နေပြည်တော်တွင် ကျင်းပသည့် CLMV ထိပ်သီးအစည်းအဝေးတွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရန် ဆွေးနွေး

နေပြည်တော်တွင် ကျင်းပသည့် CLMV ထိပ်သီးအစည်းအဝေးတွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရန် ဆွေးနွေး
Published 22 June 2015
ဇေယျာနန္ဒ

ဇွန်၂၂ ရက်က နေပြည်တော်တွင် စတင်ကျင်းပသည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် (CLMV) ထိပ်သီး အစည်းအဝေးတွင် ဒေသတွင်း နိုင်ငံများအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ဖွံ့ဖြိုးမှု ကွာဟချက် ကျဉ်းမြောင်းစေရေး လုပ်ဆောင်ချက်များကို ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း (၇)ကြိမ်မြောက် CLMV  ထပ်သီးအစည်းအဝေး ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါ ထိပ်သီးအစည်းအဝေးတွင် CLMV နိုင်ငံများအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး၊ အိမ်နီးချင်းကောင်း ပီသမှုနှင့် အပြန်အလှန် အကျိုးစီးပွားတိုးမြှင့်စေရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားရန်နှင့် အရှေ့တောင်အာရှ ဒေသအတွင်း ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှု ရှိစေရန်အတွက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာလာစေရန် ကတိပြုခဲ့ကြသည်။
ထို့အပြင် ၂၀၁၅ ခုနှစ်အကုန်တွင် အာဆီယံ အသိုက်အဝန်း တည်ထောင်ရန် ကြိုးပမ်းလျက်ရှိသော ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရန်အတွက် ၂၀၁၃ ခုနှစ် လာအိုနိုင်ငံတွင် ကျင်းပခဲ့သည့် CLMV ထိပ်သီး အစည်းအဝေးမှ ချမှတ်ခဲ့သည့် စီမံကိန်းများ၏ ဆောင်ရွက်နေမှု အခြေအနေများကို ပြန်လည်သုံးသပ် ခဲ့ကြသည့်အပြင် အနာဂတ် CLMV  ပူးပေါင်းဆောင်ရွက်ရေး မျှော်မှန်းချက်များအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြသည်။
CLMV လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ရာတွင် အဖွဲ့ဝင်နိုင်ငံများမှ ကဏ္ဍအလိုက် ကြုံတွေ့ရသည့် အခက်အခဲများ၊ အတားအဆီးများကို အသိအမှတ်ပြုခဲ့ပြီး ရှေ့လာမည့် စီမံကိန်းများအတွက် CLMV စီးပွားရေး ဝန်ကြီးများ၏ အကြံပြုချက်များကို ထောက်ခံအတည်ပြုခဲ့သည်။
ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးရာတွင် CLMV နိုင်ငံများအတွင်းနှင့် နိုင်ငံရပ်ခြားရှိ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဖွဲ့များအပါအဝင် အဖွဲ့ဝင် နိုင်ငံအချင်းချင်းကြား တည်ရှိပြီး သဘောတူညီချက်များအားလုံး အကောင်အထည်ဖော်ရေး ကတိပြုခဲ့ကြသည်။
ထို့ပြင် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလာရေးနှင့် သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့ စေရန်အတွက် Stop Inspection ဝန်ဆောင်မှုကွန်ရက်တစ်ခု ပေါ်ထွန်းလာစေရေးအတွက် CLMV နိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်များတွင် တိုးချဲ့ဖော်ဆောင်သင့်ကြောင်း သဘောတူညီခဲ့ကြသည်။
CLMV ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် နိုင်ငံခေါင်းဆောင်များနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ကို တွေ့ရစဉ်
CLMV နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး သဘောတူညီချက်၊ အာဆီယံပြတင်း တစ်ပေါက်စနစ်၊ အာဆီယံ အကောက်ခွန်ဆိုင်ရာတစ်ဆင့် ဖြတ်သန်းသွားလာမှုစနစ်နှင့် CLMV နိုင်ငံများမှ လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်များကို အကောင်အထည် ဖော်ဆောင်ရန်လည်း သဘောတူညီခဲ့ကြသည်။
စိုက်ပျိုးရေး၊ စက်မှု၊ စွမ်းအင်၊ ဆက်သွယ်ရေးကဏ္ဍ၊ သတင်းအချက်အလက်နှင့် နည်းပညာ ပူးပေါင်းဆောင်ရွက် မှုတွင်လည်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေး ထွက်ကုန်များ ထုတ်လုပ်ရေး၊ သုတေသနနှင့် အပြီးသတ်ထုတ်လုပ်မှု လုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ဓာတ်သတ္တုရှာဖွေ တူးဖော်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ရေအားလျှပ်စစ် ထုတ်လုပ်ရေး၊ သဘာဝလောင်စာဆီနှင့် ဓာတ်ငွေ့ရှာဖွေရေး၊ ဆက်သွယ်ရေးဆိုင်ရာ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝန်ဆောင်မှု လုပ်ငန်းများ အပါအဝင် အရေးပါသည့် နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ရေးအတွက် အခြေအနေကောင်းများ အပြန်အလှန် ဖန်တီးရန် CLMV ထိပ်သီးအစည်းအဝေးတွင် သဘောတူညီခဲ့ကြသည်။
ထို့ပြင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပုဂ္ဂလိကကဏ္ဍ၏ အရေးပါမှုကို ထည့်သွင်းစဉ်းစား သောအားဖြင့် CLMV လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် ပုဂ္ဂလိကကဏ္ဍမှ တက်ကြွစွာ ပါဝင်ဆောင်ရွက်မှုကို အားပေးရန် သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။
ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်အသီးသီးအား တာဝန်ယူလျက်ရှိသော လုပ်ငန်းအဖွဲ့များမှ ပုံမှန်အစည်းအဝေးများ ခေါ်ယူကာ မိမိတို့ တာဝန်ယူထားသည့် ကဏ္ဍများအောက်ရှိ စီမံကိန်းများ အကောင်အထည်ဖော်မှု ထိရောက်စေရန် စဉ်ဆက်မပြတ် ညှိနှိုင်းဆွေးနွေးရန်လည်း CLMV ထိပ်သီးအစည်းအဝေးက တိုက်တွန်းခဲ့ကြောင်း ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
ဇွန် ၂၂ ရက်က နေပြည်တော်တွင် ကျင်းပသည့် (၇)ကြိမ်မြောက် CLMV ထိပ်သီး အစည်းအဝေးနှင့်အတူ (၆) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေးလည်း စတင်ကျင်းပခဲ့ပြီး CLMV ထိပ်သီးအစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံခေါင်းဆောင် များအပြင် အာဆီယံ အတွင်းရေးမှူးချုပ် လီလောင်မင်းလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
 

Most Read

Most Recent