ဆရာလိုအပ်ချက်နှင့် ပညာခေတ်

ဆရာလိုအပ်ချက်နှင့် ပညာခေတ်
Published 6 June 2015
သစ်ထွဋ်

နိုင်ငံတော်တည်ဆောက်ရေးတွင် အရေးကြီးတဲ့အခန်းမှာပါဝင်တဲ့ ပညာရေး ကဏ္ဍမှာရှိနေတဲ့ လိုအပ်ချက်များစွာအနက် အရည်အသွေးပြည့်မီတဲ့ဆရာများ အလုံအလောက်ရှိရေးဟာလည်း ပညာရေးပြုပြင်ပြောင်းလဲရေးအတွက် စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။
 
အရည်အသွေးပြည့်မီပြီး စနစ်ကျတဲ့ ပညာသင်ကြားရေးစနစ်ဖြစ်စေဖို့အတွက်  သင်ကြားပြသတဲ့ ဆရာများဟာ အရေးကြီးတဲ့နေရာကရှိနေပေမယ့် လက်ရှိအချိန်မှာတော့ အခြေခံပညာကဏ္ဍမှာ ဆရာလိုအပ်ချက်ဟာ ကြီးမားနေဆဲဖြစ်ပါတယ်။ ဒီလို ဆရာလိုအပ်ချက်ရှိနေတဲ့နေရာမှာတော့ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် အခြေခံပညာကဏ္ဍတွင် ဆရာလိုအပ်ချက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာအရ သုံးသောင်းခြောက်ထောင်ကျော်အထိ ရှိနေတယ်လို့ သတင်းမီဒီယာမှာ ဖတ်လိုက်ရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်မြို့မှာကျင်းပခဲ့တဲ့ ဆရာလိုအပ်ချက်ခန့်ထားရေးမူဝါဒဆွေးနွေးပွဲက ရရှိတဲ့အချက်အလက်များ ကိုးကားဖော်ပြထားတဲ့ သတင်းဖော်ပြချက်များတွင် ယခုပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအရ ဆရာဦးရေလိုအပ်ချက်မှာ မူလတန်းပြ ၂၄၃၅၉ ဦး၊ အလယ်တန်းပြ ၆၆၁၃ ဦးနဲ့ အထက်တန်းပြ ၅၄၃၁ ဦး လိုအပ်လျက်ရှိတယ်လို့ ပါရှိခဲ့ပြီး လိုအပ်ချက်ရှိနေတဲ့ ဆရာများကို ယခုပညာသင်နှစ်အတွင်း ပြည့်မီအောင် ဆောင်ရွက်သွားမယ်လို့ ပါရှိခဲ့ပါတယ်။
 
နေ့စားလပေး
 
လိုအပ်တဲ့ဆရာများ ဖြည့်ဆည်းရေးကို ဆွေးနွေးရာမှာတော့ အထက်တန်းပြ၊ အလယ်တန်းပြ ဖြည့်ဆည်းခန့်ထားရေးမူဝါဒများနဲ့ မူလတန်းပြ ဖြည့်ဆည်းခန့်ထားရေးမူများအား အသေးစိတ်ဆွေးနွေးခဲ့ပြီး မူလတန်းပြများ ဖြည့်ဆည်းခန့်အပ်ဖို့ကိုတော့ နေ့စားလပေးများအား ခေါ်ယူခန့်အပ်သွားဖို့ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီလိုခေါ်ယူတဲ့ ဆရာများကို အရည်အသွေးပြည့်မီသည့်ဆရာများ ဖြစ်စေရေးအတွက် လေ့ကျင့်ဆောင်ရွက်သွားဖို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ အထူးသဖြင့် လိုအပ်ချက်များတဲ့ မူလတန်းပြ ဖြည့်ဆည်းခန့်ထားရေးမူတွင် လုပ်ခွင်ကြိုမူလတန်းပြ ဆရာအတတ်ပညာသင်တန်းဆင်းများ၊ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်မှ မူလတန်းဆရာဖြစ် သင်တန်းဆင်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရရဲ့ အစီအစဉ်ဖြင့် ကျေးလက်ဒေသရှိ ဆရာလိုအပ်နေတဲ့ ကျောင်းများတွင် ဘွဲ့ရများအား နေ့စားလပေး မူလတန်းပြအဖြစ် ခန့်အပ်ရန်၊ ဝေးလံခက်ခဲတဲ့ ကျေးလက်ဒေသများတွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများကို နေ့စားလပေး မူလတန်းပြအဖြစ် ခန့်ထားဖို့ဖော်ပြပါရှိပြီး ယင်းအချက်အလက်များကိုလည်း ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ သတင်းတွေက ဆိုပါတယ်။
 
ဆရာပြုန်းတီးမှု
 
သိရသလောက် အခုပညာသင်နှစ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အခြေခံပညာကဏ္ဍမှာ မူလတန်းကျောင်းသား ၅၇ သိန်းကျော်၊ အလယ်တန်းကျောင်းသား ၂၈ သိန်းကျော်၊ အထက်တန်းကျောင်းသား ရှစ်သိန်းကျော် တက်ရောက်မှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။ 
 
ဆရာအရေအတွက်ကတော့၂၀၁၄ ခုနှစ်အတွင်းရရှိတဲ့ အချက်အလက်များအရ နေ့စားလပေးဆရာများအပါအဝင် သုံးသိန်းကျော်ရှိနေခဲ့တယ်လို့ ဖတ်ရဖူးပါတယ်။ ဒီအချက်အလက်များအရ မူလတန်းအတွက် လိုအပ်တဲ့ဆရာအရေအတွက်ဟာ အလယ်တန်း နဲ့ အထက်တန်းထက် များစွာကွာခြားနေတာ တွေ့ရပါတယ်။ 
 
ပညာရေးဝန်ကြီးဌာနရဲ့လွှတ်တော်မှာ တင်ပြဆွေးနွေးချက်များအရလည်း မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်နှစ်လျှင် ဆရာရှစ်ထောင်ခန့်မွေးထုတ်ပေးနိုင်သော်လည်း ဆရာပြုန်းတီးမှုမှာလည်း တစ်နှစ်လျှင် ရှစ်ထောင်ခန့်ရှိတယ်လို့ ပါရှိခဲ့ပါတယ်။ 
အဲဒီလို ဆရာအခက်အခဲရှိနေတာကြောင့် အခြေခံပညာကျောင်းများအဆင့် တိုးခြင်း၊ အဆင့်မြှင့်တင်ခြင်းတွေကို အကန့်အသတ်နဲ့သာ ပြုလုပ်နိုင်တယ်လို့ ဆိုပါတယ်။
 
မူလတန်းပညာရေး
 
လိုအပ်ချက်ရှိနေတဲ့ ဆရာအရေအတွက် ဖြည့်ဆည်းဖို့အရေးပါနေသလို အရည်အသွေးပြည့်ဝတဲ့ ဆရာတွေဖြစ်ဖို့ပိုပြီးအရေးကြီးပါတယ်။ အထူးသဖြင့် ပညာသင်ကြားရေးမှာ အခြေခံအုတ်မြစ်ဖြစ်တဲ့ မူလတန်းပညာရေးက အရေးကြီးဆုံးလို့ မြင်မိပါတယ်။ မူလတန်းအရွယ် ကလေးငယ်တွေအတွက် ပညာသင်ယူမှုနဲ့ပတ်သက်ပြီး ပထမဆုံးထိတွေ့ဆက်ဆံရတဲ့ ဆရာတွေရဲ့သင်ကြားပို့ချမှုတွေဟာ ကလေးငယ်တွေရဲ့နောင်လာမယ့် အထက်အဆင့်ဆင့် ပညာသင်ယူမှုများအပေါ်များစွာ သက်ရောက်မှုရှိပါတယ်။ဒါကြောင့်လည်း နိုင်ငံတော်တော်များများမှာ မူလတန်းပညာရေးအတွက် အထူးဂရုပြုစီမံထားတဲ့ အစီအမံတွေ ချမှတ်လေ့ရှိပါတယ်။
 
အဲဒီအစီအမံတွေမှာ ဆရာတွေရဲ့အခန်းကဏ္ဍဟာ အလွန်အရေးပါလှပါတယ်။ သိရသလောက်အချို့နိုင်ငံတွေမှာ မူလတန်းကဲ့သို့ ကလေးငယ်အရွယ်တွေကို ပညာသင်ကြားတဲ့ဆရာတွေဟာ စာသင်ကြားမှု သက်တမ်းကြာမြင့်တဲ့သူတွေကို ဦးစားပေးသင်ကြားစေတာကို တွေ့ရပါတယ်။ ဒါ့အပြင်ကလေးငယ်တွေကို သင်ကြားသူတွေဟာ ကလေးစိတ်ပညာကဲ့သို့သင်ကြားရာမှာ အထောက်အကူပြုစေမယ့် ပညာရပ်တွေကို လေ့လာထားလေ့ရှိကြပါတယ်။ အထူးသဖြင့် ပညာကို စတင်သင်ယူတဲ့အချိန်မှာ ဆရာများရဲ့ပို့ချမှုတွေဟာ ကလေးငယ်တွေရဲ့စိတ်ထဲမှာ စွဲသွားလေ့ရှိတာကြောင့်ဆရာများရဲ့ပညာရပ်ဆိုင်ရာပြည့်ဝမှုက အလွန်အရေးကြီးတယ်လို့ မှတ်ယူထားကြတာ ဖြစ်ပါတယ်။
 
နာသုံးနာနဲ့မလုံလောက်
 
ပညာသင်ကြားရေးမှာ အရေးကြီးတဲ့ ကလေးငယ်တွေ ပညာသင်ကြားရေးဆရာတွေ အရေးကြီးသလို အဲဒီဆရာတွေကို ဘယ်လိုဆရာတွေက သင်မလဲဆိုတာပါ။ ဒီအတွက် ဆရာဖြစ်သင်တန်းတွေဟာ ဆရာတွေ အရည်အသွေးပြည့်ဝရေးအတွက် အလွန်အရေးကြီးတဲ့အခန်းကဏ္ဍမှာ ရှိနေပါတယ်။ 
 
ဆရာဖြစ်သင်တန်းက ဆရာတွေ အရည်အသွေးပြည့်ဝမှုနဲ့ ကောင်းမွန်ခေတ်မီတဲ့ သင်ကြားရေးစနစ်များရှိမှ အရည်အသွေးစံမီတဲ့ ဆရာများကို မွေးထုတ်နိုင်မှာဖြစ်ပါတယ်။ ဆရာတွေ တိုးထုတ်ဖို့ဆိုရာမှာ ဆရာဖြစ်သင်တန်းတွေ ကောင်းမွန်ဖို့လိုသလို ဆရာအလုပ်ကို လုပ်လိုသူတွေများဖို့ကလည်း အရေးကြီးလှပါတယ်။ တကယ်တော့  ပြည်တွင်းမှာ ကျောင်းဆရာတွေ ဘာကြောင့်လိုအပ်နေသလဲ၊ များနေသလဲလို့ ပြန်စဉ်းစားကြည့်ရင် လုပ်ချင်တဲ့သူမပေါလို့ဆိုတာက အဓိကအချက်ဖြစ်ပါတယ်။ ဒါကလည်း ဒီနေ့ခေတ် ကျောင်းဆရာတွေရနေတဲ့ လုပ်ခလစာနဲ့ ဒီနေ့ခေတ် ကုန်ဈေးနှုန်းကို ချိန်ကြည့်ရင် ဘာကြောင့်ကျောင်းဆရာ မလုပ်ချင်ကြသလဲဆိုတာ အဖြေပေါ်မှာပါ။ 
 
လစာခံစားခွင့်နည်းတဲ့ မူလတန်းပြဆရာအလုပ်မှာ ဝင်လုပ်သူနည်းနေတာကို တွေးကြည့်ရင် ဘာကြောင့် ဆရာတွေရှားလာရသလဲဆိုတာ သိလာနိုင်မှာဖြစ်ပါတယ်။ ဒီနေ့ခတ်မှာ ဆရာတွေဟာ စေတနာ၊ အနစ်နာ၊ ဝါသနာဆိုတဲ့ နာသုံးနာနဲ့တင် မလုံလောက်တော့ပါဘူး။ လူနေမှုအထွေထွေကုန်ကျစရိတ်တွေ မြင့်တက်လာနေတဲ့ အချိန်မျိုးမှာ အရင်ကလို စားစရာ၊ ဝတ်စရာ အလုံအလောက်မရှိလည်း ဆရာဆိုတာ စာသင်ရမယ်ဆိုတာမျိုးတွေဟာ ဒီနေ့ခေတ်မှာ အသုံးမဝင်တော့ပါဘူး။ ဒီနေ့ခေတ်ဟာ ပညာခေတ်ပါ။ ပညာကို အသုံးပြုပြီး အသက်မွေးကြရမယ့် အချိန်ဖြစ်တာကြောင့် နိုင်ငံအများစုမှာ ပညာရေးကိုအထူးတလည် ရင်းနှီးမြှုပ်နှံနေကြတာဖြစ်ပါတယ်။ဒီအတွက် နိုင်ငံတိုင်းဟာ ပညာရေးဘတ်ဂျက်တွေကို ပိုသုံးစွဲလာကြပြီး ပညာသင်ကြားရေးမှာ အရေးပါတဲ့ဆရာတွေကို ထိုက်ထိုက်တန်တန် ချီးမြှင့်ပြီးသူတို့ရဲ့ကလေးငယ်တွေကို ပညာမတတ်တတ်အောင် သင်ပေးနေကြပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ ကျောင်းဆရာများရဲ့တစ်နှစ်စာ လစာငွေကုန်ကျစရိတ်ဖြစ်တဲ့ ကျပ် ၄၄ ဒသမ ၄ ဘီလျံဟာ ရှစ်ရက်၊ ၈ နာရီ ၃၁ မိနစ်စာ ဓာတ်ငွေ့ရောင်းရတဲ့ငွေနဲ့ ညီမျှကြောင်း ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းက ပြုလုပ်ခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခုမှာ ယူနီဆက်ဖ်မြန်မာကိုယ်စားလှယ်တစ်ဦးက ထောက်ပြခဲ့ဖူးပါတယ်။
 
ဒီအတွက် မြန်မာနိုင်ငံမှာလည်း အရည်အသွေးပြည့်ဝတဲ့ဆရာတွေ မွေးထုတ်ပေးဖို့လိုသလို ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးဖို့လည်း လိုပါတယ်။ တက္ကသိုလ်ဝင်တန်းအောင်အဆင့်ကို သင်ခိုင်းရင် တက္ကသိုလ်ဝင်တန်းအောင်  အဆင့်ပဲရမှာဖြစ်ပါတယ်။လက်ရှိမှာ ပညာရေးဘတ်ဂျက်ကို ယခင်ထက်တိုးမြှင့်ပေးထားပေမယ့်လည်း ဒေသတွင်းနိုင်ငံအများစုရဲ့ ပညာရေးအသုံးစရိတ်များနဲ့စာရင် နည်းပါးနေဆဲဖြစ်ပါတယ်။ ဒီအတွက် ပညာရေးအသုံးစရိတ်ကို ပိုသုံးဖို့ဆိုရင် ဘတ်ဂျက်ကုန်ကျစရိတ်များစေတဲ့ စစ်ပွဲတွေကို ရပ်ဖို့လိုပါတယ်။နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အခက်အခဲဖြစ်စေတဲ့ ခရိုနီလက်ဝါးကြီးအုပ် စီးပွားရေးပုံစံကို ပြင်ဖို့လိုသလိုမှန်ကန်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာဖို့လိုပါတယ်။ ဒါမှသာနိုင်ငံနဲ့နိုင်ငံသားများအတွက် ကောင်းမွန်တဲ့အလားအလာများ ပေါ်ထွက်စေမှာဖြစ်ပြီး အရည်အသွေးပြည့်မီတဲ့ ဆရာတွေ တိုးပွားလာဖို့အစီအမံကောင်းတွေ ချမှတ်ဆောင်ရွက်လာနိုင်မှာဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။