ဂုဏ်ယူချင်ကြမှာပါ

ဂုဏ်ယူချင်ကြမှာပါ
Published 24 June 2015
ရဲထွတ်နီ

ကျွန်တော်တို့သည် ဂုဏ်ယူချင်ကြပါသည်။ ဂုဏ်ရှိချင်ကြပါသည်။
ဂုဏ်ရှိတာကောင်းသည်။ ဂုဏ်မရှိတာ မကောင်းဟု ထင်မြင်ကြသည်။ ‘ဂုဏ်’ ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်နှင့် ဆီလျော်ချင် လျော် မလျော်ချင်နေ ဂုဏ်အမျိုးမျိုးရှိသည်ဟု သုံးနှုန်းနေကြပါသည်။
‘ဂုဏ်..ဂုဏ်..ဂုဏ်၊ ဂုဏ်ဆိုတာငွေကို ခေါ်တယ်’
ခေတ်စားဖူးသည့် သီချင်းထဲတွင် ဤသို့ဖွင့်ဆိုတာရှိသည်။ ကျွန်တော်တို့သည် ဆွေဂုဏ်၊ မျိုးဂုဏ်၊ ပညာဂုဏ်၊ ရာထူးဂုဏ်၊ ဓနဂုဏ်၊ ရုပ်အဆင်းအင်္ဂါဂုဏ်ဟု ပြောဆိုနေကြသဖြင့် ငွေဂုဏ်လည်းပါပါသည်။ ဤဖွင့်ဆိုချက်သည်လည်း မမှားဟု ဆိုနိုင်ပါသည်။ သို့သော် ထိုသီချင်းထဲ ဆက်ဆိုထားသည်က ငွေကိုဂုဏ်အစစ် အနေဖြင့်မဟုတ်။ ငွေသာ ပါလာပါစေ ဘာမဆိုဖြစ်သည်ဆိုသော ငွေမက်လွန်းသည့် လူတွေနှင့် ငွေမက်သောအချစ်ကို ထေ့ငေါ့ရှုတ်ချ ထားခြင်းဖြစ်သည်။ တစ်ဖက်က ငွေကိုသာမက်လှတော့ တစ်ဖက်က နှာခေါင်းရှုံ့လိုက်ခြင်း ဖြစ်ပါသည်။
လူမှာသာငွေမရှိရင် လင်ယူမိတာနာတယ် ထင်သူတွေရှိသည်။ ယောက္ခမအိမ်တက် သမက်မှာ မျက်နှာငယ်ဟု ဆိုသဖြင့် ငွေလင် ငွေမယားတွေ ယူကြသည်။ ငွေရှိလျှင်တော့ ယောက္ခမက မျက်နှာချို ဇနီးမယားကလည်း စေတနာပိုပါသတဲ့။ ငါသူတစ်ပါး ယောက်ျားမိန်းမဖြစ်ကြတဲ့ လူတွေနဲ့လောက ကြီးဗျာ။ ဟုတ်သလောက်လည်း ရှိခဲ့ကြမှာမို့ ဆိုခဲ့ကြတာနေမှာပါ။ ‘ငွေကိုသာရေလိုသုံးရင် တစ်ပြည်လုံးမှာ လုပ်သမျှတင့်တယ်’ သတဲ့။ ယခုကာလမှာရော ဒီလိုမျိုးပဲလား၊ ဒါထက်တောင်မကလို့ ဆိုနိုင်ဦးမှာလားဗျာ။
ငွေရှိ၍ ငွေဂုဏ်ရှိသလောက် လူ့ဂုဏ်မပျက်ယွင်းသော လူသူတော်ကောင်းများလည်း ရှိကြပါသည်။ ဘိုးဘွားမိဘ လက်ထက်ကတည်းက ငွေကြေးရှိလာကြသူ...၊ ကောင်းရောင်းကောင်းဝယ် သမ္မာအာဇီဝဖြင့် အသက်မွေး စီးပွားရှာရင်း ကြွယ်ဝလာသူ။ သူတို့၏ ဇာတိ (သို့မဟုတ်) နေထိုင်ရာတွင် စိတ်ရင်းစေတနာ သဒ္ဓါဖြင့် ပေးကမ်းထောက်ပံ့လှူဒါန်းမှု ပြုကြသူများဖြစ်သည်။ မေတ္တာကရုဏာဖြင့် ရပ်မှာရွာမှာ လူမှုဘ၀ မြှင့်တင်ပေးကြသူများ ဖြစ်သည်။ သူတို့က ပကာသနမဖက်၊ ထင်ပေါ်ကျော်ကြားပြီး ပလွှားချင်၍မဟုတ်၊ အာဏာနှင့်ရာထူး ရှိသူတို့ကို ကိုယ်လိုချင်သည့် အခွင့်အလမ်းမျှော်ပြီး လိုရာအကြိုက်ဆောင်ကာ လှူဒါန်းသူများ မဟုတ်ကြ။ လူအများက ဆင်းရဲချို့တဲ့နေကြပြီး ကိုယ်တစ်ကိုယ်တည်း ချမ်းသာကောင်းစားနေလျှင် လူမဟုတ်သေးဟု ခံယူကြသူများ ဖြစ်ကြသည်။ ထိုသူတို့၏ ငွေဂုဏ်သည် ဂုဏ်ကောင်းဖြစ်ပြီး ထိုသူတို့ရှိရာ ရပ်ရွာသည် ဂုဏ်ရှိရာ ဖြစ်ပါသည်။ သူတို့ကောင်းကျိုးပြုသည်ကို ခံယူရ သူတို့ကောင်းမှုကို သာဓုခေါ် မုဒိတာပွားကြရတော့ စိတ်ကောင်းနှလုံးကောင်း ရှိကြသည့် ဂုဏ်ကို အတူတကွ ရကြပါသည်။ ရကြပါစေ၊ ဂုဏ်ရှိသူတို့ကို ဂုဏ်ယူကြလျှင် ယူသူတို့မှာလည်း ဂုဏ်ရှိကြပြန်ပါသည်။ ရှိကြပါစေ။
‘ဂုဏ်’ ဆိုသည်မှာ ‘ဂုဏ’ ဟူသော ပါဠိ စကားမှလာသည်။ မြန်မာအဘိဓာန်တွင် အဓိပ္ပာယ်နှစ်ခု ဖွင့်ဆိုထားသည်။ တစ်ခုက သက်ရှိသက်မဲ့တို့၏ အရည်အချင်း၊ အစွမ်းသတ္တိဟု ဆိုသည်။ နောက်တစ်ခုက စာပေအရေးအသား အစီအကုံး၌ ကောင်းမြတ်သော အရည်အချင်းဟု ဖွင့်ထားပါသည်။ အခြားစကားလုံးများနှင့် တွဲသုံးသည့် ကြိယာ၊ နာမ်၊ ကြိယာဝိသေသန၊ နာမဝိသေသနများ ရှိသေးသည်။ လူတွင်ဂုဏ်ရှိတာ၊ ဂုဏ်ကောင်းရှိတာ ကောင်းသော်လည်း ‘ဂုဏ်မောက်သည်’ ဆိုပြန်တာ့ မကောင်းပြန်တော့ပေ။ ‘နင့်ရုပ်ကိုလည်း နင်ပြန်ကြည့်ပါဦး၊ အမဲရိုးနှယ်ဟင်း အိုးမှအားမနာ ရာရာသသ’ ဟုစကားကိုဆို လိုက်သူသည် ဂုဏ်တစ်ခုခု မောက်နေပေပြီ။ စကားတစ်ခွန်း ရှိသေးသည်။ ‘‘ခင်ဗျားတို့ ကျုပ်ကိုဘာထင်နေလဲ၊ ကျုပ်ကလမ်းဘေးက အကောင်မဟုတ်ဘူး’’ ဟုဆိုပုံဖြစ်သည်။ မိမိဘာသာ မဏ္ဍပ်တိုင်တက်၍ ရပါသည်။ သို့သော် ဤသို့ဆိုသဖြင့် ဆင်းရဲ၍သာ လမ်းဘေးတွင် နေရသွားရ ထမင်းရှာစားရသူ လူတို့ကို ချိုးဖဲ့နှိမ်ရာ ခွဲခြားရာကျပါသည်။ ရာထူးဂုဏ်၊ အာဏာဂုဏ် တစ်ခုခုတော့ မောက်နေမည် ဆိုရတော့မည်။ ‘ဂုဏ်ခံ’ နေပေပြီ။
ကျွန်တော်တို့သည် ဂုဏ်ရှိချင်ကြသလို ဂုဏ်လည်း မငယ်ချင်ကြပါ။ မိဘများက သူတို့အတွက်ကြောင့် သားသမီးများ မျက်နှာမငယ်စေချင်ဟု ခံယူသဘောထား ကြသည်မှာ မချို့တဲ့အောင် ဂုဏ်မငယ်အောင် ဖြစ်ပါသည်။ အချို့အချို့ တို့မှာလည်း သားသမီးမိသား တစ်စု ဂုဏ်မငယ် ဂုဏ်ထည်ကြအောင်ဆိုပြီး လုပ်ရင်းကိုင်ရင်း နေရင်းထိုင်ရင်းက မမှန်မကန် မရိုးမဖြောင့်အလုပ်များ လုပ်မိကြပြန်သောအခါ ငွေတွေတော့ ရှိလာပါသည်။ ထည်ဝါလာပါသည်။ ဂုဏ်ကောင်းတော့ မဟုတ်နိုင်တော့ပေ။
ထိုနည်း၎င်းပါပင်။ နိုင်ငံနှင့်ချီပြောသည့်အခါ အုပ်စိုးသူများသည် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး တစ်ရာ့တစ်ပါး အလယ်၊ ကမ္ဘာ့အလယ်တွင် မျက်နှာမငယ် စေချင်သူများ ဖြစ်ကြသည်ဆိုပါလျှင် ‘အမှန်ပေါ့’ ဟု သဘောတော်ကျ ကြလိမ့်မည်။ သို့သော် တကယ်စိုးမိုး အုပ်ချုပ်ပုံလုပ်ရပ်များက မျက်နှာငယ်စရာများ ဖြစ်နေတတ်ကြပါသည်။ ဂုဏ်ငယ်စရာများ ဖြစ်နေတတ်ကြပါသည်။ စိုးမိုးအုပ်ချုပ်သူတို့သည် အစက ရိုးရိုး၊ နောက်တော့ တစ်မျိုးတိုးတက်သည့် လောကထဲတွင် အစကတည်းက မရိုးခဲ့ပါလျှင် ဟိုလှည့်ဒီလှည့်ဖြင့် မိမိတို့တွင် တကယ့်ဂုဏ်မရှိရာကို လှစ်ပြနေသလို ရှိတတ်ပါသည်။
‘အကယ်ဒမီ’ ခေါ် တက္ကသိုလ်ကို တည်ထောင်ခဲ့သူ ရှေးခေတ်ဂရိဒဿန စာရေးဆရာ ပလေတိုရေးသားခဲ့သည့် ကံထာစာတမ်းများကို မြန်မာစာဆိုကြီး ဆရာဇော်ဂျီ ဘာသာပြန်ဆို ပေးခဲ့သည်။ ပလေတိုနိဒါန်းစာအုပ် ကျေးဇူးကြောင့် ဂရိဒဿနဆရာကြီး ဆိုကရေးတီး၏ ဂုဏ်သိက္ခာသဘော သိရအောင် စူးစမ်းမေးမြန်းပုံကို ဖတ်ရှုကာ အသိဗဟုသုတ ရပါသည်။ ဆိုကရေးတီးသည် ဆိုဖီဆရာများလို စကားလုံးများဖြင့် သမားဂုဏ်ပြကာ ထင်ပေါ်ကျော်ကြားမှုနှင့် ငွေရှာစားသူမဟုတ်။ အပေါ်ယံမဟုတ်သော ဆင်ခြင်တုံဂုဏ်အစစ်ကို ရစေချင်သူ ဖြစ်ပါသည်။
‘ဂုဏ်သိက္ခာဟူသည် လောက၌ အကောင်းဆုံးကိုရအောင် တရားသဖြင့် စွမ်းဆောင်နိုင်သော အရည်အချင်းဖြစ်၏’ ဟု ကောက်ယူနိုင်အောင် ဆင်ခြင်သိရှိနိုင်အောင် ဆိုကရေးတီးက ဂရိသီဆလိမြို့သား မီနိုအမည်ရှိသည့် ပဒေသရာဇ်သူကြွယ် လူလတ်တစ်ယောက်နှင့် ဆွေးနွေးမေးမြန်း ပြောဆိုချက်များ ဖြစ်သည်။ သူကြွယ်လူရွယ်မီနိုကပင် စတင်ပြီး ဂုဏ်သိက္ခာသည် သင်ယူ၍ရသလား၊ ကျင့်ယူ၍ရသလား ဆိုကရေးတီးကို ဖြေပါဟု မေးရာက အဆင့်ဆင့်စစ်မေးရင်း တွေးဆဖွယ်ရာများနှင့် အဆုံးတွင် ‘ဂုဏ်သိက္ခာသဘောသည် အကောင်းဖြစ်အောင် ပြုနိုင်သော အရည်အချင်း’၊ ‘သဒ္ဓမ္မပါလျှင် ဂုဏ်သိက္ခာသဘောဖြစ်၍ သဒ္ဓမ္မ မပါလျှင် ပါပသဘောဖြစ်သည်’ ဟူသော အဆိုအထိ ရောက်ခဲ့ပုံကို မှတ်သားရပါသည်။ သဒ္ဓမ္မမှာ သူတော်ကောင်း တရားဖြစ်ပြီး ပါပမှာ မကောင်းမှု ဖြစ်သည်။
ဤတွင် ‘ဂုဏ်’ ၌ ‘သိက္ခာ’ ပါလာပါသည်။ ‘သိက္ခာ’ သည် အကျင့်သီလဖြစ်သည်။ ဂုဏ်ဟူသော အရည်အချင်းကို အကျင့်သီလဖြင့် စောင့်ထိန်းယူရမည်ဟု ဆင်ခြင်ရန်ဖြစ်ပါသည်။ မြန်မာမှု မြန်မာဗုဒ္ဓဘာသာ ရဟန်းရှင်လူတို့သည် သီလ၊ သမာဓိ၊ ပညာဟူ၍ သိက္ခာသုံးရပ်ကို အထူးအားဖြင့် ရဟန်းတို့က စောင့်ထိန်းရသည့် ကျင့်ဝတ်ဖြစ်ပြီး သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို အမွန်အမြတ် ထားကြပါသည်။ အကြီးအမှူး လူကြီးများလည်း ဖြည့်ကျင့်ကြပါသည်။ ထိုဂုဏ်တို့ကိုရအောင် ရောက်အောင်မှာ အခြေခံသည် စိတ်ထားရိုးဖြောင့် တည်ကြည်မှု ဖြစ်ပါသည်။
နိုင်ငံတော်ချစ် သတင်းစာဆရာကြီး နိုင်ငံရေးသမားကြီး ဂျာနယ်ကျော်ဦးချစ်မောင်ကို မတင်တင် (နောင်အခါဇနီး) ကမေး၍ ဦးချစ်မောင်က ပြန်ဖြေထားသော အမေးအဖြေ စကားနှစ်ခွန်းကို ဂျာနယ်ကျော်မမလေး၏ ဂန္ထဝင်ဝတ္ထုကြီး ‘သူလိုလူ’ ထဲတွင် ဖတ်မိပြီး စွဲနေမိသည်။
‘ဦးချစ်မောင် လောကမှာ ဂုဏ်အမျိုးမျိုး ရှိတယ်။ ဘယ်ဂုဏ်ဟာ အကောင်းဆုံးလဲ။ ဘယ်ဂုဏ်ကို အနှစ်ခြိုက်ဆုံးလဲ။ ဘယ်ဂုဏ်ကို ရွေးချယ်ကျင့်နေသလဲ’။
‘ကျွန်တော်တော့ ရိုးဂုဏ်ကိုကြိုက်ပါတယ်။ မြန်မာများဟာ ရိုးဂုဏ်လိုနေပါတယ်။ ဘာသာကောင်းပါလျက် အကျင့်ပျက်နေကြပါတယ်။ လောကမှာ စိတ်ပျော်မွေ့ဖွယ်ရာ အကောင်းဆုံးဟာ လူရိုးလူကောင်းတစ်ယောက် ဖြစ်အောင်လုပ်တာ ကြိုးစားတာ ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီလို လူရိုးလူကောင်း တစ်ယောက်ဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်ရတာ မလွယ်လှကြောင်းကိုလည်း ကျွန်တော်သိပါတယ်။ မလွယ်သော်လည်း မဖြစ်နိုင်တာ မဟုတ်လို့ ကြိုးစားပြီး လူရိုးလူကောင်း တစ်ယောက်ဖြစ်အောင် ကျင့်မယ်လို့ ကြံပါတယ်’။
ရိုးသားမှုနှင့် အရှက်အကြောက်ကြီး၊ သိက္ခာကြီးလှသဖြင့် ရင်းနှီးသူမိတ်ဆွေများကပင် ‘ဘုန်းကြီး’ ဟု ခေါ်ခဲ့ကြရသော ဂျာနယ်ကျော်ဦးချစ်မောင်ကိုယ်တိုင် မလွယ်လှဟု ဆိုပါသည်။ သို့သော် ထိုပုဂ္ဂိုလ်ကပင် နေပြသွားခဲ့သည်မှာ အများက သိရှိကြပြီးဖြစ်ပါမည်။ အထူးပြောစရာက ကျွန်တော်တို့တွင် လိုနေသော ဂုဏ်ကိုရယူကြဖို့သာဟု ပြောရပါမည်။
ရိုးဂုဏ်မရှိဘဲ တခြားဂုဏ်တို့ မောက်နေသည့်အခါ အမှန်ကိုဝေဖန် ပြောကြားခံရတော့ အရပ်စကားပြောရလျှင် စိတ်ဆိုးပြီး ဒေါသထွက်ပြီး ရှက်ရမ်းရမ်းတာလည်း ရှိသေးသည်။
‘ခင်ဗျားတို့ ပြောနေတာတွေ ကျုပ်က ဂရုစိုက်မှာ မဟုတ်ဘူး။ ခင်ဗျားတို့ ဘာလုပ်လုပ် ကြောက်မယ်မထင်နဲ့’ ဆိုသည့် စကားမျိုးဖြင့် ရမ်းတာဖြစ်သည်။ တစ်ဖက်အိမ် တစ်ဖက်ခြံက ဝေဖန်ပြောဆိုသည်ကို မခံချင်ဦး၊ ရွာနှင့် မြို့နှင့် လူ့အဖွဲ့အစည်း ဝန်းကျင်နှင့်မို့ ဂရုမစိုက်ဘူး၊ ကြောက်မှာမဟုတ်ဘူးဟု မရမ်းသင့်ပေ။ ကိုယ့်အိမ်ကိုယ့်ခြံထဲ အတူရှိသည့် မိသားစုနှင့် ဝန်းကျင်ကို သတိပြုကာ ‘တစ်နွယ်ငင် တစ်စင်ပါ’ စကားပုံကို ဦးနှောက် သတိရဖို့ကောင်းသည်။ ‘ဂုဏ်မောက်တာဟာ လူမိုက်ရဲ့ဟန်ပေါ့’ ဟုဆရာတစ်ဦးက ဆုံးမဖူးပါသည်။
‘ပလေတိုနိဒါန်း’ ကို ကျွန်တော်တို့ ဖတ်ရှုခွင့်ရအောင် ကြိုးပမ်းပေးခဲ့သော ဆရာဇော်ဂျီသည် ကဗျာတစ်ပုဒ်ဖြင့်လည်း ကျွန်တော်တို့ကို နားဝင်ချိုထား ခဲ့ပါသေးသည်။
ဂုဏ်အလှ
ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း
မင်း၏သားငယ် သက်နှစ်ဆယ်သည်
ဘယ်ဂုဏ်မျိုးကို ကြိုက်သနည်း။
 
ရွှေဂုဏ် ငွေဂုဏ် ရာထူးဂုဏ်သည်
လူ့ဘုံလောက အကာမျှတည့်
သူကငြူစူ၊ မကြည်ဖြူ၍
ခွာယူလိုက ခွာ၍ရ။
 
ရိုးဂုဏ်ဖြောင့်ဂုဏ်၊ ယဉ်ကျေးဂုဏ်သည်
လူ့ဘုံလောက၊ နှစ်သာရတည့်
သူကငြူစူ၊ မကြည်ဖြူလည်း
ခွာယူမရ ကွာမကျ။
ဇော်ဂျီ
 
စာကိုး   - ပလေတိုနိဒါန်း၊ ဇော်ဂျီ
          - သူလိုလူ၊ ဂျာနယ်ကျော်မမလေး
          - ကဗျာပေါင်းချုပ်သစ်၊ ဇော်ဂျီ
          - မြန်မာအဘိဓာန်