို့ တအုန်းအုန်း လိုက်သွားကြသည်။ ထိုစဉ် “လာပြီ လာပြီ လာကြပြီကွ”ဟူသော အော်သံတွေကြားလိုက်ရသည်။ ကျွန်တော်တို့အခန်းက ခြံစည်းရိုး အစွန်ဘက် ကျသည်မို့ ကျောင်းသားကျောင်းသူတွေ ပြတင်းပေါက်တံခါးတွေနား ကပ်သွားကြသည်။ ကျောင်းတာရိုးမအတိုင်း အလံကိုင်လာသည့် ကျောင်းသားအုပ်စုတွေကို မြင်ရသည်။ ကျွန်တော်တို့ အခန်းပြတင်းပေါက်တွေဘက်လှည့် ကာ လက်သီးလက်မောင်းတန်း အော်နေကြသည်။ ဘာကြောင့်ရယ်မသိ နထင်ကြောတွေ ထောင်ထလာသည်။ ရင်ထဲမှာ တလှပ်လှပ်။ သွေးတွေဆူလာသလို ခံစားရသည်။
 
အပြင်မှ အလံကိုင်ကျောင်းသားတွေ ကျောင်းထဲသို့ တဖွဲဖွဲဝင်လာကြပြီ။ ကျွန်တော်တို့ အခန်းထဲသို့ ပါးစပ်ကို ပိတ်စအနီ စည်းထားသည့် ကျောင်းသူတစ်ယောက် ဝင်လာသည်။ “ဟေ့ ဘာလုပ်နေကြတာလဲ။ ရွှေတိဂုံကို ချီတက်ကြမယ် လိုက်ကြမလား” ထိုကျောင်းသူက စတိတ်ခုံပေါ်တက်ကာ လက်ကို ဝှေ့ ယမ်းရင်း အော်ပြောနေသည်။ “လိုက်မယ် လိုက်မယ်” ကျောင်းသားတွေက ပြန်အော် ပြောသည်။ ထို့နောက် အလံကိုင်ကျောင်းသားတွေပါ ဝင်ရောက်လာသည်။ “ကျောင်းသားသွေး” တစ်ယောက်က တိုင်ပေးလိုက်ရာ “နီတယ်ဟေ့ နီတယ်ဟေ့” ဟု သံပြိုင်အော်ကြသည်။ ဘာပြောကောင်းမလဲ။ လွယ်အိတ် လွယ်သူလွယ်၊ ဖိနပ်ခါးကြားထိုးသူ ထိုး၊ အော်သူအော်၊ ဟစ်သူဟစ်၊ သီချင်းဆိုသူဆို။ မကြာခင် အခန်းထဲသို့ ကျောင်းသားမိဘများပါ ဝင်လာကြသည်။ “အဖေ သမီး မလိုက်ဘူး မလိုက်ဘူး” ကျွန်တော် အသံကြားရာဘက် လှည့်ကြည့်လိုက်ရာ အတန်းထဲက စန်းစန်းဝင်းကို သူမအဖေက ပွေ့ချီကာ ခေါ်နေသည်။ သူမက မလိုက်ချင်။ မျက်ရည်တွေကျကာ ငိုယိုရင်း ယက်ကန်ယက်ကန်နှင့် ပါသွားသည်။
 
ဘယ်ကနေဘယ်လို ကျောင်းအပေါက်၀ ရောက်သွားသည်မသိ။ ကျောင်းတံခါးဝမှာ မိဘတွေ တရုန်းရုန်း။ မိဘတွေက ဆွဲ၊ ကျောင်းသားတွေက ငို။ ကျွန်တော်နှင့် သူငယ်ချင်း ကျော်စိုးမိုး တစ်ယောက်လက် တစ်ယောက်ဆွဲကာ ကျောင်းသားအုပ်ထဲ တိုးဝင်လိုက်သည်။ 
ထိုစဉ် ကျွန်တော်လက်ကို လက်တစ်ဖက်က လှမ်းဆွဲသည်။ ကြည့်လိုက်တော့ လမ်းထဲက အကြီးဒေါ်မစန်း။ သို့သော် မရတော့။ ကျွန်တော် သွေးဆူနေပြီ။ ချီတက်ကာ ထွက်ခွာတော့မည့် ကျောင်းသားအုပ်ထဲမှာ ရောညပ်ပါသွားသည်။ ထို့နောက် သုနန္ဒာလမ်းအတိုင်း တန်းစီကာ ကျောင်းသားတွေ ချီတက်လာကြသည်။ လမ်းဘေးက လူအုပ်ကြီးကလည်း လက်ခုပ်တီးကာ အားပေးကြသည်။ “အရေးတော်ပုံ” “အောင်ရမယ် အောင်ရမယ်” “ကျောင်းသားသွေး” “နီတယ်ဟေ့ နီတယ်ဟေ့” စသော ကြွေးကြော်သံများကို အော်ဟစ်လာကြသည်။ သုနန္ဒာလမ်းမှ မေဒါဝီလမ်းမဘက်သို့ ချိုးကွေ့လိုက်သည်။ လမ်းဘေးမှ လက်ခုပ်တဖြောင်းဖြောင်း တီးသံကို ကြားရသည်။ “ဟေ့ကောင် ငါတို့ ဆက်လိုက်မလို့လား” ကျွန်တော်က ကျော်စိုးမိုးကို မေးလိုက်သည်။ “လိုက်မှာပေါ့ကွ ဘာဖြစ်လဲ” ထို သို့ပြောလိုက်သောကြောင့် ကျွန်တော်လည်း ဘာမှမပြောဘဲ ဆက်လိုက်လာခဲ့သည်။
 
မေဓာဝီလမ်းဆုံသို့ ရောက်သောအခါ  “လမ်းဝမှာ ပစ်နေပြီ” ဟူသောအသံတွေ ကြားရသည်။ “ဟုတ်တယ် ရှေ့က အလံကိုင်တဲ့ ကျောင်းသူလေး သွေးအိုင်ထဲမှာ လဲကျသွားတယ်” ထိုကဲ့သို့ တစ်ယောက်တစ်ပေါက် ရေရွတ်သံကို ကြားရသောအခါ ရင်ထိတ်သွားသည်။ 
ဟိုက် ဒုက္ခပဲ။ ဆက်လိုက်လို့ ဖြစ်ပါ့မလား၊ သူငယ်ချင်း ကျော်စိုးမိုးက အားပေးသည်။ “ဘာမှမဖြစ်ဘူး။ တို့ခေါင်းဆောင်တွေ ကြည့်လုပ်လိမ့်မယ်” ဟု အားပေးသည်။ “ကဲ အားလုံးပဲ တို့လမ်းကြောင်းပြောင်းမယ်။ လမ်းဝမှာ ပစ်နေပြီတဲ့။ ကျောက်ရေတွင်း တံတားလေးကနေ ဆက်ပြီး ချီတက်ကြမယ်” ထိုအသံကို ကြားလိုက်ရသောကြောင့် ကျွန်တော်တို့ စိတ်အေးသွားသည်။
 
ကျောက်ရေတွင်းရပ်ကွက်ထဲရှိ ကျဉ်းမြောင်းသော မြေနီလမ်းသွယ်ထဲ ရောက်သောအခါ ကြွေးကြော်သံတွေ မတိုင်တော့ဘဲ တိတ်ဆိတ်ငြိမ်သက်စွာ တန်းစီလျှောက်သွားကြပါသည်။ စိတ်ထဲမှာ လမ်းဝရှိ သပိတ်စစ်ကြောင်းမှာ လူဘယ်နှယောက်လောက် သေနေပြီလဲ မသိဟု သူတို့အတွက်လည်း တွေးပူနေမိပါသည်။ ထိုစဉ် ရပ်ကွက်ထဲရှိ အိမ်အသီးသီးက အပြင်သို့ ထွက်ကြည့်ကာ ကျောင်းသားတွေကို လက်ခုပ်တီးအားပေးခြင်း၊ စားစရာ သစ်တော်သီး၊ မာလကာသီးများ ကမ်းပေးခြင်း၊ ရှေ့မှာ မျက်ရည်ယိုဗုံးနဲ့ပစ်နေပြီဟု သတင်းကြားသောကြောင့် ကျောင်းသားတွေကို ရေလောင်းပေးခြင်းများ ပြုလုပ်ကြပါသည်။ ထို့ပြင် ကျောင်းနာမည်တွေကို မှတ်မိမှာစိုးသောကြောင့် မိမိတို့ ရင်ဘတ်က ကျောင်းနာမည်တံဆိပ်များကို ဖြုတ်ခိုင်းပါသည်။ ကျွန်တော့် ကျောင်းတံဆိပ်ကို ဆွဲဖြုတ်လိုက်ရာ အင်္ကျီပါ ပြဲသွားပါတော့သည်။
 
ဤသိုဖြင့် ကျောက်ရေတွင်းမှ ကျော်လွန်လာသောအခါ ခေါင်းဆောင်များက “အရေးတော်ပုံ” ဟု တိုင်လိုက်ရာ “အောင်ပါစေ”ဟု သံပြိုင်လိုက်ဆိုကြသည်။ “ကျောင်းသားသွေး” ဟု တိုင်ရာ “နီတယ်ဟေ့ နီတယ်ဟေ့”ဟု နောက်ကလိုက်အော်ကြသည်။ အော်လို့ ဝသွားလျှင် ခဏနားနေတုန်းလေးမှာ “သခင်ကိုယ်တော်မှိုင်းသီချင်း” ကို သံပြိုင်ဆိုကြပါသည်။ “ပြည်သူတွေမှာ သွေးစွန်းခဲ့ပြီ အဘိုးရေ” ဟူသော နေရာရောက်လျှင် ရင်ထဲမှာ ဆို့ သွားသည်။ ဆိုနေသူတွေတင်မက လမ်းဘေး မှ နားထောင်နေသူများပင် မျက်ရည်ကျကြပါသည်။ လမ်းဘေးမှ ပြည်သူများမှာလည်း မကြာမကြာ စားစရာမုန့်များ၊ ထမင်းထုပ်များ သောက်စရာရေများကို အသီးသီး ကမ်းပေးကြရှာပါသည်။
 
ရွှေတိဂုံမှာ ထိုစဉ်က သပိတ်စစ်ကြောင်းများ စုရာအရပ်ဖြစ်သောကြောင့် နေရာပေါင်း စုံမှ သပိတ်မှောက်သူများနှင့် ပြည့်ကျပ် ညပ်ခဲနေပါသည်။ ရွှေတိဂုံရင်ပြင်ပေါ် တက်ဖို့နေနေသာသာ မုခ်ဝလေးခုစလုံးမှာပင် လူပင်လယ်ကြီးဖြစ်နေပါသည်။ ကျောင်းသားခေါင်းဆောင်များက ကားခေါင်မိုးတွေပေါ်တက်ကာ ဟောပြောကြသည်။ ဝါးခမောက်ဆောင်းကာ ခေါင်းစည်းအနီပတ်ထားသည့် ခေါင်းဆောင်ကို ခပ်ပျပျသာ မြင်ရသည်။ လက်ကိုင် ဟွန်းလေးနှင့် အော်နေသောကြောင့် အသံက ကြားတစ်ချက် မကြားတစ်ချက်။ ထိုနေ့က တစ်ယောက်ပြီး တစ်ယောက် တက်ပြောကြပါသည်။ ထိုစဉ်က ကျွန်တော်တို့စိတ်ထဲမှာ သွေးတွေ ဗလောင်ဆူနေကြသည်။ လူထောင်ပေါင်းများစွာ၏ ကြွေးကြော်သံက ကြားရသူတိုင်းကို ထကြွတော့မလောက် ရဲသွေးရဲမာန် ရဲစိတ် တက်စေပါသည်။ ထိုစဉ်က ခေါင်းဆောင်ကသာ သေဆိုသေ လိုက်မည်။ ရှင်ဆို ရှင်လိုက်မည်။ အားလုံးရင်ထဲမှာ တစ်စိတ်တည်း၊ တစ်ဉာဏ်တည်း၊ တစ်သွေးတည်း၊ တစ်သားတည်း။ ဒီမိုကရေစီ စိတ်ဓာတ်တွေ ကိုယ်ခန္ဓာအနှံ့ စီးဆင်းနေသလို ထင်ရပါသည်။ “အရေးတော်ပုံ အောင်ရမည်” ဟူသော အသံလှိုင်းလုံးကြီးသည် ကောင်းကင်ပေါ်သို့ လွင့်ပျံတက်ကာ ရွှေအတိဖုံးလွှမ်းနေသည့် ဆံတော်ရှင်စေတီတော်မြတ်ကြီးကို ပူဇော်ရန်အလို့ငှာ ကြွေးကြော်နေသလို ထင်မှတ်ရပါသည်။ ထို့ပြင် တပည့်တော်တို့၏ ရှစ်လေးလုံး အရေးတော်ပုံစိတ်ဓာတ်သည် ကမ္ဘာတည်သရွေ့ မပျောက်မပျက် ထာဝရအဓွန့်ရှည် တည်တံ့ပါစေသတည်းဟု သစ္စာဆိုကာ တိုင်တည်နေသလိုလည်း ထင်မှတ်ရပါသည်။
 
မည်သို့ဆိုစေ ကျွန်တော်တို့၏ ရှစ်လေးလုံး အရေးတော်ပုံသည် မေ့ဖျောက်လို့မရသော သမိုင်း၊ ချန်ထားလို့မရသည့် ကွက်လပ်၊ မပြီးဆုံးသေးသော တိုက်ပွဲ၊ မျိုးဆက်သစ်များကို လက်ဆင့်ကမ်းရမည့် စိတ်ဓာတ်အမွေလည်း ဖြစ်ပါသည်။ နောင်လာမည့် ခေတ်အဆက်ဆက် မျိုးဆက်သစ်များ ဆက်လက်သီ ဆိုသွားရမည့် သီချင်းတစ်ပုဒ်လည်း ဖြစ်ပါသည်။ ကျွန်တော့်အနေနှင့် ရှစ်လေးလုံး အရေးတော်ပုံ အမှတ်တရကို ထိုကဲ့သို့ပင် ကမ္ပည်းထိုးမှတ်တမ်း တင်လိုက်ချင်ပါသည်။

Most Read

Most Recent