အမှိုက်နှင့် ခြင်

အမှိုက်နှင့် ခြင်
Published 30 June 2015
မြေနီသစ္စာ

ရေနုတ်မြောင်းက ရေမစီးပါ။ အကြောင်းမဲ့မဟုတ်။ ရေနုတ်မြောင်းထဲမှာ အမှိုက်တွေ ဆို့နေသည်။ ပြည့်နေသည်။ ရေဘယ်လိုမှ စီးလို့မရပါ။ ရေထဲမှာ အမှိုကသရိုက်မျိုးစုံရှိနေတော့ ရေမစီးသည်သာမကပါ။ အမှိုက်အသိုး အပုပ်တို့ရနံ့က နံစော်နေသည်။ ယင်းအနံ့ အသက်ဆိုး ရှူရှိုက်နေရခြင်းဖြင့် ကြာတော့ ခေါင်းမူးချင်သလို ဖြစ်လာသည်။ အော့ချင် အန်ချင်လာသည်။ ရောဂါဖြစ်ချင်လာသည်။ ထိုမြောင်းပုပ်နံ့သည် တစ်နေ့လုံးပင် အိမ်ပတ်ဝန်းကျင်ကို အနံ့ဆိုးဖြင့် အန္တရာယ်ပေးနေတော့၏။
 
ညရောက်လာပြီ။ မြောင်းပုပ်ထဲမှာ နေရာယူထားကြသော ခြင်အုပ်ကြီးသည် မိမိတို့သွေးကို စုပ်ယူရန် အိမ်ထဲသို့ တန်းဝင်လာကြတော့၏။ မိမိတို့မိသားစုတို့ကို နေရာအနှံ့ တရစပ် ကိုက်ခဲဝါးမျိုကြတော့သည်။ ယင်းကြောင့် နေဝင်သည်နှင့် ခြင်ထောင် ထောင်ရတော့ သည်။ ခြင်ထောင်အပြင်ဘက်မှာ လုပ်စရာရှိသူမှန်သမျှကို ခြင်အုပ်ကြီးက အုပ်စုခွဲကာ ရရာနေရာက အသားကိုထိုးဖောက်၍ သွေးသောက်ကြတော့သည်။
 
ယင်းသည် တစ်ရက်မဟုတ်။ တစ်ပတ် မဟုတ်။ နေ့တိုင်းကိစ္စဖြစ်နေ၏။ ခြင်တွေ မအောင်းနိုင်အောင် ရေနုတ်မြောင်းကို ရေစီးရေလာကောင်းဖို့ ဆယ်ပစ်ရပေလိမ့်မည်။ ဆို့ပိတ်နေသော အမှိုက်တို့ကို စက်အင်အားနှင့် ဆယ်ပေးဖို့ စည်ပင်ကိုမျှော်ရလေသည်။ စည်ပင်က ရက်အတိအကျ မဟုတ်သည့်တိုင် လာတော့လာသည်။ နေ့စဉ်ပစ် အိမ်အမှိုက်တွေ သိမ်းဖို့သာလျှင် လာခြင်းဖြစ်၏။
 
နေ့စဉ်အမှိုက်တွေ မှန်မှန်လာသိမ်းပေးလျှင် ရေနုတ်မြောင်းထဲမှာ အမှိုက်တွေရှိစရာအကြောင်း မရှိပါ။ အမှိုက်မှန်မှန် လာမသိမ်းသာအခါ အမှိုက်ပစ်စရာနေရာ လိုအပ်လာ၏။ စင်စစ် ယခင်က အမှိုက်ပစ်စရာနေရာ ရှိသည်။ ထိုနေရာမှာ အမှိုက်သွားပစ်ကြသည်။ 
အမှိုက်ပုံးနေရာရှိနေ၍ အမှိုက်ပစ်ရသည်မှာ အဆင်ပြေ၏။ ယခုအမှိုက်ပုံ မရှိတော့ပါ။ အမှိုက်ပင်စွန့်ပစ်ရန် နေရာမရှိတော့ ထိုအခါတွင် အမှိုက်ပစ်ဖို့နေရာ မရှိတော့သောအခါ လွယ်လွယ်ပင် အမှိုက်ကို ရေနုတ်မြောင်းထဲသို့ စွန့်ပစ်ကြတော့သည်။
 
အလွယ်လိုက်ပြီး ရေနုတ်မြောင်းထဲသို့ အမှိုက်တွေစွန့်ပစ်တော့ မြောင်းရေမစီးနိုင်။ ပိတ်ဆို့သောအမှိုက်တို့က မြောင်းထဲမှာနေရာယူလျက် စုဖွဲ့လာကြသည်။ ရေမစီးနိုင်ခြင်းကြောင့် ရေပုပ်သိုးသည်။ အနံ့ဆိုးထွက်သည်။ ခြင်ပေါက်ဖွားသည်။ ခြင်ရန်က အန္တရာယ်တစ်ခု ဖြစ်လာသည်။ ခြင်ကိုက်ခံရ၍ ခြင်၏ သွေးစုပ်ခြင်းခံရ၍ မိမိတို့ရောဂါရလာရန် လမ်းဖွင့်ပေးလာသည်။ ယင်းသည် အမှိုက်ကို ရေနုတ်မြောင်းထဲသို့ အလွယ်တကူစွန့်ပစ်ရာက ရရှိလာသော ဆိုးကျိုးပင်ဖြစ်သည်။ ရေနုတ်မြောင်းထဲသို့ စည်းကမ်းမဲ့အမှိုက်ပစ်ခြင်းကို မပစ်နိုင်အောင် မည်သို့ကာကွယ်ပါမည်နည်း။ ယင်းကိစ္စတို့ကို ဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်ချင်း ဆောင်ရွက်၍ မရနိုင်ပါ။ ရပ်ကွက်နေပြည်သူမိမိတို့ စု၍ ဆောင်ရွက်ရပေလိမ့်မည်။ အစုအဝေးအင်အားသည် 
တစ်ဦးတစ်ယောက်တည်း လုပ်ရပ်ထက်တော့ မုချအဆင်ပြေပေလိမ့်မည်။ မလုပ်ဘဲ လက်ပိုက်ကြည့်နေခြင်းသည် အန္တရာယ်ကို ဖိတ်ခေါ်ရာရောက်သည်။ မိမိအိုးအိမ်အတွက် ရောဂါဘယတို့ အလျင်အမြန် ရရှိလာမည် ဖြစ်၏။ ယင်းအခက်အခဲသည်ကား အခြားမဟုတ်။ ရေနုတ်မြောင်းတွေထဲသို့ နေ့စဉ် အမှိုက်စွန့်ပစ်နေသော အထူးသဖြင့် စားသောက်ဆိုင်တို့နှင့် ထိပ်တိုက်တွေ့ရခြင်းပင်ဖြစ်သည်။
 
နေ့စဉ်အမှိုက်ကို စည်းကမ်းမဲ့ စွန့်ပစ်နေသော စားသောက်ဆိုင်တို့မှာ ဝက်သား၊ အမဲသားတုတ်ထိုးဆိုင်၊ အသုပ်ဆိုင်၊ အကြော်ဆိုင်၊ ထမင်းဆိုင်နှင့် လက်ဖက်ရည်ဆိုင်တို့ ဖြစ်ကြ၏။ သူတို့အများစုသည် ငွေကြေးအင်အားရှိ၏။ ပေးနိုင်ကမ်းနိုင်၏။ အမှိုက်ကို ရေမြောင်းထဲသို့ ပစ်နိုင်သမျှ ပစ်နိုင်ခွင့်ရကြ၏။ ယင်းကြောင့် သာမန်အောက်ခြေပြည်သူတို့ခမျာ ယင်းအမှိုက်ပစ်နိုင်ခွင့်ရသူတို့ကို မယှဉ်နိုင်ပေ။ အမှိုက်ပြည့်နေသော မြောင်းတို့ရှင်းရန်အတွက် လူစု၍မရတော့ပေ။ အားနည်းသူတို့ဘက်က အမှိုက်ရှင်းလိုသော်လည်း အားကြီးသူတို့ကို ယှဉ်၍ ဆောင်ရွက်ဖို့မဖြစ်နိုင်တော့ပေ။ 
 
ရေနုတ်မြောင်းထဲတွင် အမှိုက်တို့နှင့် ပြည့်လျှံနေသည့်အတွက် မိုးရွာလာသောအခါတွင် ရေနုတ်မြောင်းတို့က ရေမစီးနိုင်တော့သည့်အတွက် ရပ်ကွက်ထဲမှာ လမ်းပေါ်မှာ မြေနိမ့်ပိုင်းမှာ ရေလျှံတော့၏။ ရေလျှံသည့်အခါ နိမ့်သောအိမ်များထဲသို့ ရေဝင်၏။ တစ်ခါတလေ တစ်ပေ သို့မဟုတ် ကိုးလက်မ ရှစ်လက်မထိ ရေအစုလိုက်အပြုံလိုက် လျှံနေတတ်၏။
 
ကွန်ကရစ်ကြမ်းခင်းနှင့် နေနိုင်သည့် တိုက်အိမ်များထဲကို ရေမဝင်နိုင်သော်လည်း တဲထိုးနေရသော ဖြစ်သလိုဆောက်ထားသည့် အိမ်အနိမ့်များထဲသို့ ရေဝင်တော့၏။ မြေနိမ့်လျှင် ကားဝင်လာသောရေတို့သည် တစ်နာရီ နှစ်နာရီနှင့် မိုးတိတ်သွားသည့်တိုင် ရေကျမသွားပေ။ 
ယင်းအခါတွင် စီးဝင်နေရာယူထားသော ရေထဲမှာပါလာသည့် အမှိုက်အညစ်အကြေးနှင့် ဒိုက်ပုံတို့က နေရာယူကြ၏။ ရေကျသွားသည့်တိုင် အမှိုက်တို့က မြေနိမ့်ပိုင်းအိမ်ဝိုင်းတို့မှာ ကျန်နေရစ်ကြ၏။ ယင်းတို့ကို မိုးရွာပြီး မိုးတိတ်သွားတိုင်း ဖယ်ရှားရှင်းလင်းရသည်မှာ အလုပ်တစ်ခုလို ဖြစ်နေပေသည်။
 
မိမိတို့ရပ်ကွက်တွင် နွေမှာအရိပ်ရအောင် ဗာဒံပင်များ စိုက်ကြ၏။ ဗာဒံရွက်သည် နေ့စဉ်လိုလိုကြွေ၏။ ဘယ်အပေါ်မှာ အရိပ်ရသလောက် ကြွေကျသောအခါ ဗာဒံရွက်တို့သည် အလွန်တရာ အမှိုက်ရှုပ်၏။
 
ယခင်က ဗာဒံရွက်တို့ကို မီးရှို့ခွင့်ပေး၏။ မီးရှို့ပစ်ရသဖြင့် လွယ်ကူရှင်းလင်း၏။ ယခုအခါ ဘာကိုမှ မီးရှို့ခွင့်မပေးသဖြင့် အမှိုက်အရှုပ်ဆုံးသစ်ရွက်ကြွေတို့ထဲမှာ ဗာဒံရွက်သည် ထိပ်ဆုံးကနေရာယူ၏။ သူ့ကိုစုပြီး သွားပစ်ရသည်မှာ တနင့်တစ်ပိုးပင်။ မြေသြဇာရအောင် စုပုံထားသော်လည်း ဗာဒံရွက်မဆွေး၍ သစ်ပင်အောက်မှာ အမှိုက်ပုံကြီးဖြစ်နေ၏။
 
အဆိုးဆုံးမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်လာခြင်းပင်။ မိုးကျလာသည်နှင့် ခြင်တွေ က သွေးလွန်တုပ်ကွေးရောဂါပိုးတွေ သယ်ဆောင်လာ၏။ ထိုခြင်များက လူတွေကိုကိုက်၏။ လူတွေကိုယ်ထဲသို့ ရောဂါပိုးတို့ရောက်ကာ သွေးလွန်တုပ်ကွေးရောဂါရကြတော့၏။
 
 ရေနုတ်မြောင်းထဲမှာ အမှိုက်တို့ပိတ်ဆို့ စုပြုံရာက ရေနုတ်မြောင်း ပိတ်ဆို့လာ၏။ မိုးရွာလျှင် မိုးရေတို့မစီးနိုင်တော့ဘဲ ရေလျှံလာ၏။ အမှိုက်တို့ ပိတ်ဆို့နေသာ ရေနုတ်မြောင်းတို့ထဲက ခြင်ပေါင်းမြောက်မြားစွာကို ပေါက်ဖွားလာနိုင်စေရန် စီမံဆောင်ရွက်ပေး၏။  ယင်းခြင်တို့ကနေ၍ သွေးလွန်တုပ်ကွေးရောဂါရကာ ရောဂါဝေဒနာ ခံစားလာရ၏။ အမှိုက်ရှင်း၍ ရေနုတ်မြောင်း မှန်မှန်စီးပါက သွေးလွန်တုပ်ကွေးဖြစ်မည့် ခြင်တို့ မခိုအောင်းနိုင်တော့ဘဲ သန့်ရှင်းကျန်းမာစွာ နေထိုင်နိုင်တော့မည်ဖြစ်ပါကြောင်း စေတနာကောင်းနှင့် တင်ပြလိုက်ရပါသည်။