တိုင်းပြည်ကျက်သရေ

တိုင်းပြည်ကျက်သရေ
Published 26 June 2015
ဘစံကောက်

လောကပြင်ကျယ်တည်းဟူသော ကျောင်းကြီး၌ ကျွနု်ပ်တို့သည် ပုခက်တွင်းမှ မြေကြီးထဲသို့ ရောက်သည်အထိ ပညာသင်သားများဖြစ်၍ နေကြလေသည်။
 
ဗိုလ်ချုပ်အောင်ဆန်း
 
ဒီလ ဇွန် ၁ ရက်ကစပြီး ကျောင်းတွေ ပြန်ဖွင့်တော့ ကိုယ့်ရပ်ကွက်ထဲက ကလေးလေးတွေ မနက်မနက်ဆို လုံချည်စိမ်းနဲ့ အင်္ကျီဖြူလေးတွေဝတ်ပြီး ကျောင်းသွားနေကြတာမြင်တော့ သိပ်ပြီးကျက်သရေရှိတာပဲ။
 
ကျွန်တော်တို့ငယ်ငယ် အထက်တန်းအဆင့်လား အလယ်တန်းအဆင့်မှာလား ကောင်းကောင်းတော့ မမှတ်မိတော့ဘူး။ အဲဒီမှာ ဆရာသိပ္ပံမောင်ဝရဲ့ “ရွာ့ကျက်သရေ”ဆိုတဲ့ ဆောင်းပါးလေးတစ်ပုဒ် သင်ခဲ့ရဘူးတယ်။ ခုခေတ် ကိုယ်တို့အရွယ် လူကြီးတွေလည်း မှတ်မိကြဦးမယ် ထင်ပါတယ်။ ဆရာက “ရွာ့ကျက်သရေ” ကို ဘယ်လိုဟာမျိုးနဲ့ ပုံပြပြီး ခိုင်းနှိုင်းတယ်မှတ်သလဲ။ ဒီခေတ်လို ရွာလည်က စတိုးဆိုင်ကြီးတွေ မြို့လယ်ကောင်က စူပါမားကတ်ကြီးတွေကိုများ “ရွာ့ကျက်သရေ” လို့ ထင်သလား ဝေးသားပဲ။ ဒါဖြင့် နှစ်ထပ်တိုက်ကြီး ဟည်းနေအောင်ဆောက်ပြီး အိမ်ရှေ့မှာ ဇိမ်ခံကားကြီးရပ်ထားတဲ့ သူဌေးကြီးရဲ့ကြီးပွားချမ်းသာနေမှုကိုရော ကျက်သရေလို့ ထင်သလား မဟုတ်ဘူး။ မှားသွားလိမ့်မယ်။ ကဲ နားထောင်ကြည့်စမ်းပါဦး။
 
“ကကြီးရေက ကကြီးရေးချာကာ ကကြီး ရေးချဝစ္စနှစ်လုံးပေါက်ကား” မနက်စောစော ကလေးငယ်တစ်စု နားကွဲလုမတတ် သံပြိုင်အော်လိုက်တဲ့အသံကို ကြားဖူးကြမယ်ထင်ပါရဲ့။ ဘယ်နေရာကများ ဒီအသံတွေထွက်လာသလဲ လိုက်ပြီးစေ့ငုကြည့်လိုက်စမ်းပါဦး။ သြော ဆရာစောရဲ့ကျောင်းကကိုး။ ဆရာစော ကျောင်းဆိုလို့လည်း အထင်မကြီးလိုက်ပါနဲ့ဦး ဘယ်အစိုးရမင်းရဲ့မှ အထောက်အပံ့ကိုမယူ ဘယ်သူ့ရဲ့အရိပ်အာဝါသကိုမှ မခိုလှုံဘဲ  ဆရာစောကိုယ်တိုင် ကြီးကြပ်ဖွင့်လှစ်ထားတဲ့ ပရိုက်ဗိတ်ကျောင်းလို့ပဲဆိုပါတော့။
 
ကျောင်းဝင်ကြေးကရောတဲ့ အဲသည်ခေတ်နဲ့ပဲကြည့်ကြည့် ဒီခေတ်အနေနဲ့ပဲ ကြည့်ကြည့် မများလှပါဘူး။ ဆန်တစ်ပြည် ငွေတစ်မတ်ပါပဲ။ ကျောင်းဝင်ကြေးမများသလို ကျောင်းအပ်ရေးအတွက် ဘယ်အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံစာမှလည်း မလိုပါဘူး။ အသက်ပြည့် မပြည့် သိရအောင် ခေါင်းကိုကျော်ပြီး နားရွက်ကိုထိအောင် ဆွဲပြစရာလည်းမလိုပါဘူး။ ဟုတ်ပ၊ ပညာသင်တာပဲ ဘာရေးကြီးခွင်ကျယ်လုပ်ပြီး ထောက်ခံစာတွေပြနေရဦးမှာလည်း ဆရာစောကျောင်းက ဒါလောက်ကို လွယ်ပါတယ်။ ဒါ့ဖြင့် သူ့ကျောင်းမှာ အရွယ်စုံကျောင်းသားတွေနဲ့ ပြည့်နေတော့မှာပေါ့ ဟုတ်ပ နှပ်ချေးတွဲလောင်းနဲ့ သူငယ်နှပ်စား ကလေးတွေမှအများကြီး။ သင်ရိုးညွှန်းတမ်းကရော ဘယ်လိုလဲ ဆရာ.ဆရာမအင်အားကရော လုံလောက်ရဲ့လား။ ဒါလည်း ပူစရာမလိုဘူး။ ဆရာစော သင်ချင်ရာ သင်တာပဲ၊ သူ့ကျောင်းမှာ အချိန်ပြောင်းခေါင်းလောင်း ထိုးစရာလည်း မလိုဘူး။ သင်္ချာဆရာမကလေး မွေးနေ့လို့တို့၊ မြန်မာစာဆရာမ စင်ကာပူကို ရှော့ပင်းထွက်နေလို့ဆိုပြီး အတန်းအားနေတာမျိုးလည်း မရှိဘူး။ အချိန်ပြည့် ခေါင်းရင်းမှာထိုင်ပြီး လာသမျှလူနဲ့ တွဲရေး၊ ခွဲရေးအကြောင်း ဆွေးနွေးနေပေမယ်လို့ သူနားထဲ စာအသံ လျှော့သွားတယ်ထင်တာနဲ့ လက်ထဲမှာ ကိုင်ထားတဲ့ ကြိမ်လုံးနဲ့ ကြမ်းပြင်ကို ဖြန်းကနဲ ရိုက်လိုက်ရင် တမ်ပိုပြန်မြင့်လာတာပဲ။
 
ဆရာစောက သူ့ကျောင်းသားတွေကို သဘာဝပတ်ဝန်းကျင်နဲ့ကင်းကွာပြီး စာသင်ခန်းထဲမှာချည်း အချိန်ကုန်နေတာမျိုးလည်း မလိုလားဘူးထင်ပါရဲ့။ ကြည့်လေ ဆရာစော ဧည့်သည်နဲ့ စကားကောင်းနေတုန်း ကျောင်းပတ်ဝန်းကျင်မှာရှိတဲ့ ပုစွန်လုံးကျင်းကိုနှိုက်တဲ့ ကလေးက နှိုက်၊ သစ်ရွက်ခူးပြီး ဆော့တဲ့ ကလေးကဆော့နဲ့ တယ်ပျော်ဖို့ကောင်း။ ဒီခေတ်ကလေးတွေများမြင်ရင် အားကျမှာပဲ။ အောင်မယ် ဒီခေတ်မှာတင် ကျောင်းပြေးတဲ့ ကလေးရှိမထင်နဲ့၊ ဆရာစောကျောင်းမှာလည်း ရှိတာပဲ။ ဒီကလေးမျိုးကို ဘယ်နှယ့်ဆုံးမတယ်ထင်သလဲ။ ကျောင်းအုပ်ကြီးရုံးခန်းကိုခေါ် မိဘတွေကိုအကြောင်းကြားပြီး ကလေးကို စိတ်အားငယ်အောင်များ လုပ်မယ်လို့တွေးရင် မှားလိမ့်မယ်။ လာစမ်းဆိုပြီး ခေါင်းကိုနှိမ် လက်သုံးတော် ထားဝယ်ကြိမ်နဲ့ တင်ပါးမှာအရှိုးရာထင်အောင် ရိုက်တာပဲ။ ဒီလိုရိုက်လို့ ဘယ်မိဘကမှ ကျောင်းကိုလာပြီး ရန်တွေ့တယ်လည်း မရှိဘူး။ ဘယ်ကျောင်းသားကမှ ဆရာကို ခဲနဲ့ခြောင်း မပေါက်ဘူး။ အင်မတန် မီးသေတယ်။ မြန်မာတွေ ဒီနည်းနဲ့ စာသင်ပြီးတော့ပဲ ဗိုလ်ချုပ်အောင်ဆန်းတို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်တို့ကို မွေးထုတ်လာခဲ့တာပဲ မဟုတ်လား။ 
 
ဆရာစောကတင် ဒီကလေးတွေရဲ့ ပညာရေးကို တာဝန်ယူပြီး သင်ကြားပေးနေတာတော့ မဟုတ်ဘူး။ ဆရာကတော်ကလည်း တစ်ဖက်တစ်လမ်းက ဝိုင်းကူပြီး သင်ပေးနေတာလည်း တွေ့ရတယ်။ သူကတော့ ကျောင်းသူတွေကို သင်တာပေါ့လေ။ လာစမ်းဆိုပြီး မီးဖိုချောင်ထဲကိုခေါ် မန်ကျည်းရွက် ချဉ်ပေါင်ရွက် သင်ခိုင်းတယ်။ ငရုတ်သီး ကြက်သွန် ထောင်းခိုင်းတယ်။ ဒါလည်း အိမ်တွင်းမှုလက်တွေ့သင်တန်းပေးတယ်လို့ဆိုရင် မှားမယ် မထင်ဘူး။ မြန်မာလူမျိုးတွေရဲ့ မိသားစုဘဝမှာ အမျိုးသမီးတွေဆိုတာ အိမ်ထောင်ထိန်းသိမ်းမှုကို နိုင်နင်းကျွမ်းကျင်တာဟာ ပဓာနပဲ၊ မီးဖိုချောင်ကို အိမ်အကူနဲ့လွှတ်ထား၊ သားသမီးတွေကို ကလေးထိန်းလက်ထဲမှာ အပ်ထားပြီး တစ်နေကုန်လင်ရောမယားပါ စီးပွားရေးအတွက် အပြင်မှာထွက်ပြီး ရှာဖွေနေတယ်ဆိုတာ မိသားစုအရေးကိစ္စတွေ အကုန်လစ်ဟင်းတဲ့အပြင် မိဘနဲ့သားသမီးရင်းနှီးကျွမ်းဝင်မှုကိုလည်း လျော့ပါးစေတာပဲ။ ဒီတော့ ဘာဖြစ်လဲ ကလေးတွေက မူးယစ်ဆေးတွေသုံး ကော်တွေရူ မိဘကဆုံးမမယ်ဆိုတော့လဲ နဂိုကတည်းကမှ မိဘမေတ္တာနဲ့ အုပ်ထိန်းပြီး သြဇာထူထောင်လာတာ မဟုတ်တော့ “မာမီ က ပေါ်ကာဝိုင်းမှာ တစ်နေကုန်နေပြီး ခုမှ သားကိုလာပြီး ဆုံးမ မနေပါနဲ့” ဆိုတာမျိုး “ဒယ်ဒီလည်း ညဉ့်နက်သန်းခေါင်သွားချင်ရာ သွားနေပြီး ခုမှသားကို လာမချုပ်ချယ်ပါနဲ့” ဆိုတဲ့ အပြောမျိုးနဲ့ မိဘသြဇာကို မနာခံကြတော့တာ လက်တွေ့ပဲ။
 
ဒီလိုပြောလို့ ဆရာစောရဲ့စာသင်ကျောင်းက ကောင်းတယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ပညာသင်ကြားတယ်ဆိုတာ စာတတ်ဖို့အပြင် လိမ္မာရေးခြားရှိဖို့၊ ပေါင်းသင်းဆက်ဆံရေးတတ်ဖို့၊ စိတ်ကောင်းရှိဖို့ အမှန်တရားကို ချစ်မြတ်နိုးပြီး မတရားမှုတွေကို မပြုမိအောင် ကိုယ်တိုင်ကလည်း မကောင်းမှုကို ရွံ့မုန်းတတ်ရမယ်။ မကောင်းမှုပြုသူကို တွေ့ရင်လည်း ရွေးချယ်ပေါင်းသင်းတတ်ရမယ်ဆိုတဲ့ အချက်ကလေးတွေက ဒီလိုကျောင်းမျိုးတွေမှာ အရင်ကတော့ တွေ့ရတတ်ပါတယ်။ ဒါလေးတွေကို သဘောကျတာပါ။
 
ဒါလည်း ရမ်းပြောတာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ငယ်စဉ် ဘုန်းကြီးကျောင်းတွေ မှာ စာသင်တော့ “အသေဝနာစ ဗာကနံ ပဏ္ဍိတာနဉ္စ သေဝနာ” ဆိုတဲ့ မင်္ဂလသုတ်ကို သင်ရတယ်။ ဆယ်စောင်တွဲဆိုပါတော့ ဒါဘုရားရှင်က အိမ်ရာတည်ထောင် လူတို့ဘောင်မှာ  ကျင်လည်ကြတဲ့ လူသာမန်တို့ကို မင်္ဂလာတရားနဲ့ပြည့်စုံအောင် ဘယ်လိုကျင့်ကြံပြုမူ နေထိုင်ရမယ်ဆိုတာ သင်ကြားပေးခဲ့တာပဲ ဒီကနေ့အထိ ကိုရင်ငယ်ကလေးကအစ ဗုဒ္ဓတက္ကသိုလ်မှာ ပညာသင်ယူနေကြတဲ့ ပဉ္စင်းပျိုတွေအထိ သင်နေရတုန်းဆိုတော့ ကျွန်တော်တို့ အစိုးရပညာသင်ကျောင်းတွေမှာသာ တော်ကြာပြောင်းပြန်ပြီ သင်ရိုးညွှန်းတမ်းကတော့ ဒါပဲ အသေအချာလေ့လာကြည့်တော့ စာတော့တတ်ပါရဲ့ လူငယ်တွေက ယဉ်ကျေးမှုနဲ့ကင်းကွာပြီး ရတနာသုံးပါးအပေါ်မှာ ကြည်ညိုမှု အားနည်းလာတယ်။ မိဘဆရာသမားအပေါ်မှာ လေးစားအားထားမှု လျော့ကျလာတယ်။ ကဲ ဘယ်ဟာက တိုးတက်ပြီး ဘယ်ဟာက ဆုတ်ယုတ်သွားသလဲဆိုတာ တွေးကြည့်ရင် သိနိုင်မှာပဲ။
 
ပြောချင်တာက လူငယ်ဆိုတာ နောင်တစ်နေ့ လူကြီးတွေဖြစ်လာပြီး တိုင်းပြည်တာ ဝန်ယူကြမယ့်သူတွေ သူတို့တွေကောင်းမှ တိုင်းပြည်လည်း ကောင်းမှာအမှန်ပဲ။ ဒါ ကြောင့်  ဒီကနေ့ စာသင်ကျောင်းတွေမှာ ပညာသင်ဖို့သွားနေကြတဲ့ ကလေးတွေကို မြင်ရင် ကျွန်တော့်စိတ်ထဲ တကယ်ကြည်နူးမိတယ်။ သူတို့လေးတွေ လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်နေရတာ လမ်းတကာလှည့်ပြီး ဈေးရောင်းနေတာ မြင်ရရင် တကယ်စိတ်မကောင်းဘူး။ သူတို့တွေ စာတွေအများကြီးသင်ရမယ်။ တရားမှု မတရားမှုကို လက်တွေ့ သိမြင်ခွဲခြားတတ်မယ်ဆိုရင် သူတို့တာဝန်ယူတဲ့အချိန်မှာ ကျွန်တော်တို့ တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်ပြီး အေးချမ်းသာယာနေမှာ အမှန်ပဲ။
 
ဒါလေးကိုတွေးမိတော့ ဆရာသိပ္ပံမောင်ဝရဲ့ “ရွာကျက်သရေ” ဆိုတာ ဒါပါလားလို့ စိတ်ထဲ တကယ်ပဲ သဘောကျမိတယ်။ လူ့လောကမှာ ကျက်သရေလို့တင်စားကြတဲ့အရာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ပညာသင်ကြားရမယ့်အရွယ်မှာ ပညာသင်ကြားနေတဲ့ လူငယ်တွေကိုမြင်ရတာ သူတို့တွေ စုပေါင်းပြီး ရွတ်ဆိုနေတဲ့ စာအံသံကိုကြားရတာလောက် ကျက်သရေရှိတာတော့ဖြင့် မတွေ့ဖူးတာ အမှန်ပါပဲ။