အခြေခံ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရန် အရပ်ဘက် အဖွဲ့အစည်းများအား NLD ဖိတ်ခေါ်

အခြေခံ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရန် အရပ်ဘက် အဖွဲ့အစည်းများအား NLD ဖိတ်ခေါ်
Published 17 June 2015
ဇာလီမြင့်ဦး

အခြေခံမဲ ဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် လုပ်ဆောင်သည့် လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရန် အရပ်ဘက် အဖွဲ့အစည်းများအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များက ပြောကြားသည်။ဇွန် ၁၇ ရက်က ရန်ကုန်မြို့ ဒိုင်းမွန်းကွန်ဒို၊ စကားဝါခန်းမ၌ ပြုလုပ်သော ၂၀၁၅ ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်း စိစစ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲတွင် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။အဆိုပါ ဆွေးနွေးပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များဖြစ်သည့် ဦးဝင်းထိန်၊ ဦးညီပု၊ ဦးထွန်းထွန်းဟိန် စသူတို့ တက်ရောက်ခဲ့ကြပြီး အရပ်ဘက်အဖွဲ့အစည်း ၅၀ ခန့်မှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုမဲစာရင်းစိစစ်ရေး အဖွဲ့ခေါင်းဆောင် ဦးထွန်းထွန်းဟိန်က “ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ကတော့ မတ် ၃၀ ရက်က ရန်ကုန်မှာ မဲစာရင်း စတင်ကြေညာကတည်းကကို ဒီစိစစ်ရေး စတင်လုပ်ခဲ့တယ်။ ဒီနေရာမှာ အခု မဲစာရင်း ကြေညာပြီး နေရာများက မဲစာရင်းတွေအရတော့ မဲစာရင်းတွေ တအားမှားနေတာ တွေ့ရတယ်။ ဒီတော့ အခုဒီမှာရှိတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ မဲစာရင်းမှန်ကန်ရေး ဘယ်လိုလုပ်ကြမလဲ ဆွေးနွေးချင်တယ်။ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့က အဖွဲ့တွေကို ဒီ့အတွက် ပူးပေါင်းဆောင်ရွက်သွားဖို့ ပြောချင်တယ်” ဟုပြောကြားသည်။NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က “ဒီပွဲဟာ ကျွန်တော်တို့ကနေပြီးတော့ ကမကထလုပ်ပြီး ပြုလုပ်တဲ့ပွဲ ဆိုသော်လည်းပဲ ကျွန်တော်တို့ NLD အတွက် မဲပေးပါလို့ ပြောတဲ့ပွဲ မဟုတ်ဘူး။ NLD အတွက် ဝိုင်းဝန်းပူးပေါင်း လုပ်ကြပါလို့ ပြောတဲ့ပွဲ မဟုတ်ဘူး။၂၀၁၅ ခုနှစ် အရွေ့မှာ ခင်ဗျားတို့ ကျွန်တော်တို့ အနေနဲ့ ဒီလမ်းကြောင်းကို သဘောထားတူညီစွာနဲ့ လုပ်တဲ့နေရာမှာ တိုင်ပင်ဖို့အတွက်၊ နည်းလမ်းရှာဖို့အတွက် ကျွန်တော်တို့ ကျင်းပရခြင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။  ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အောက်ခြေမဲစာရင်း စိစစ်ရေးအဖွဲ့ဝင်များနှင့် အရပ်ဘက် အဖွဲ့အစည်းများ မဲစာရင်းများ မှန်ကန်စေရေး အထောက်အကူပြု ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက်လည်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားချက်များ ပေးသွားမည်ဖြစ်ကြောင်း NLD နာယက ဦးတင်ဦးက ပြောကြားသည်။ဆွေးနွေးပွဲတွင် အခြေခံမဲဆန္ဒရှင်စာရင်း မှားယွင်းမှုများနှင့် ထိုသို့မှားယွင်းမှုများအပေါ် ပြင်ဆင်ဖြည့်စွက်ရန်အတွက် မြို့နယ်၊ ရပ်ကျေး ရွေးကောက်ပွဲ အဖွဲ့ခွဲများသို့ သွားရောက်ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို ဆွေးနွေးခဲ့ကြသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် အခြေခံမဲဆန္ဒရှင်စာရင်းများ ကြေညာရာတွင် အချက်အလက် မှားယွင်းနေမှုများနှင့် ပတ်သက်၍ မိမိတို့ပါတီမှ စိစစ်တွေ့ရှိချက်များကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သလို ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့်လည်း ယခုလဆန်းပိုင်းက တွေ့ဆုံဆွေးနွေးမှုများလည်း ပြုလုပ်ထားကြောင်း သိရသည်။

Most Read

Most Recent