တရုတ်မှ ခြံစည်းရိုး ကျူးကျော်နေခြင်းကို ဦးစွာဖြေရှင်းခြင်းမပြုဘဲ ဝင်၊ ထွက် ဂိတ်ထပ်မံဖွင့်လှစ်ခွင့်ပြုပါက ကျူးကျော်နေခြင်းကို အသိအမှတ်ပြုသလိုဖြစ်နေကြောင်း စီးပွားကူးသန်းဒုဝန်ကြီး ပြောကြား

တရုတ်မှ ခြံစည်းရိုး ကျူးကျော်နေခြင်းကို ဦးစွာဖြေရှင်းခြင်းမပြုဘဲ ဝင်၊ ထွက် ဂိတ်ထပ်မံဖွင့်လှစ်ခွင့်ပြုပါက ကျူးကျော်နေခြင်းကို အသိအမှတ်ပြုသလိုဖြစ်နေကြောင်း စီးပွားကူးသန်းဒုဝန်ကြီး ပြောကြား
Published 23 June 2015
ကျော်ဇင်ဝင်း၊ မျိုးမင်းထက်

တရုတ်နိုင်ငံဘက်မှ ခြံစည်းရိုးကျူးကျော်နေခြင်းကို ဦးစွာဖြေရှင်းခြင်းမပြုဘဲ နယ်စပ် ဝင်၊ ထွက်ဂိတ် ထပ်မံဖွင့်လှစ်ခွင့်ပြုပါက တရုတ်ဘက်မှ  ခြံစည်းရိုးကျူးကျော်နေခြင်းကို အသိအမှတ်ပြုသလိုဖြစ်နေပြီး မြန်မာပိုင်နယ်မြေများ ဆုံးရှုံးနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားသည်။
 
ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းက နေပြည်တော်တွင် ဇွန် ၂၂ ရက်က ပြုလုပ်သေည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဘိုးအောင်၏ မေးခွန်းအား ဖြေကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
 
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဘိုးအောင်က “မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်၊ ဟိုဆောင်နယ်မြေတွင် နယ်စပ်ဝင် ထွက်ပေါက်  ဂိတ်တစ်ခု ထပ်မံဖွင့်လှစ်ပေးနိုင်ရန် မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်း” နှင့်ပတ်သက်၍ မေးမြန်းခဲ့ခြင်းဖြစ်သည်။
 
“အဆိုပါ နယ်စပ်ဂိတ် ဖွင့်လှစ်လိုသည့် နယ်နိမိတ်မှတ်တိုင် အမှတ်  ၈၂ နှင့် ၈၃ အကြား နယ်နိမိတ်မျဉ်း သွယ်တန်းမှုကို နှစ်ဘက်မြေတိုင်း ကျွမ်းကျင်သူများမှ ပူးတွဲကွင်းဆင်းစစ်ဆေးခဲ့ပြီးတော့ အဆိုပါ နယ်နိမိတ်မှတ်တိုင် နှစ်တိုင်ကြားမှာ တရုတ်နိုင်ငံဘက်မှ တည်ဆောက်ထားတဲ့ ခြံစည်းရိုးဟာ နှစ်နိုင်ငံနယ်နိမိတ်မျဉ်းမှ တစ်ဖက်တစ်ချက်စီ အခိုင်အမာ အဆောက်အဦမဆောက်လုပ်ရ ဇုန် ၁၀ မီတာ အတွင်းသာမက နယ်နိမိတ်မျဉ်းကိုကျော်၍ မြန်မာပိုင်နယ်နိမိတ်အတွင်းသို့ ကျူးကျော်ကျရောက်နေကြောင်း၊ ထိုသို့ ကျော်လွန်နေ တဲ့ အစိတ်အပိုင်းတွေကို ဖယ်ရှားဖျက်ပေးရန် တရုတ်ဘက်သို့ သံတမန်လမ်းကြောင်းမှတစ်ဆင့် ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နှင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ  ၁၆ ရက်တို့မှာ အကြောင်းကြား ကန့်ကွက်ခဲ့ပြီးဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းက ရှင်းလင်းပြောကြားသည်။
 
၎င်းက “တရုတ်ဘက် ခြံစည်းရိုးကျူးကျော်နေခြင်းကို ဦးစွာဖြေရှင်းခြင်းမပြုဘဲ ဝင်၊ ထွက်ဂိတ် ဖွင့်လှစ်ခွင့်ပြုပါက တရုတ်ဘက်မှ ခြံစည်းရိုးကျူးကျော်နေခြင်းကို အသိအမှတ်ပြုသလိုဖြစ်နေပြီး မြန်မာပိုင်နယ်မြေများ ဆုံးရှုံးနိုင်ပါတယ်” ဟု ဆက်လက်ပြောကြားသည်။
 
“ မြန်မာဘက်သို့ ကျူးကျော်နေသည့် ခြံစည်းရိုးနှင့် အဆောက်အဦ မဆောက်လုပ်ရဇုန် ၁၀ မီတာအတွင်း ကျရောက်နေတဲ့ ခြံစည်းရိုးအားလုံးကို နယ်နိမိတ်စာချုပ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ တရုတ်ဘက်မှ ဖျက်သိမ်းပေးပြီး အဆိုပါဒေသရှိ  နယ်နိမိတ်မျဉ်းကြောင်းနှင့် ယင်းနယ်နိမိတ်မျဉ်း၏ တစ်ဖက်တစ်ချက် အဆောက်အဦမဆောက်လုပ်ရဇုန် ၁၀ မီတာနေရာကို နှစ်နိုင်ငံဗဟိုအဆင့်မြေတိုင်းကျွမ်းကျင်သူများမှ ပူးတွဲကွင်းဆင်းတိုင်းတာ သတ်မှတ်ပြီးမှသာ ဝင်၊ထွက်ပေါက် ဂိတ်ဖွင့်လှစ်ရေးကို စဉ်းစားသင့်ပါတယ်။ ဒါ့အပြင် မြန်မာ-တရုတ် နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်အား ပြင်ဆင်ခြင်း၊ ဖြည့်စွက်ချုပ်ဆိုခြင်း သို့မဟုတ် စာချုပ်အသစ် ထပ်မံချုပ်ဆိုခြင်းတို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်”ဟု ဒေါက်တာပွင့်ဆန်းက ဆိုသည်။
 
ဟိုဆောင်နယ်မြေတွင် နယ်စပ်ဝင်ထွက်ပေါက်တစ်ခု ထပ်မံဖွင့်လှစ်ပေးရန်ကိစ္စမှာ အကျိုးရှိနိုင်ပြီး ဆောင်ရွက်သင့်သော်လည်း နယ်နိမိတ်ညှိနှိုင်းရေးကိစ္စရပ်များမှာ ယခုထက်တိုင် သဘောတူညီမှုမရရှိသေးသည့်အတွက် နိုင်ငံရေး၊ ကာကွယ်ရေးကဏ္ဍဆိုင်ရာအနေဖြင့် အရေးကြီး၍ ညှိနှိုင်းရေးကိစ္စအား နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပြီးပြတ်အောင် ဆောင်ရွက်ပြီး သဘောတူညီချက်ရရှိပြီးမှသာ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဒေါက်တာပွင့်ဆန်းက ပြောကြားသည်။
 

Most Read

Most Recent