ဗဟိုဦးစီးစနစ် မစွန့်လွှတ်နိုင်သမျှ မည်သည့်လုပ်ငန်းလုပ်လုပ် မအောင်မြင်နိုင်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဆွေးနွေး

ဗဟိုဦးစီးစနစ် မစွန့်လွှတ်နိုင်သမျှ မည်သည့်လုပ်ငန်းလုပ်လုပ် မအောင်မြင်နိုင်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဆွေးနွေး
Published 21 February 2018

ဗဟိုဦးစီးစနစ် မစွန့်လွှတ်နိုင်သမျှ မည်သည့်လုပ်ငန်းလုပ်လုပ် မအောင်မြင်နိုင်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖေချစ်က ဆွေးနွေးသည်။

ဖေဖော်ဝါရီ ၁၉ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁) မှ ဒေါ်ထုမေ တင်သွင်းထားသည့် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု One Village One Product (OVOP) ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မဟာဗျူဟာ အစီအစဉ်ကို ဆင်းရဲသော ပြည်နယ်နှင့် တိုင်းဒေသကြီးများအား ဦးစားပေးလျက် သက်ဆိုင်ရာ ဝန်ကြီးဌာနများတွင် ဘဏ္ဍာငွေတစ်ရပ် ထည့်သွင်းရေးဆွဲကာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် အဆိုအား ဆွေးနွေးစဉ် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၉) မှ ဦးဖေချစ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖေချစ်က “လက်ရှိဆောင်ရွက်နေသည့် အသေးစား၊ အလတ်စား စီမံကိန်းကို ကြည့်ပါက ဘယ်လောက်အောင်မြင်သလဲဆိုတာ တွေ့နိုင်ပါတယ်။ ဗဟိုဦးစီးစနစ် မစွန့်လွှတ်နိုင်သမျှ ဘာလုပ်ငန်းလုပ်လုပ် မအောင်မြင်နိုင်ပါ။ စုပေါင်းသုံး အာမခံစနစ်လည်း ဖြစ်နိုင်ခြေ နည်းပါတယ်။ သမဝါယမစနစ်နဲ့ ဆောင်ရွက်တာ ဘယ်လောက်အောင်မြင်တယ်ဆိုတာ အားလုံးအသိပါ။ ကမ္ဘာ့ဘဏ်က ချေးထားတဲ့ ဒေါ်လာငွေတွေ အတိုးပဲ သတ်နေရပါတယ်။ အသေးစားနဲ့ အလတ်စား လုပ်ငန်းအတွက် ချေးငွေပေးအပ်ရာမှာ တန်ဖိုးသင့် အပေါင်ပစ္စည်း မပေးနိုင်ရင် ကျပ်သိန်း ၁၀၀ အောက် ငွေပမာဏပဲ ချေးခွင့်ရှိပါတယ်။ ဂျပန်ချေးငွေက ၀ ဒသမ ၀၁ ဆိုတော့ အတိုးမဲ့နီးပါးပါပဲ။ ထိုင်းနိုင်ငံက ရွာဆိုရင် ထုတ်ကုန်တစ်မျိုးတည်းကို Specialize လုပ်ကာ ထုတ်လုပ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင် စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်တို့၊ သမဝါယမဘဏ်တို့ကတစ်ဆင့် မတည်ရင်းနှီးငွေ ချေးပေးတဲ့ အတိုးများများ စနစ်အစား အလွန်သက်သာပြီး တွက်ခြေကိုက်မယ့် အတိုးငွေနဲ့ တစ်ရွာထုတ်ကုန်တစ်မျိုး စနစ်ကို စနစ်တကျ အကောင်အထည် ဖော်စေချင်ပါတယ်။ ရေထွက်ကုန်ဆိုရင် တနင်္သာရီတို့၊ ဧရာဝတီတိုင်းဒေသကြီးတို့က ထုတ်လုပ်၊ ကျောက်မျက်ဆိုရင် သက်ဆိုင်ရာ ပြည်နယ်ဒေသတွေက ထုတ်လုပ်ပြီး ကုန်ချောအဆင့်ကို နည်းပညာမြှင့်တင်ပြီး ထုတ်လုပ်သင့်ပါတယ်။ သူ့ဒေသနဲ့သူ တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်ဖို့ဆိုတာ ရင်းနှီးမတည်ငွေ လိုအပ်ပါတယ်။ ကုန်ကြမ်းက အလျှံပယ် ရှိနေပါတယ်။ အစိုးရလခစား အလုပ်မျိုးမဟုတ်ဘဲ        ကိုယ့်ကျွမ်းကျင်ရာ အသက်မွေးဝမ်းကျောင်းပညာ အနေနဲ့ အကျိုးရှိရှိ ထုတ်လုပ်မယ်ဆိုရင် ငွေအား၊ ကာယအား၊ ဉာဏအားတွေနဲ့ အခြားနိုင်ငံတွေလို ပေါင်းစပ်ဆောင်ရွက်တတ်ဖို့ လိုပါတယ်။ ပြည်ထောင်စု အစိုးရ ဘတ်ဂျက်တစ်ခုတည်းနဲ့ ဌာနဆိုင်ရာကနေ ငွေချေးပေးတဲ့ စနစ်အစား ကိုယ်ထူကိုယ်ထ စနစ်နဲ့လည်း ဆောင်ရွက်သင့်ပါတယ်” ဟု ဆွေးနွေးသည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၉) မှ ဦးဖေချစ်က “ဒီစီမံကိန်းမျိုးကို ၁၉၅၀ ကျော်ကာလမှာတုန်းက အစီအစဉ်ချ လုပ်ခဲ့ဖူးပါတယ်။ ၁၉၆၀ ကျော်ကာလမှာလည်း အစ္စရေးပညာရှင်တွေနဲ့ လုပ်ခဲ့ဖူးတယ်လို့ သိရပါတယ်။ ဒေသထွက်ကုန် သုံးမျိုးလေးမျိုး လုပ်ခဲ့ဖူးပါတယ်။ ပြည်နယ်တွေမှာလည်း အစေ့ထုတ်ပြောင်း၊ ဆန်၊ သစ်တောစတဲ့ သီးနှံတွေ လုပ်ခဲ့ဖူးပါတယ်။ ဆန်နဲ့ပြောင်းကို အစ္စရေးနိုင်ငံက အကုန်ယူပါတယ်။ အဓိက ဆွေးနွေးချင်တာက မူကောင်းပေမဲ့ လူမကောင်းဘူးဆိုတဲ့ အိုင်ဒီရော်လော်ဂျီပါ။ အစ္စရေးတွေရဲ့စနစ်က ဂျပန်နိုင်ငံရဲ့ စနစ်အတိုင်းပါပဲ။ အစိုးရအမှုထမ်း၊ အရာထမ်း မဟုတ်တဲ့ လယ်သမား၊ ယာသမားစစ်စစ်က ကမကထပြု ဦးဆောင်ပြီး အစိုးရဌာန သို့မဟုတ် ဝန်ကြီးဌာနရဲ့ အောက်ခြေအထိ ထဲထဲဝင်ဝင် မဆောင်ရွက်ဘဲ ပေါ်လစီအတိုင်း Stand လုပ်မယ်။ မူဝါဒအတိုင်း မတိမ်းစောင်းသွားအောင် အကြံပေးမယ် ဆိုတာပါပဲ။ ကျွန်တော်တို့နိုင်ငံ အစိုးရများ အဆက်ဆက် လုပ်ခဲ့ပုံက နိုင်ငံတကာ၊ ပြည်ပချေးငွေ သို့မဟုတ် ပြည်ထောင်စုအစိုးရရဲ့ ငွေလုံးငွေရင်းသုံးမယ့် ဘတ်ဂျက်ကျပြီဆိုတာနဲ့ အထွေထွေ အုပ်ချုပ်ရေးအဆင့်ဆင့်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေး ငွေသားထုတ်ပေးလိုက်ပြီးတော့ ချေးငွေအတိုးပေးဖို့ သတ်မှတ်ရာမှာ အတိုးပွဲခ သတ်မှတ်တာက အကျိုးအမြတ်ရဲ့ ရာခိုင်နှုန်း ၅၀ လောက် ဖြစ်နေပါတယ်။ သဘာဝဘေးအန္တရာယ် ကြုံတွေ့တဲ့အခါ သစ်သီးဝလံတွေ ပျက်စီးကုန်တာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် အရှုံးပေါ် အရှုံးဆင့်ပြီး လူလုံးမလှ ဖြစ်ခဲ့ပါတယ်” ဟု ဆက်လက်ဆွေးနွေးသည်။

ထို့ပြင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀) မှ ဒေါက်တာကျော်ငွေက ထုတ်ကုန်ဆိုသည်မှာ နေ့စဉ်အသုံးပြုနေရသည့် ပစ္စည်းများကို ထုတ်လုပ်ခြင်းကိုခေါ်ကြောင်း၊ တစ်နိုင်ငံလုံးမှာရှိသည့် ကျေးရွာပေါင်း ခြောက်သောင်းကျော်က တစ်နိုင်တစ်ပိုင် ထုတ်ကုန်များကို ယခင်ကတည်းက ထုတ်လုပ်ခဲ့ကြောင်း၊ ယခုလည်း ထုတ်လုပ်နေကြောင်း၊ ယခုခေတ်မှာလည်း နာမည်ရနေသည့် ဒေသထွက်ကုန် အများကြီးရှိကြောင်း၊ ခေတ်ကာလအရ မရပ်တည်နိုင်တော့သည့် ထုတ်ကုန်လုပ်ငန်းတွေလည်း ရှိနိုင်ကြောင်း၊ မော်လမြိုင်က ကျောက်သင်ပုန်းလုပ်ငန်း၊ အင်းဝက မြေသပိတ်လုပ်ငန်း၊ ပုသိမ်က ပုသိမ်ထီးလုပ်ငန်း စသည်တို့ ဖြစ်ပါကြောင်း၊ ဒေသအလိုက် လုပ်ငန်းများကို နိုင်ငံတော်ကလည်း ငြိမ်းချမ်းရေးနှင့်တွဲပြီး အားပေးမှုများ လုပ်နေကြောင်း၊ ကျေးရွာများတွင် လျှပ်စစ်၊ လမ်းများ ကောင်းမွန်အောင် လုပ်နေသကဲ့သို့ မြစိမ်းရောင် စီမံကိန်းဖြင့်လည်း ဆောင်ရွက်နေကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျေးရွာတစ်ရွာကို ကျပ်သိန်း ၁၀၀ ဖြင့် ကျေးရွာပေါင်း ၁၀၀ ကိုလည်း နိုင်ငံတော်က လုပ်ပေးနေကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနကလည်း ကျေးရွာချင်းဆက်လမ်း စသည်ဖြင့် ဆောင်ရွက်ပေးနေကြောင်း၊ အသေးစား၊ အလတ်စား လုပ်ငန်းများကိုလည်း ကျေးရွာများတွင် နိုင်ငံတော်က ဆောင်ရွက်ပေးနေကြောင်း၊ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးဖြင့် ဆောင်ရွက်ပါက ကျေးရွာပေါင်း ခြောက်သောင်းကျော်က လူဦးရေ  ၃၇ သန်းကျော်သည် အလုပ်အကိုင် အခွင့်အလမ်းများ ရလာကြမည်ဖြစ်ကြောင်း ဆွေးနွေးသည်။