ကျောက်ခေတ်ဦး ယဉ်ကျေးမှုလက်ရာများဖြစ်သည့် ကျောက်လက်နက်များနှင့် နံရံဆေးရေးပန်းချီများကို ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် ကမ်းပါးနီကျေးရွာ၏ မြောက်ဘက် နှစ်မိုင်ကျော်ခန့် အကွာရှိ ပဲဒွေးတောင်ပေါ်၌ တွေ့ရှိ ခဲ့ပြီး ကျောက်ခေတ် အထောက်အထားများအား ဆက်လက်လေ့လာ တူးဖော်မှုများပြု လုပ်သွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဇွန် ၁၅ ရက်က မန္တလေးမြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
ကျောက်ခေတ်ဦး လက်ရာများ ရှာဖွေတွေ့ရှိရာ ဒေသသည် ပြဒါးလင်းဂူ (၁၉၆၁ ခုနှစ်အတွင်းက ကျောက်ခေတ်ဦးလက်ရာများ တွေ့ရှိခဲ့သည်) ၏ အနောက်တောင်ဘက် ခုနစ်မိုင်ခန့်အကွာ ပဲဒွေးတောင်ပေါ်ရှိ ဒေသအခေါ် မြခနောက်(ခ)မြခနောက် ကျောက်မိုးပြင်ပေါ်တွင် နံရံဆေးရေးပန်းချီများကို ရေးဆွဲထားပြီး အနီးဝန်းကျင်မှ ကျောက်လက်နက်များ ရှာဖွေတွေ့ရှိခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံ နေရာအနှံ့တွင် ကျောက်ခေတ်နှင့် ပတ်သက်သည့် ယဉ်ကျေးမှုများ ရှာဖွေတွေ့ရှိရသော်လည်း ကျောက်ခေတ်နှောင်း ယဉ်ကျေးမှုများသာ တွေ့ရှိရကြောင်း၊ ကျောက်ခေတ်ဦး ယဉ်ကျေးမှုမှာ တွေ့ရှိမှုနည်းပါးကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက သုံးသပ်ထားသည်။
“ကျွန်တော်တို့ အသစ်ထပ်မံတွေ့ရှိ ထားတဲ့ ကမ်းပါးနီကျေးရွာအနီးက ကျောက်နံရံဆေးရေးပန်းချီတွေ ရှိတဲ့နေရာကို ဥပဒေနဲ့အညီ ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားမယ်။ သုတေသနပြုလုပ်ပြီး ယခင်တွေ့ရှိထားမှုတွေနဲ့ နှိုင်းယှဉ်လေ့လာမှုတွေ ပြုလုပ်မယ်။ သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့အတူ ထပ်မံပြီးတော့ တူးဖော်လေ့လာမှုတွေ ဆက်ပြီးလုပ်ဆောင်သွားမှာပါ” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြောကြားသည်။
အသစ်ထပ်မံ တွေ့ရှိခဲ့သည့် ကျောက်ခေတ်ဦးလက်ရာများ တည်ရှိရာနေရာကို ထပ်မံလေ့လာ ရှာဖွေမှုများအား ယခုနှစ် ဆောင်းရာသီတွင် စတင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်ခေတ်ဦး လက်ရာများ ထပ်မံတွေ့ရှိခဲ့ရာ ပဲဒွေးတောင်ပေါ်ရှိ ဒေသအခေါ် မြခနောက် (ခ) မြခနောက် ကျောက်မိုးပြင်ပေါ်တွင် ရေးဆွဲထားသည့် နံရံဆေးရေးပန်းချီများကို ယဉ်ကျေးမှုဝန်ကြီးဌာနမှ လက်ရှိအချိန်၌ ကနဦးစမ်းသပ် လေ့လာမှုများ ပြုလုပ်လျက်ရှိပြီး ပန်းချီလက်ရာများကို ဓာတုဗေဒ နည်းစနစ်များဖြင့် ပြန်လည်သန့်စင်မှုများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောက်ခေတ်ဦးလက်ရာများ တွေ့ရှိခဲ့ရာ ကျောက်ဂူနံရံများပေါ်တွင် လာရောက်လေ့လာသူအချို့က အမှတ်တရစာသားများ ရေးသားထားခြင်းကို ယဉ်ကျေးမှုဝန်ကြီးဌာနမှ သတိပေးစာများ ထုတ်ပြန်ပြီး ဥပဒေကြောင်းအရ အရေးယူမှုများပါ ပြုလုပ်သွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
ကျောက်ခေတ်ဦး ယဉ်ကျေးမှုလက်ရာများ တွေ့ရှိခဲ့ရာ ကျောက်နံရံများပေါ်၌ ရေးဆွဲထားသည့် နံရံဆေးရေးပန်းချီ လက်ရာများအား အမှတ် (၁)၊ (၂)၊ (၃) ဟူ၍ ခွဲခြားလေ့လာခဲ့ကြောင်း သိရသည်။
မြခနောက်ကျောက် မိုးပြင်ပေါ်တွင်ရေးဆွဲထားသည့် နံရံဆေးရေး ပန်းချီလက်ရာများ မှာ အနီရောင်ဆေးဖြင့် နှစ်ထပ်ရေးဆွဲထားပြီး အချို့နံရံဆေးရေးပန်းချီများမှာ ပြဒါးလင်းဂူမှ အရုပ်ပုံစံများဖြင့် ဆင်တူနေကြောင်းနှင့် တွေ့ရှိရာဒေသမှာလည်း ပြဒါးလင်းဂူနှင့် ခုနစ်မိုင်ခန့်သာ ကွာဝေးနေခြင်းကြောင့် ကျောက်ခေတ်ကာလအတွင်း ကျောက်ခေတ် လူသားများ ကူးလူးဆက်ဆံမှုများ ရှိနိုင်ကြောင်း သွားရောက်လေ့လာမှုများ ပြုလုပ်ခဲ့သည့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) ရှိ ရှေးဟောင်းပစ္စည်း တူးဖော်ထိန်းသိမ်းရေးနှင့် ကမ္ပည်းကျောက်စာဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က သုံးသပ်ထားသည်။ ထို့ပြင် တွေ့ရှိထားသည့် ကျောက်ခတ်ဦးနံရံဆေးရေး ပန်းချီလက်ရာများမှာ ကျောက်ခတ်လူတို့ နေထိုင်ခဲ့သည့် ဂူများအတွင်း ရေးဆွဲထားခြင်း မဟုတ်ဘဲ နားနေရာ ကျောက်ပြားများပေါ်တွင် ရေးဆွဲထားခြင်းကြောင့် အနီးဝန်းကျင်တွင် ကျောက်ခေတ်လူသားများ နေထိုင်ခဲ့ရာ ဂူများရှိနေနိုင်သေးကြောင်း အဆိုပါ လေ့လာသုံးသပ် ထားချက်များအရ သိရသည်။
အဆိုပါ ကျောက်ခေတ်ဦး လက်ရာနံရံ ဆေးရေးပန်းချီ လက်ရာများကို မြစ်သားမြို့နယ် တောတွင်းကျေးရွာမှ ရွာသား ဦးဝင်းဗိုလ်က လွန်ခဲ့သည့် သီတင်းပတ်အတွင်းက ရွာငံမြို့နယ်အတွင်းရှိ ကမ်းပါးနီကျေးရွာအနီး ကျောက်နံရံတွင် အရုပ်များ ရေးသားထားသည်ကို တွေ့ရှိခဲ့ကြောင်း သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။
ကျောက်ခေတ်နံရံ ဆေးရေးပန်းချီများ တွေ့ရှိခဲ့ရာ အမှတ် (၁) တွင် အမြင့် ၂၂ ပေ၊ အကျယ် ၃၉ ပေရှိ ကျောက်နံရံ၌ ဆင်ရုပ်တစ်ရုပ်၊ လက်ဝါးပုံ နှစ်ရုပ်နှင့် ပျက်နေသော အရုပ်တစ်ရုပ် စုစုပေါင်း လေးရုပ်ဖြစ်ပြီး ဆေးရောင်မှာ နီညိုရောင်များဖြင့် ရေးဆွဲထားပြီး ရာသီဥတုဒဏ်များကြောင့် မှေးမှိန်နေကြောင်း သိရသည်။
နံရံဆေးရေးပန်းချီ အမှတ် (၂) တွင် အမှတ် (၁) ကျောက်တုံး၏ အရှေ့ဘက် ပေ ၅၀ အကွာ၌တည်ရှိပြီး မြွေတစ်ကောင် ပါးပြင်းထောင်နေသည့် ပုံသဏ္ဌာန်ဖြစ်ပြီး တိရ စ္ဆာန်ပုံ တစ်ပုံ၊ လက်ဝါးပုံ သုံးပုံနှင့် မသဲကွဲ သောပုံ နှစ်ပုံကို တွေ့ရှိရကြောင်းသိရပြီး တိရစ္ဆာန်တစ်ကောင်၏ပုံမှာ ပြဒါးလင်းဂူမှ နွားတစ်ကောက်၏ ပုံသဏ္ဌာန်နှင့် တူညီကြောင်း သုံးသပ်ထားသည်။
အဆိုပါ အမှတ် (၂) တွင် ဒေသခံများ နားနေခြင်း၊ မီးဖိုခြင်းတို့ကြောင့် ကျောက်နံရံမှာ မီးခိုးများဖြင့် ဖုံးလွှမ်းနေကြောင်း သိရသည်။
နောက်ဆုံး အမှတ် (၃) ကျောက်တုံးတွင် အရုပ်ပုံတစ်ခုသာ တွေ့ရှိရကြောင်းနှင့် ကျောက်တုံးများ၏ အနီးတွင်လည်း ကျောက်လက်နက်များပါ ထပ်မံတွေ့ရှိခဲ့ရကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်အတွင်း ကျောက်ခေတ်ဦးလက်ရာဟု ယူဆရသည့် ကျောက်လက်နက်များနှင့် နံရံဆေးရေးပန်းချီ လက်ရာများ ရှာဖွေတွေ့ရှိထားမှုအပေါ် ဆက်လက်လေ့လာမည်









