ဖွဲ့စည်းပုံပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံ သဘောတူညီမှုဖြင့် ပြင်ဆင်ရန်နှင့် ၅၉ (စ) အား အရည်အချင်းပြည့်စုံသူတိုင်း ပါဝင်ယှဉ်ပြိုင်မှုပြုလုပ်နိုင်ရန် ပြင်ဆင်သင့်ကြောင်း တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး

ဖွဲ့စည်းပုံပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံ သဘောတူညီမှုဖြင့် ပြင်ဆင်ရန်နှင့် ၅၉ (စ) အား အရည်အချင်းပြည့်စုံသူတိုင်း ပါဝင်ယှဉ်ပြိုင်မှုပြုလုပ်နိုင်ရန် ပြင်ဆင်သင့်ကြောင်း တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး
Published 23 June 2015
စိုးမင်းထိုက်၊ ကျော်ဇင်ဝင်း၊ မျိုးမင်းထက်

ဖွဲ့စည်းပုံပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံ သဘောတူညီမှုဖြင့် ပြင်ဆင်ရန်နှင့် ပုဒ်မ ၅၉ (စ) အား အရည်အချင်းပြည့်စုံသူတိုင်း ပါဝင်ယှဉ်ပြိုင်မှုပြုလုပ်နိုင်ရန် ပြင်ဆင်သင့်ကြောင်း တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။
 
ဇွန် ၂၃ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆ (က) နှင့် ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ် လေးဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ငါးဦး၊ တပ်မတော်သား ကိုယ်စားလှယ်တစ်ဦး၊ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ငါးဦးတို့ ဆွေးနွေးခဲ့ကြသည်။
 
ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပေါ်လျှံလွင်က ပုဒ်မ ၄၃၆ (က) တွင် ပါရှိသည့် ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် သဘောတူမှသာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ထောက်ခံမှုဖြင့်ဟု ပြဋ္ဌာန်းထားချက်အား ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ သုံးပုံ နှစ်ပုံ ဆန္ဒမဲဖြင့် ပြင်ဆင်ရန်ဖြစ်ကြောင်း၊ ဥပဒေကြမ်းပူးပေါင်းကော်မတီကမူ ရာခိုင်နှုန်း ၇၀ အောက်မလျော့ဟု ပြင်ဆင်ထားကြောင်း ဆွေးနွေးသည်။
 
မူလပြဋ္ဌာန်းချက်အရ ၇၅ ရာခိုင်နှုန်းကျော်ရရှိရန်မှာ တပ်မတော်သားကိုယ်စားလှယ်တစ်ဦးဦးက မဲပေးမှသာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်သားကိုယ်စားလှယ်များအနေဖြင့် မိမိဆန္ဒအလျောက် ဆန္ဒမဲပေးပိုင်ခွင့် ရရှိသူများမဟုတ်ကြောင်း၊ အထက်အမိန့်ရရှိသည့်အတိုင်း ဆန္ဒမဲပေးကြရသည်ဟု ယူဆနိုင်ကြောင်း၊ ထိုသို့ဆိုပါက ပြည်ထောင်စုလွှတ်တော်၌ အရေးကြီးသည့် ဥပဒေများအဆုံးအဖြတ်ပေးရာတွင် အရွေးခံကိုယ်စားလှယ်များ၏ သဘောဆန္ဒအတိုင်း မဟုတ်ဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သဘောဆန္ဒအတိုင်းဖြစ်သည်ဟု ပြော၍ရကြောင်း၊ ပြည်ထောင်စုလွှတ်တော်ကို တပ်မတော်က လွှမ်းမိုးသကဲ့သို့ ဖြစ်သည်ဟု ယူဆနိုင်ကြောင်း၊ ထို့အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်အစား သုံးပုံနှစ်ပုံ၏ သဘောတူညီမှုဖြင့်ဟု ပြင်ဆင်သင့်ကြောင်း ဆွေးနွေးသည်။
 
“ပုဒ်မ ၅၉ (စ) ကို ခေတ်နဲ့အညီ အဘက်ဘက်က စဉ်းစားပြီး အရည်အချင်းပြည့်စုံသူတိုင်း ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်သင့်ပါတယ်။ ဥပဒေရေးရာမှာ လူတစ်ဦးတစ်ယောက်ကို ရည်ရွယ်ရေးဆွဲခြင်း မသင့်တော်သလို ပြင်ဆင်တဲ့နေရာမှာလည်း လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အခွင့်အရေးတစ်ခုကို ရည်ရွယ်ပြင်ဆင်ခြင်းမျိုးမဟုတ်ဘဲ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအကျိုးအတွက် အဓိကထားကာ တရားမျှတစွာ ပြင်ဆင်သင့်ပါတယ်”ဟု ဦးပေါ်လျှံလွင်က ဆွေးနွေးသည်။
 
ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီမှ ဒေါ်နန်းစေအွာက ပုဒ်မ ၄၃၆ ပြင်ဆင်ရန်အတွက် ၁၉၄၇ နှင့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံများတွင် ရွေးကောက်ခံ လွှတ်တော်အမတ်များသာ လွှတ်တော်ထဲတွင်ရှိကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံတွင်မူ မြို့နယ်အသီးသီးက ရွေးချယ်သည့် လွှတ်တော်အမတ်များအပြင် ၂၅ ရာခိုင်နှုန်းရှိသည့် တပ်မတော်သားများပါဝင်နေကြောင်း၊ ယခုပြင်ဆင်မှုတွင် ၂၅ ရာခိုင်နှုန်းကိစ္စ မပါဝင်သည့်အတွက် ဆွေးနွေးခြင်းမပြုတော့ကြောင်း ဆွေးနွေးသည်။
 
ဒေါ်နန်းစေအွာက“လက်ရှိမှာတော့ ရွေးကောက်ခံ လွှတ်တော်အမတ်အားလုံးပေါင်းက ၇၅ ရာခိုင်နှုန်းပဲ ရှိတာပါ။ ဒီထဲမှာ အကြောင်းအမျိုးမျိုးကြောင့် လွှတ်တော်မှာ အမတ်တွေ ရာနှုန်းပြည့် မတက်နိုင်ပါဘူး။ ဒါကြောင့် ဖွဲ့စည်းပုံပြင်မယ်ဆိုရင် ဒီမိုကရေစီကျင့်စဉ်အရ ရာခိုင်နှုန်း ၅၀ ထက်ကျော်ပါက ပြင်ဆင်ရမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီမိုကရေစီသက်တမ်းက နုပါသေးတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံ သို့မဟုတ် ၆၅ ရာခိုင်နှုန်းဆိုရင် ပြင်ဆင်ဖို့ လွယ်ကူစေမှာဖြစ်ပါတယ်လို့ ယူဆပါတယ်”ဟု ဆွေးနွေးသည်။
 
ဖွဲ့စည်းပုံပြင်ဆင်ရန်အတွက် ပုဒ်မ ၄၃၆ (က) တွင် ရာခိုင်နှုန်း ၇၀ ဟု အတည်ပြုခဲ့ပါက ဖွဲ့စည်းပုံပြင်ဆင်ရန်အတွက် ရာခိုင်နှုန်း ၇၀ ရရန် သိပ်မသေချာကြောင်း၊ ရာခိုင်နှုန်း ၇၀ ကို အတည်ပြုခဲ့ပါက ပြင်၍ရနိုင်သည့် အခြေအနေတစ်ခုတော့ ရောက်လာနိုင်ကြောင်း၊ သုံးပုံနှစ်ပုံ၏ သဘောတူညီမှုဖြင့်ဟု ပြင်ဆင်သင့်ကြောင်း၊ လာမည့်ကာလများတွင်ဖြစ်နိုင်ကြောင်း၊ ပုဒ်မ၄၃၆ ပြင်ဆင်ရန်အတွက် လက်မှတ်ရေးထိုး တောင်းဆိုထားသည့် ပြည်သူ ငါးသန်းကျော်၏ဆန္ဒကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း၊ ပြည်သူများ ကြိုက်နှစ်သက်သည့် ဖွဲ့စည်းပုံဖြစ်ရန် လိုအပ်ကြောင်း၊ သမ္မတရာထူးအတွက် ရွေးချယ်ရာတွင် ပြည်သူများက ရွေးချယ်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များထဲကသာ ရွေးချယ်သင့်ကြောင်း ဒေါက်တာအေးမောင်က သုံးသပ်သည်။
 
“သမ္မတရွေးချယ်ရာမှာ တပ်မတော်အနေနဲ့နဲ့လည်း ပြည်သူက ရွေးချယ်ထားသူကိုသာ ရွေးချယ်သင့်ပါတယ်။ ပုဒ်မ ၄၃၆ (က) ကို ပြုပြင်ပြောင်းလဲနိုင်ဖို့ လိုပါတယ်။အဲဒီလိုမလုပ်နိုင်ဘူးဆိုရင် ပြည်သူကို အကျဉ်းချထားသလိုဖြစ်နေမယ်”ဟု ဒေါက်တာအေးမောင်က ဆွေးနွေးသည်။
 
 

Most Read

Most Recent