ဝါဆိုလမြတ် ကရကဋ်ရာသီ

ဝါဆိုလမြတ် ကရကဋ်ရာသီ
Published 27 June 2015
နီငြိမ်း

ဝါဆိုဝါခေါင်ရေဖောင်ဖောင် ရွာတောင် ကချောင်းရွာမြောက်ပေါင်းလေပြီ။ ရှစ်ခွင်ပတ်လုံး တိမ်သလ္လာဖုံးကာ ဂျိုးဂျိုးဂျိမ့်ဂျိမ့်နှင့် မိုးမိန့်သံပေးလျက်ရှိ၏။ (ဝါဆိုလပြောင်း၊ မိကျောင်းဖွေးဖွေး မိုးအေးအေး) ဟု ရှေးစာဆိုများ စာစပ်ခဲ့သည်။ မိကျောင်းမှာ ရေသတ္တဝါ မိကျောင်းကို ဆိုလိုခြင်းမဟုတ်။ မိကျောင်းပန်း၊ ဆူးရစ်ပန်းများကို ပြောလိုခြင်းဖြစ်၏။
 
(ကိုးခွင်ငယ်မှိုင်းပါလို့၊ မြင်တိုင်းမှာတဲ့ မဲလို့ညို၊ လဲ့လဲ့ငယ်ခို ယုဂန္ဓိုရ်တောင်မဟာက၊ ပြုဗ္ဗာသာဠ်ထွန်းတဲ့လကိုလေး။ ဆင်တာရာငယ် ရာသီကရကဋ်၊ နရိန္ဒာလည်း၊ ညာတောင်နတ်နှင့်၊ ဖိုလ်မြတ်ကယ်နိဗ္ဗူ၊ အောင်ဆုယူလို့ ရှစ်ဖြူရိပ်စံ၊ ပဉ္စင်းတော်ခံသောခါ၊ ရေလျှံတဲ့ ဝါဆိုမှာ၊ ပုန်းညက်ညိုမာလာမင်း၊ သင်းလှတယ်လေး)
 
မဟာအတုလမင်းကြီး
 
ဤလ ဤရာသီတွင် ပြုဗ္ဗာသာဠ်နက္ခတ်သည် စန်းနှင့်ယှဉ်၍ ထွန်းလင်းမြဲဖြစ်၏။ နွားကျောင်းသားများ ကိုင်စွဲသော တုတ်တောင်ဝှေးနှင့် တူတန်သဖြင့် အာသလောနာမ =အာသဠနက္ခတ်ဟု ခေါ်ဆိုရာမှ ပြုဗ္ဗာသာဠ်တွင် လာခဲ့သည်။ 
ဥတ္တရာသာဠ်၊ ပြုဗ္ဗာသာဠ်ဟု နှစ်မျိုးရှိရာ နှစ်လုံး နှစ်တွဲ လေးလုံးရှိကြောင်း  နက္ခတ်ကျမ်းများ၌ ဖတ်ခဲ့ရ၏။
 
ဝါဆိုလတွင် ဝါကပ်ကြပုံကို အတန်အသင့်ဖော်ပြဦးမည်။ ဝါဆိုလကို ရှေးက “နယ်တာလ” ဟုခေါ်ကြသည်။ စာဆိုတော်နဝဒေးကြီးက (လောကတစ်ခွင်၊ လတိုင်းပင်တည့် မမြင်စဖူး၊ အံ့ကာမူးမျှ တန်ခူးကဆုန်၊ နယုန်နွယ်တာ၊ နံကာပန်းလု၊ ရတုသစ်ဆင်း) ဟု စပ်ဆိုရေးခဲ့သည်။ နယ်တာလမှာ နွေတာပင်တည်း။
 
တဲတော်ရာ ကျောင်းရှေ့ကျောက်စာတွင် (ဘုရားမြတ်မွန်၊ နိဗ္ဗာန်လွန်ပြီး၊ သာသနာနှစ် ၁၉၄၅ နွေတာလဆန်း ၂ ရက် လေးဟူးနေ့-ဟုပါသည်။ သို့အတွက် ဝါဆိုလပင် နေတာလဟုပင် ယူရမည်။
 
ဝါကပ်ရခြင်း
 
ဝါကပ်ခြင်းမှာ မြတ်ဘုရား၏ ပညတ်ချက် ဝိနည်းပင်တည်း။ ဝါတွင်းခရီးသွားသဖြင့် လယ်ယာများပျက်သည်။ သို့အတွက် မြတ်စွာဘုရားက ရဟန်းများအား ကျောင်းပြင်မထွက်ဘဲ ကျောင်း၌နေထိုင်ရန် စည်းကမ်းသတ်မှတ်ခဲ့ပါသည်။ သင်္ဃာတော်များသည် ဝါဆိုဦးတွင် (ဣမသ္မိံ၊ ဝိဟာရေ.. ဣမံတေမာ သံ၊ ဝဿဥပေမိ) မိုးတွင်းကာလ ဤကျောင်း အာရာမ်အတွင်း၌ပင် ဝါဆိုဝါကပ်ပါမည်ဟု ဆိုလိုခြင်းပင်။
 
ဝါဆိုချိန်မှာ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့မှ ဝါကျွတ်ချိန်အထိ ဖြစ်၏။ ဝါဆိုမီလျှင် ပထမဝါ ပစ္ဆိမဝါကပ်ရန်မလို၊ မမီမှသာ ဒုတိယ ဝါပစ္ဆိမဝါကပ်ရလေသည်။ ဝါတွင်းသုံးလပတ်လုံး ရဟန်းများ ကျောင်းအာရာမ်အပြင်သို့ ထွက်သွားခွင့်မရှိ။ ညဉ့်အိပ်ညဉ့်နေ ကိစ္စရှိ၍သွားလိုလျှင် ဝါပန်၍သွားလာကြရ၏။ ကိစ္စဟူသည်ကား အလှူခံခြင်း၊ တရားဟောရန်ရှိခြင်း (ဒါနဉ္စဒါတု၊ ဓမ္မဉ္စသောတုံ) ဟူ သော ပါဠိအတိုင်းပင် အများဆုံး ခုနစ်ရက်သာ ဝါပန်၍ သွားလာခြင်းရှိသည်။
 
ဝါဆိုလ၏ ထူးခြားမြင့်မြတ်ပုံ
 
လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က အလောင်းတော်သေတကေတုနတ်သားသည် နတ်ဗြဟ္မာအပေါင်း၏ တောင်းပန်မှုကြောင့် မယ်တော်မာယာ၏ ဝမ်းကြာတိုက်၌ ကိန်းအောင်းသန္ဓေယူခဲ့သည်။ ၁၀ လကြာလျှင် သိဒ္ဓတ္ထမင်းသားကို ဖွားသည်။ ၁၆ နှစ် တာ ရွှေနန်းစည်းစိမ်ကို ခံယူပြီး သူအို၊ သူနာ၊ သူသေ၊ ရဟန်း နိမိတ်ကြီးလေးပါးမြင်ကာ တောထွက်သွားခဲ့သည်။ သို့အတွက် (ရွယ်မူနုဖြိုး နှစ်ဆယ့်ကိုးဝယ် လေးမျိုးနိမိတ် နတ်ပြဟိတ်ကြောင့် ရွှေစိတ်ငြင်ငြို သံဝေပိုကာ၊ ဝါဆိုလပြည့် ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်ဟု လယ်တီဆရာတော်က စပ်ဆိုထားခဲ့သည်။ (ဤကား သန္ဓေယူပုံ၊ တောထွက်ပုံတည်း)။
 
ထို့နောက် အလောင်းတော်ကြီးသည် ဒုက္ကရစရိယာ ခြောက်နှစ်တာကျင့်၍ ဘုရားအဖြစ် ရောက်ခဲ့ပါသည်။ မဟာသက္ကရာဇ် ၁၀၃ ခု ဝါဆိုလပြည့်နေ့တွင် မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦးကို တရားဦးဟောတော်မူခဲ့ပါသည်။ သို့အတွက် ထိုနေ့ကို ဓမ္မစကြာနေ့ဟု ယနေ့တိုင် ခေါ်ဝေါ်ခဲ့ကြလေသည်။
 
ထိုသို့ ဓမ္မစကြာတရားကို ဟောတော်မူပြီး ဝါဆိုလပြည့်ကျော် ၅ ရက်နေ့တွင် အနတ္တလက္ခဏသုတ်ကိုဟောရာ ပဉ္စဝဂ္ဂီငါးဦးလုံး ရဟန္တာများဖြစ်ကြကုန်သည်။
 
ပဉ္စင်းခံရသောအလေ့အထ
 
သင်္ကြန်တာကူး၊ နှစ်ဦးညောင်ရေ၊ စာပလွေခင်း ပဉ္စင်းတော်ခံ စာရေးတံနှင့်ဟူသော လင်္ကာအရဝါဆိုလတွင် ပဉ္စင်းခံပွဲများ လုပ်ကြရ၏။ ပဉ္စင်းဆိုသည်မှာ အင်္ဂါငါးပါးနှင့် ပြည့်စုံမှ ပဉ္စင်းအရာမြောက်သည်။
 
(၁) ရဟန်းလောင်း၏ အင်္ဂါများနှင့်ပြည့်စုံခြင်း၊ (၂) ဉတ်၏အင်္ဂါနှင့်ပြည့်စုံခြင်း၊ (၃) ကမ္မဝါစာ၏အင်္ဂါနှင့်ပြည့်စုံခြင်း၊ (၄) သိမ်၏ အင်္ဂါနှင့်ပြည့်စုံခြင်း၊ (၅) ပရိသတ်အင်္ဂါနှင့် ပြည့်စုံခြင်း စသည်တို့ပင်တည်း။
 
သို့အတွက် ရှင်မဟာရဋ္ဌသာရက (ဝါဆိုမိုးလရောက်လေကလျှင် တုပဆင်ယင်၊ မြတ်ဆံရှင်ဝယ်၊ သဘင်ပွဲကြီး၊ စာဖြည်းဖြည်းတည့်)ဟု စပ်ဆိုထားခဲ့ခြင်းဖြစ်သည်။ သို့အတွက် ကျွနု်ပ်တို့ သူတော်စင်များသည် ဝါဆိုလအခါတွင် ဒါန၊ သီလ၊ ဘာဝနာတရားများကို ကြိုးစားအားထုတ်ကာ၊ နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ပါစေဟု ဆုတောင်းရပါသည်။